CNI International News

ဟနွိုင်း၊ စက်တင်ဘာ ၁၃

ဗီယက်နမ်နိုင်ငံတွင် အင်အားပြင်းထန်သည့် တိုင်ဖွန်းမုန်တိုင်း ယာဂီ (Yagi) တိုက်ခတ်ခဲ့ပြီးနောက် သေဆုံးသူ အရေအတွက် ၁၉၉ ဦးအထိရှိလာခဲ့ကာ ပျောက်ဆုံးသူ ၁၂၈ ဦးရှိနေကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ဗီယက်နမ်၏  VN Express  သတင်းစာတွင် ဖော်ပြချက်အရ ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများကြောင့် စက်တင်ဘာ ၁၂ ရက်နေ့အထိ ရရှိထားသည့် သတင်းများအရ လူ ၁၉၉ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၈၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

ဟနွိုင်း (Hanoi) မြို့တော်တွင် မြစ်နီ (Red River) မြစ်မှ ရေများလျှံမှုကြောင့် နေရာဒေသ အများအပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည်။

ရေလွှမ်းမိုးနေသည့် နေရာဒေသများတွင် နေထိုင်သော ဒေသခံများကို စက်တင်ဘာ ၁၀ ရက်က ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပြီး စက်တင်ဘာ ၁၁ ရက်အထိ လျှပ်စစ်ဓာတ်အားများနှင့် သောက်သုံးရေများ ပြတ်လပ်လျက်ရှိ သည်။

ဗီယက်နမ်မှာ မုန်တိုင်းကြောင့် ရေကြီးရေလျှံဖြစ်နေစဉ်

ယာဂီမုန်တိုင်းသည် ဆယ်စုနှစ်များအတွင်း အရှေ့တောင်အာရှတွင် တိုက်ခတ်သည့် အင်အားအပြင်းဆုံး တိုင်ဖွန်း မုန်တိုင်း ဖြစ်ခဲ့သည်။ စက်တင်ဘာ ၇ ရက်က ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ကာ လေတိုက်နှုန်း တစ်နာရီ ၁၄၉ ကီလိုမီတာ (၉၂ မိုင်) ရှိခဲ့သည်။

ထိုမုန်တိုင်းသည် စက်တင်ဘာ ၈ ရက်တွင် အားပျော့သွားသော်လည်း ဒေသတွင်းနိုင်ငံများ၌ မိုးများ ဆက်လက် ရွာသွန်းနေပြီး ရေကြီးမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားနေသည်။

ယာဂီမုန်တိုင်းသည် ဖိလစ်ပိုင်၊ တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံမြောက်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် လာအိုနှင့် မြန်မာနိုင်ငံတို့တွင်ပါ မိုးသည်းထန်စွာ ရွာသွန်းမှုများ၊ ရေလွှမ်းမိုးမှုများ ဖြစ်ပွားနေသည်။

ထိုမုန်တိုင်းကြောင့်  ဖိလစ်ပိုင်တွင် သေဆုံးသူ ၂၀ ၊ တရုတ်တွင် သေဆုံးသူ ၄ ဦး၊ ဗီယက်နမ်တွင် သေဆုံးသူ ၁၉၉ ဦးနှင့် ထိုင်းတွင် သေဆုံးသူ ၈ ဦးရှိခဲ့သည်။

သမုဒ္ဒရာရေများ ပူးနွေးလာမှုက မုန်တိုင်းများကို ပိုမိုအားကောင်းစေခဲ့ကာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု ကြောင့် တိုင်ဖွန်းယာဂီကဲ့သို့ မုန်တိုင်းများသည် ယခင်ကထက် ပိုမိုဆိုးရွား ပြင်းထန်လာခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: အေပီ