CNI International News

ဘန်ကောက်နိုဝင်ဘာ ၁၇

ညစ်ညမ်းဗီဒီယိုနှင့် မဖွယ်မရာလိင်အရုပ်များ တရားဝင်ခွင့်ပြုပေးရန် တောင်းဆိုသည့်အဖွဲ့တစ်ဖွဲ့က ၎င်းတို့အဆိုပြုချက်ကို နိုဝင်ဘာ ၁၆ ရက်က ထိုင်းလွှတ်တော်ဥက္ကဋ္ဌထံသို့ တင်သွင်းခဲ့ကြောင်း ဘန်ကောက်ပို့စ် အွန်လိုင်းသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ထိုအဖွဲ့ထဲတွင် ပါဝင်သူတစ်ဦးမှာ ၎င်း၏ရည်းစားနှင့် လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများအကြောင်း အွန်လိုင်းလွှင့်တင် ခြင်းဖြင့် အွန်လိုင်းသုံးသူအချို့ထံမှ ငွေကြေးတောင်းခံမှုစွဲချက်ဖြင့် မကြာသေးမီက ဖမ်းဆီးခံရဖူးသော အမျိုးသမီးငယ်တစ်ဦးဖြစ်သည်။

ထိုသို့ဖမ်းဆီးခံရဖူးသူ အသက် ၁၉ နှစ်ရှိ စုသာညာနခွန်ဂျင်ဒါ (ခ) နွမ်ခိုင်နောင် (Miss Bad Egg) သည် ထိုင်းရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၈၇ ကို ပြင်ဆင်နိုင်ရေးအတွက် နိုဝင်ဘာ ၁၆ ရက်က ထိုင်းလွှတ်တော်သို့ ရောက်ရှိသူ တစ်စုတွင် တက်ကြွစွာ ပါဝင်လာခဲ့သည်။

အဆိုပါပုဒ်မသည် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ညစ်ညမ်းပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်းကို တားမြစ်ထားပြီး ထောင် ဒဏ် ၃ နှစ် (နှင့်/သို့မဟုတ်) ငွေဒဏ် ဘတ် ၆၀၀၀ ပေးဆောင်စေရန် ပြဋ္ဌာန်းထားသည်။

စုသာညာနှင့် ၎င်း၏ရည်းစားတို့သည် ပြီးခဲ့သည့် စက်တင်ဘာလ၌ စာမက်ပရာကန်ပြည်နယ်တွင် ဖမ်းဆီးခံခဲ့ရသည်။

ပုံ-မဖွယ်မရာလိင်ပစ္စည်းနဲ့ အမျိုးသမီးတစ်ဉီးကိုတွေ့ရစဉ်(GETTY IMAGES)

စုသာညာတို့အဖွဲ့သည် ပုဒ်မ ၂၈၇ ပါ ပြဋ္ဌာန်းချက်အရ လိင်ဝန်ဆောင်မှုဖြင့် အသက်မွေးဝမ်းကျောင်းပြုခြင်း၊ ၎င်းတို့ခန္ဓာကိုယ် နှင့် ဘဝများကို အပြည့်အဝ အသုံးချခြင်းတို့မှ တားမြစ်ထားမှုအပေါ် ကင်းလွတ်ခွင့်ပြုရေးအတွက် တောင်းဆိုနေကြပြီး အဖွဲ့ ကို အက်တပေါခိုင်သောင်ဆိုသူက ဦးဆောင်ခဲ့သည်။

အဆိုပါပုဒ်မသည် အသက်မွေးဝမ်းကျောင်းနှင့် လူတစ်ဦးချင်းစီ၏ ရပိုင်ခွင့်များကို ကန့်သတ်ပိတ်ပင်ထားသည်ဟု ၎င်းအဖွဲ့က အကြောင်းပြသည်။

လိင်ပိုင်းဆိုင်ရာ အကြောင်းအရာနှင့် မဖွယ်မရာ လိင်အရုပ်များ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်း တို့ကို တရားဝင်ဖြစ်စေရန် ပုဒ်မကို ပြင်ဆင်သင့်ကြောင်း၊ အဆိုပါ ကိစ္စရပ်များကို ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပြည်သူ့ ကျန်းမာရေးဝန်ကြီးဌာနတို့က ထိန်းကျောင်းနိုင်ကြောင်း အက်တပေါခိုင်သောင်က စောဒက တက်ထားသည်။

၎င်းအဖွဲ့၏ အဆိုပြုချက်ကို အောက်လွှတ်တော်ဥက္ကဋ္ဌ စူခက်အက်သိုပါကွန်ထံသို့ ပေးပို့ခဲ့ကြသည့်အပြင် ထိုအဆိုပြုချက် အပေါ် ထောက်ခံရန် လူထုထံမှ လက်မှတ်များ ထပ်မံစုဆောင်းရေး စီစဉ်ထားသည်။

ပုံ-မဖွယ်မရာလိင်ပစ္စည်းများကိုတွေ့ရစဉ်(Vice)

မကြားသေးမီက ဖောက်သည်များထံသို့ အခကြေးငွေယူ၍ မဖွယ်မရာ လိင်ကိစ္စ ဗီဒီယိုဖိုင်များ အွန်လိုင်းမှ ထုတ်လွှင့်မှုအတွက် လူအများအပြားကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ထိုသို့ဖမ်းဆီးခံရသူများအနက် နွမ်ခိုင်နောင်အပြင် ပြီးခဲ့သည့်လ အစောပိုင်းက ချင်းမိုင်မြို့၊ စာရာဖီခရိုင်ရှိ ယန်(အစေး) သစ်တောအုပ်ဟု ထင်ရှားသည့် ချင်းမိုင်-လမ်ပူလမ်းဘေး ရှုခင်းသာနေရာတွင် လိင်ဆက်ဆံကြသည့် ဗီဒီယိုဖိုင်ရိုက်ကူးခဲ့သူ စုံတွဲတစ်တွဲလည်း ပါဝင်ခဲ့သည်။

အောက်တိုဘာလ လလယ်ပိုင်းကလည်း အင်တာနက်ပေါ်ရှိ Line app တွင် ဖောက်သည်များထံမှ အခကြေးငွေယူ၍ ရည်းစားနှင့် လိင်ဆက်ဆံနေပုံကို တိုက်ရိုက်ထုတ်လွှင့်မှုဖြင့် တာ့ခ်ပြည်နယ်ရှိ လိင်ပြောင်းထားသူတစ်ဦးကိုလည်း ထိုင်းရဲက အလားတူ ဖမ်းဆီးအရေးယူခဲ့သည်။

အွန်လိုင်းပလက်ဖောင်းများတွင် “လိင်ကိစ္စများ ဖန်တီးတင်ဆက်မှု” သည် ရိုးရာစံနှုန်းများနှင့်အားပြိုင်၍ ဥပဒေအရ မည်ရွေ့ မည်မျှ အရေးယူနိုင်ကြောင်း၊ ယင်းပြဿနာကို မည်သို့မည်ပုံ ကိုင်တွယ်သင့်ကြောင်း လစ်ဘရယ်အမြင်ရှိ သူများကြားတွင် အချေအတင် ငြင်းခုံစရာဖြစ်ခဲ့ကြောင်း ဘန်ကောက်ပို့စ်က ရေးသားဖော်ပြထားသည်။

Source: Bangkok Post