CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၇

ယူအေအီး(UAE)နိုင်ငံ ဒူဘိုင်းတွင် အိမ်အကူအလုပ် လုပ်ကိုင်ရန် အေဂျင်စီများမှတဆင့် သွားရောက်ကြသော် လည်း ဒူဘိုင်းတွင် အလုပ်မလုပ်ရပဲ အိုမန်နိုင်ငံသို့ ရောင်းစားခံလိုက်ရသဖြင့် ဒုက္ခရောက်နေသည့် မြန်မာ အမျိုးသမီး ၅၀ ခန့်ရှိကြောင်း ကူညီဆောင်ရွက်ပေးနေသူ ကိုစိုင်းယုမောင်က CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ မြန်မာအမျိုးသမီး ၅၀ ခန့်တွင် အများစုသည် ကရင်လူမျိုးများဖြစ်ပြီး အားလုံးသည်နေရပ် ပြန်ချင်နေကြ ကြောင်း၊ နေရပ်ပြန်မည်ဆိုပါက လျော်ကြေးအဖြစ် အနိမ့်ဆုံး မြန်မာငွေ သိန်း ၅၀ နှင့် အမြင့်ဆုံး မြန်မာငွေ သိန်း ၁၂၀ ခန့် တောင်းကြောင်း အိုမန်နိုင်ငံတွင် အိမ်အကူအလုပ် ဆက်မလုပ်နိုင်သဖြင့် ပြန်လာသူထံကနေ သိရသည်။

ကူညီဆောင်ရွက်ပေးနေသည့် ကိုစိုင်းယုမောင်က “ရောင်းစားခံရတာနဲ့ တူတာပေါ့နော်။ ဘာလို့ဆို လူကုန်ကူး တယ် ရောင်းစားခံရတယ်လို့ သုံးနှုန်းလို့ရတာပေါ့။ ဘာလို့ဆို လုပ်ခကို ခေါင်းပုံဖြတ်တယ်။ သူတို့က သွားတုန်းက အလည်ဗီဇာနဲ့ သွားတာပေါ့။ အလည်ဗီဇာနဲ့ သွားပြီး ဟိုရောက်တဲ့အခါကျတော့မှ အလည်ဗီဇာ မဟုတ်တော့ဘူး။ စာချုပ်တွေချုပ်တယ်၊ ဒါပေမယ့် အလုပ်သမားတွေကို မပေးဘူး။ ပတ်စပို့စ်တွေ သိမ်းတယ်၊ ဗီဇာတွေ သိမ်းတယ်၊ အကုန်လုံး သိမ်းထားတာ။ ထွက်ပြေးလို့လည်း မရဘူး။ တကယ်လို့ ထွက်ပြေးသွားရင်တောင် သူတို့ဆီမှာ ကျန်ခဲ့ တယ်။ ပြီးတော့ သူတို့က ၃ လကျော်သွားရင် overstay ဖြစ်သွားရော။ အလုပ်ရှင်တွေဘက်က သက်တမ်းတိုးပေး တာတွေ မရှိဘူး။ တကယ်လို့ ပြန်မယ်ဆိုရင် သက်တမ်းတိုးရတဲ့ ဒဏ်ကြေးတွေရော၊ လေယာဉ်စရိတ်၊ ပြီးတော့ ၆ လ မပြည့်ခင် ပြန်တယ်ဆို လျော်ကြေးပါ ပေးရမယ်ဆိုပြီး ပြောထားတယ်။ ဒူဘိုင်းကို ခေါ်ပြီးတော့ ဒူဘိုင်းမှာ အိုမန်ကို ပို့တယ်ပေါ့။ အိပ်တဲ့အချိန်က ၃ နာရီ ၅ နာရီလောက်ပဲ ရှိတယ်ပေါ့။ တစ်နေကုန် အလုပ်လုပ်ရတာ။ တချို့ ကောင်မလေးတွေဆို နှိပ်ပေးရတာ။ sexual harassment ပြုခံရတာတွေ အဲဒီလိုဟာမျိုးတွေလည်း ရှိတယ်။ နောက်သူတို့ကို လက်ပါတဲ့ အမျိုးသမီးတွေလည်း ရှိတယ်။ ကိုယ်ထိ လက်ရောက် ရိုက်နှက်တာတို့ ဘာတို့”ဟု ၎င်းက CNI သို့ ပြောသည်။

