CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ တချို့တွင် လျှပ်စစ်မီး မလာသည်မှာ မတ်လ ၇ ရက်နေ့မှ ယနေ့ (ဧပြီ ၁၇ ရက်)အထိ ရှိပြီဖြစ်၍ ဒေသခံများ အခက်အခဲဖြစ်နေကြောင်း သိရသည်။

ထီးချိုင့်မြို့ အပြင်ဘက်တွင် မြန်မာ့တပ်မတော်နှင့် ထီးချိုင့်မြို့နယ်အတွင်း လှုပ်ရှားနေသည့် PDF- KIA ပူးပေါင်း တပ်ကြား မတ်လ ပထမအပတ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ရာ ထီးချိုင့်မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ လျှပ်စစ်မီးပေးနေသည့် ထရန်စဖော်မာကို ကျည်ထိမှန်သွားခဲ့သည်။

ထီးချိုင့်မြို့မှ ဒေသခံတစ်ဦးက " ကျနော်တို့ ထီးချိုင့်မြို့ပေါ်နဲ့ အနီးက ကျေးရွာတွေမှာ မီးမရတာ တစ်လ ကျော်ပြီး ပြီးခဲ့တဲ့ ၇ ရက်နေ့ ၈ ရက်နေ့ကစပြီး မီးမရတော့ဘူး။ ကျနော်တို့ကို မီးပေးတဲ့ ထရန်စဖော်မာက တိုက်ပွဲဖြစ်လို့ ကျည်ထိပြီး ပေါက်သွားတယ်။ အဲမှာ မီးတွေ ပျက်သွားတာ ဒီနေ့အထိပဲ။ အသစ်လဲဖို့ကလည်း ထီးချိုင့်ကနေ သယ်သွားမယ့် လမ်းမှာ PDF တွေရှိတယ်။ သူတို့က ခွင့်မပြုဘူး တစ်ခုခု လုပ်လိုက်ရင် ကျနော်တို့က ဒုက္ခရောက် မှာ ဘယ်သူမှလည်း တာဝန်ခံ မလုပ်ရဲဘူးလေ။ ဒါကြောင့် မီးက အခုထိ မရဘူး အခက်အခဲကတော့ ပြောမနေနဲ့ တော့ တော်တော် ဒုက္ခရောက်နေတာပေါ့"ဟု ပြောသည်။

ထို့သို့ ထရန်စဖော်မာ ကျည်ထိမှန်သွားခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ်၊ မတ်လ ၇ ရက်မှ စတင်ကာ ယနေ့(ဧပီ ၁၈ ရက်) အထိ လျှပ်စစ်မီး ပြတ်တောက်လျက်ရှိနေသည်။

ထရန်စဖော်မာကို သယ်ဆောင်၍ မုံရွာမြို့ သို့မဟုတ် မန္တလေးမြို့မှာ အသစ်လဲလှယ်ရန် ကြိုးပမ်းသော်လည်း ထီးချိုင့်မှ သယ်ဆောင်လာမည့် လမ်းတစ်လျှောက်တွင် PDF-KIA ပူးပေါင်းအဖွဲ့များ လှုပ်ရှားနေခြင်းကြောင့် တစ်စုံတစ်ရာ ဖြစ်ပေါ်မည်ကို စိုးရိမ်သည့်အတွက် အသစ်မလဲနိုင်ဘဲ ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။