ပနားမား၊ အောက်တိုဘာ ၁၀

မြောက်အမေရိကတိုက်သို့ ရောက်ရှိရန် မျှော်လင့်ချက်ဖြင့် ဟေတီလူမျိုးအများစုပါဝင်သော ရွှေ့ပြောင်းနေထိုင်သူ ၉၁,၃၀၀ သည် ပနားမားနိုင်ငံရှိ အန္တရာယ်များလှသော ဒါရီယန်ဂက် (Darien Gap) နယ်မြေရှိ တောတောင်ကို ဖြတ်ကျော်သွားလာ ခဲ့ကြကြောင်း နိုင်ငံတကာရွှေ့ပြောင်းနေထိုင်မှုအဖွဲ့ (IOM)က အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်သည်ဟု အယ်လ်ဂျာဇီး ယား သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ယခုနှစ် ဇန်နဝါရီလနှင့် စက်တင်ဘာလအကြား လက်တင်အမေရိကရှိ အန္တရာယ်အများဆုံး လမ်းကြောင်းများထဲမှ တစ်ခု အပါအဝင်ဖြစ်သော ဒါရီယန်ဂက်ကို ဖြတ်သန်းသူ ၅၆,၆၀၀ ရှိခဲ့ကြောင်း ပနားမားရွှေ့ပြောင်း အခြေချသူများ၏ စာရင်းများကို ကိုးကားလျက် IOM က ထုတ်ပြန်ခဲ့သည်။ ၎င်းတို့ထဲမှ အတော်များများမှာ ကလေးသူငယ်များကို ချီပိုးခေါ်ဆောင်လျက်၍ ဖြတ်ကျော်နေသည်အား တွေ့ရ ကြောင်း ယင်းထုတ်ပြန်ချက်၌ ဆက်လက်ရေးသားထားသည်။

နှစ်တစ်နှစ်၏ ၉ လအတွင်း ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်မှာ ၂၀၁၆ ခုနှစ်ကထက် ယခုနှစ် ၃ ဆ စံချိန်တင် များပြား လာခဲ့ပြီး ၃ သိန်းကျော်အထိ ရှိနေကြောင်း IOM က ဆို သည်။

COVID-19 ကပ်ရောဂါကြောင့် နယ်စပ်ဒေသများ ပိတ်ခြင်းနှင့် စီးပွားရေး ကျဆင်းခြင်းတို့ကြောင့် ရွှေ့ပြောင်းနေထိုင်သူ အရေ အတွက်မှာ ပုံမှန် အလွန်အမင်းတိုးပွားလာကြောင်း ပနားမားနိုင်ငံရှိ IOM မစ်ရှင်အကြီးအကဲ စန်တီယာဂိုပက်ဇ်က ကိန်း ဂဏန်းများဖြင့် ထုတ်ပြန်ချက်ထဲတွင် ပြောထားသည်။

“ကာရစ်ဘီယံနဲ့ ပြင်ပဒေသများမှ ရွှေ့ပြောင်းနေထိုင်သူတွေဟာ သိပ်အန္တရာယ်ကြီးတဲ့ အခြေအနေမှာရှိတဲ့ လမ်းကြောင်း တလျှောက် ဖြတ်သန်းနေကြပါတယ်။ အထူးဖြင့် ပနားမားနဲ့ ကိုလံဘီယာ နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ ဒါရီယန်ဂက်ကို ဖြတ်သန်း တာမျိုးပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုက ၎င်းနိုင်ငံနယ်နိမိတ်အတွင်း ခိုလှုံခွင့် တောင်းခံသူများကို နယ်စပ်ဂိတ်ပိတ်ခြင်းဖြင့် ဆက်လက် ထိန်းထားစဉ်တွင် ယခုကဲ့သို့ IOM ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ အလားတူ မက္ကစီကိုနှင့် အမေရိကတိုက် အလယ်ပိုင်းရှိ အခြားနိုင်ငံများကလည်း အမေရိကန်သို့ ဦးတည်ရာလမ်းကြောင်းတွင် ၎င်းတို့ပိုင်နက် နယ်မြေများကို ဖြတ် ကျော်ရန် ကြိုးစားသူများကို ပိတ်ဆို့ထားခဲ့သည်။

ပနားမားနှင့်ကိုလံဘီယာ နှစ်နိုင်ငံနယ်စပ်ကြားရှိ ၅၇၅,၀၀၀ ဟက်တာ (၁ ဒသမ ၄၁ သန်းဧက) ကျယ်ဝန်းသော ဒါရီယန်ဂက် နယ်မြေကို လက်နက်ကိုင် မှောင်ခိုဂိုဏ်းများက ထိန်း ချုပ်ပြီး ၎င်းတို့သည် ရွှေ့ပြောင်းနေထိုင်သူ အုပ်စုငယ်များကို ပစ်မှတ် ထားလေ့ရှိကြသည်။ လမ်းတလျှောက် လုယက်ခြင်း၊ အနိုင်ကျင့်ခြင်း (သို့မဟုတ်) အဓမ္မပြုကျင့်တို့ ကြုံတွေ့ရပြီး ယခုနှစ် တစ်နှစ်တည်းတွင် လူဆယ်ဂဏန်းမျှ သေဆုံးခဲ့သည်။

ပနားမားနိုင်ငံက ၂၀၂၁ ခုနှစ်အတွင်း ယနေ့ကာလအထိ ရွှေ့ပြောင်းနေထိုင်သူ ၅၀ ကျော်သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန် ခဲ့သည်။ အများစုသေဆုံးရခြင်းမှာ နှလုံးမကောင်းခြင်းနှင့် ပြုတ်ကျခြင်း၊ ရေနစ်ခြင်း၊ မြွေကိုက်ခံရခြင်းတို့လည်း ပါဝင်ကြောင်း ကျွမ်းကျင်သူများက ဆိုကြသည်။ ထိုအထဲတွင် လက်နက်ကိုင်ဂိုဏ်းများ၏ ညှင်းပန်းသတ်ဖြတ်ခြင်းလည်း ရှိနေ သည်။

ဒါရီယန်ဂက်လမ်းကြောင်းကို မကြာသေးမီ သီတင်းပတ်များက ဖြတ်သန်းသွားသူ ၁ သိန်းခွဲနီးပါးရှိခဲ့ပြီး အများစုမှာ ဟေတီ လူမျိုးများဖြစ်ကြောင်း၊ ၎င်းတို့သည် အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်တောင်ပိုင်းအထိ ရောက်ရှိသွားခဲ့ပြီး တံတား တစ်ခုအောက်တွင် စခန်းချရပ်နားပြီး အမေရိကန်သို့ ခိုလှုံခွင့်ပေးရေး တောင်းခံရန် စောင့်စားနေကြကြောင်း သိရသည်။