အေဂျင်စီနှင့် ပွဲစားများသည် ဒူဘိုင်းတွင် အလုပ်လုပ်ကိုင်ရမည့်အကြောင်း၊ လုပ်ခလစာ မည်မျှရမည့်အကြောင်း နှင့် တစ်ပတ်လျှင် ပိတ်ရက်မည်မျှ ရှိကြောင်း စသဖြင့် မက်လုံးများပေး၍ စေလွှတ်နေခြင်းဖြစ်သည်။

သို့သော် ဒူဘိုင်းမှတဆင့် အိုမန်နိုင်ငံသို့ ရောင်းစားခံရသည့်အခါတွင် အိမ်အကူလုပ်ကိုင်ရာ၌ အလုပ်လုပ်ကိုင် ရသည့် ပမာဏမှာ အင်မတန်များပြားပြီး တစ်ရက်လျှင် ထမင်းတစ်နပ်သာစားရခြင်း၊ ပိတ်ရက်မရှိသည့်အပြင် နေမကောင်း ဖြစ်ပါကလည်း မနားရခြင်းနှင့် လုပ်ခလစာတို့ မရရှိခြင်းတို့နှင့် ကြုံတွေ့ရကြောင်း အိုမန်တွင် အိမ်အကူအလုပ် ဆက်မလုပ်နိုင်သဖြင့် ပြန်လာသူ မစိုးစိုး(အမည်လွှဲ)က CNI သို့ပြောသည်။

ဒူဘိုင်းတွင် မြန်မာအိမ်အကူများကို ကျွေးမွေးသည့်ပုံစံ

မစိုးစိုး(အမည်လွှဲ)က“အိမ်ရှင်မှာက သူဌေးမတစ်ယောက်ရယ်၊ သူဋ္ဌေးထီး တစ်ယောက်ရယ် ကလေး ၃ ယောက်ရယ်နဲ့ ၅ ယောက်ရှိတယ်။ အိမ်ကလည်း ကျယ်တယ်။ အောက်ထပ်မှာကျ သူ့ယောက္ခမတွေ၊ ယောက္ခထီးတွေ၊ သူဋ္ဌေးထီးရဲ့ ညီတွေရော အများကြီးပဲ ရှိတယ်။ တစ်အိမ်လုံးရဲ့အလုပ်ကိုလုပ်ရတယ်။ မနက် ၆ နာရီကနေ ထပြီးတော့လုပ်ရတာက နေ့ခင်းဆို ၃ နာရီလောက်မှ ထမင်းစားရတယ်။ ထမင်းစားပြီးတာနဲ့ ညဆို ၁၂ နာရီက အစောဆုံးအိပ်ရတယ်။ ၂ နာရီ ၃ နာရီက ပုံမှန်လိုဖြစ်နေတာ။ နေမကောင်းရင်တောင်မှ မနားရဘူး။ ပိတ်ရက်လည်း တစ်ရက်မှ မရှိဘူး၊ နားရက်လည်း တစ်ရက်မှမရှိဘူး။ နေမကောင်းရင်တောင် မနားရဘူး။ ညီမ အဲဒီမှာနေတုန်းကဆိုရင် လှေကားပေါ်ကနေပြီးတော့ ပြုတ်ကျပြီးတော့ ခြေထောက်ခေါက်သွားတာ။ အဲဒါ တောင်မှပဲ မနားရဘူး။ ထော့ကျိုးထော့ကျိုးနဲ့ လုပ်ရတာ။ တစ်အိမ်လုံးမှာ တခြားဝန်ထမ်းလည်းမရှိဘူး။ ညီမတစ်ယောက်တည်း အကုန်လုပ်ရတာ။ အရမ်းပင်ပန်းတယ်။ အဲဒီကြားထဲ ပိုက်ဆံကလည်း အိမ်ကိုမရောက် တော့ လုပ်ချင်စိတ်ကမရှိတော့ဘူးပေါ့”ဟု သူက ပြောသည်။

