CNI News

၂၀၂၁ နိုဝင်ဘာ ၁၆

ရွှေတိဂုံစေတီတော်တွင် တန်ဆောင်မုန်းလပြည့်နေ့ မတိုင်ခင် နှစ်စဉ် ကျင်းပပြုလုပ်သည့် မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲကို ယခုနှစ်တွင်လည်း ကျင်းပပြုလုပ်နိုင်ခြင်း မရှိကြောင်း ရွှေတိဂုံစေတီတော် ဂေါ်ပကအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မသိုးသင်္ကန်းရက်ပြိုင်ပွဲကို ကျင်းပနိုင်ခြင်း မရှိခဲ့သလို ယခုနှစ် (၂၀၂၁ ခုနှစ်)တွင်လည်း ကျင်းပနိုင်ခြင်းမရှိကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက ပြော သည်။

၎င်းက “မနှစ်ကတည်းက ကျနော်တို့ မကျင်းပ ဖြစ်ပါဘူးခင်ဗျ။ မနှစ်ကတည်းကလေ ကိုဗစ်ရောဂါလည်း ဖြစ်လာတော့ မနှစ် က ၂၀၂၀ မှာလည်း မကျင်းပဖြစ်ပါဘူး။ ဒီ ၂၀၂၁ တန်ဆောင်တိုင် လပြည့်မှာလည်း မကျင်းပဖြစ်ပါဘူး။ ကျနော်တို့က ၂၄ နာရီ ည ရက်ရမှာကိုး။ လက်ရှိ အခြေအနေနဲ့တော့ အဆင်မပြေနိုင်ဘူးလေ” ဟု CNI သို့ ပြောသည်။

မသိုးသင်္ကန်းရက်ပြိုင်ပွဲကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၁၄ ရက် အဖိတ်နေ့ညတွင် ပြုလုပ်လေ့ရှိပြီး တန်ဆောင်မုန်း လပြည့် မနက်၌ ကပ်လှူကြခြင်း ဖြစ်သည်။

နှစ်စဉ် ကျင်းပပြုလုပ်သည့် မသိုးသင်္ကန်းရက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် အဖွဲ့ပေါင်း ၇၀ ခန့် ရှိသည်ဟု သိရသည်။

သို့သော် ပုံမှန်ရက်များတွင် ရွှေတိဂုံစေတီ ဖူးမျှော်ခွင့်ကို ညနေ (၅)နာရီထိသာ ဘုရားဖူးခွင့် ပြုခဲ့သော်လည်း လာမည့် တန်ဆောင်မုန်း လဆန်း ၁၄ ရက် အဖိတ်နေ့ (၁၇.၁၁.၂၀၂၁)နှင့် တန်ဆောင်မုန်းလပြည့်နေ့ (၁၈.၁၁.၂၀၂၁)များတွင် နံနက် ၅ နာရီမှ ည ၇ နာရီအထိ အချိန်တိုးမြှင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံဂေါပကအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် သီတင်းကျွတ် လပြည့်နေ့တွင် ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးပြည်သူ ၁၂၀၀၀၀ (တစ်သိန်းနှစ်သောင်း)ကျော် လာရောက်ခဲ့ပြီး တန်ဆောင်မုန်း လပြည့်နေတွင်လည်း ဘုရားဖူးပြည်သူ များပြားမည်ဟု ခန့်မှန်းထားခြင်းကြောင့် လုံခြုံရေး နှင့် သန့်ရှင်းရေးအင်အားကို အင်အားအပြည့်ဖြင့် ဆောင်ရွက်ထားမည်ဖြစ်ကြောင်း ရွှေတိဂုံဂေါပကအဖွဲ့ဝင်က ပြောသည်။