ဒူဘိုင်းနိုင်ငံသို့ မြန်မာမိန်းကလေးအများစုသည် အိမ်အကူအလုပ်ဖြင့် သွားရောက်ကြသည်မှာ များပြားပြီး ထိုသို့ ရောင်းစားခံလိုက်ရခြင်းမျိုး အများအပြားကြုံတွေ့ကြရသဖြင့် ဒူဘိုင်းသို့ သွားရောက် အလုပ်လုပ်ကိုင်မည်ဆိုပါက အိမ်အကူအလုပ်ဖြင့် လုံးဝမသွားကြရန် မစိုးစိုး (အမည်လွှဲ)က ဆက်ပြောသည်။

“အိမ်အကူနဲ့ သွားရင် အများစုက ဒုက္ခရောက်တယ်။ အခက်အခဲဖြစ်တယ်။ တော်တော်များများကို ဒုက္ခ ရောက်တယ်။ တခြား ကိုယ်က ပညာရေးပိုင်းနဲ့လည်း မြင့်တယ်။ အပြင်အလုပ်နဲ့သွားမယ်ဆိုရင် အဲဒီလို အလုပ် မျိုးတွေက နည်းနည်းအဆင်ပြေတယ်။ ဘာလို့ဆို ပိတ်ရက်လည်းရှိတယ်။ အလုပ်တွေလည်း အချိန်ပိုင်းလေးတွေ ပဲ ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ကို အုပ်ချုပ်မယ့်သူမရှိဘူးပေါ့။ အလုပ်ချိန်မှာပဲ အလုပ်ရှင်က အုပ်ချုပ်လို့ရမယ်။ ကျန်တဲ့အချိန်က ကိုယ့်ရဲ့ ကိုယ်ပိုင်လွတ်လပ်ချိန်ဖြစ်တဲ့အတွက် စိတ်အပန်းဖြေလို့ ရတယ်ပေါ့။ အိမ်အကူနဲ့ ဆိုရင်တော့ လုံးဝမသွားပါနဲ့လို့ တိုက်တွန်းချင်တယ်”ဟု ၎င်းက ပြောသည်။

ဒူဘိုင်းတွင်အလုပ်လုပ်ကိုင်ရမည်ဟုဆိုကာ အိုမန်နိုင်ငံသို့ ရောင်းစားခံလိုက်ရသည့် မြန်မာအမျိုးသမီးများ၏ အခြေခံလုပ်ခလစာရရှိမှုမှာ အိုမန်နိုင်ငံမှ သတ်မှတ်ထားသည့် ပမာဏထက် လျော့နည်းကြောင်းလည်း သိရသည်။

အိုမန်နိုင်ငံ၏ အလုပ်သမားတစ်ဦး အခြေခံလုပ်ခလစာမှာ အိုမန်ငွေ ရီးရဲ ၃၀၀ ခန့် (မြန်မာငွေ ၁၆ သိန်းကျော်) သတ်မှတ်ထားသော်လည်း အိမ်အကူလုပ်ကိုင်သည့် မြန်မာအမျိုးသမီးများ လုပ်ခလစာရရှိမှုမှာ ရီးရဲ ၁၂၀ မှ ၁၅၀ ခန့် (မြန်မာငွေ ၆ သိန်းခွဲမှ ရှစ်သိန်းကျော်) အထိသာ ရရှိကြောင်း သိရသည်။