
- By CNI
- Category: သဘာဝပတ်ဝန်းကျင်
- Hits: 1971
CNI News
၂၀၂၂ ခုနှစ်၊ မေ ၇
ရခိုင်ပြည်နယ်ရှိ မြို့နယ်တိုင်းလိုလိုတွင် နွေရာသီရောက်တိုင်း ရေရှားပါးမှုနှင့် ကြုံတွေ့နေရသည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ရခိုင်တွင် နှစ်စဉ်ကြုံတွေ့နေရသည့် ပြဿနာကို တစ်ပွဲထိုးမဟုတ်ဘဲ စီမံကိန်းများ အသေအချာရေးဆွဲပြီး ဖြေရှင်းပေးရန် လိုအပ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။
ရခိုင်ပြည်နယ်အတွင်းတွင် ရေပေးဝေရန် တည်ဆောက်ထားသည့် ဆည်များစွာ ရှိသော်လည်း တချို့ ဆည်များသည် မြို့ရွာများသို့ ရေပေးဝေခြင်း မရှိကြောင်းနှင့် မင်းပြားမြို့နယ်တွင်လည်း ယင်းကဲ့သို့ ဖြစ်ပေါ်နေကြောင်း၊ ရခိုင်ပြည်နယ်အတွက် မြို့နယ်အလိုက် ရေလှောင်တမံများ တည်ဆောက်စေလိုကြောင်း မင်းပြားလူမှုကူညီရေးအဖွဲ့မှ ကိုကြည်လင်းက CNI သတင်းဌာနသို့ ပြောသည်။
“ကျနော်တို့ မင်းကျန်စစ် ကုမ္ပဏီက ဆောက်ထားတဲ့ မြောင်ကြီးဆည်ဆိုရင် မင်းပြားမြို့ကို ရေတစ်စက်မှ မရောက်သေးဘူး။ အဲဒီကုမ္ပဏီက ကြံ့ခိုင်ရေးက နန္ဒာလှမြင့်တို့ လုပ်သွားတာပေါ့ အဲဒီကုမ္ပဏီက မင်းကျန်စစ် ဆိုပြီးတော့ မင်းပြားက မြောင်ကြီးဆည်ပေါ့။ ရေဂါလံက သန်း ၉၀ လောက် ရှိတာပေါ့။ ဒါပေမယ့် မြို့ထဲကိုတော့ တစ်စက်မှ မရောက်သေးဘူး။ အရင်တုန်းကတော့ လွန်ခဲ့တဲ့ ၃ နှစ်လောက်က အဲဒီဆည်ကြီးပြီးတော့ မင်းပြားမြို့ ကို စီမံကိန်းဆွဲပြီးတော့ ရေပေးဝေဖို့ လုပ်ခဲ့တယ်။ ဒါပေမယ့် ရာမောင်တံတားက ဖြတ်လို့မရ ဘာညာဆိုပြီးတော့ အဲဒီစီမံကိန်း ပျက်သွားပါတယ်။ ဒီနှစ်ကတော့ သူတို့ ဘတ်ဂျက်ကျပြီးတော့ ကျနော်တို့ မင်းပြားမြို့နယ် မင်းရွာ အုပ်စုကိုတော့ ရေနည်းနည်း ပေးလေ့ရှိပါတယ်ခင်ဗျ။ ကျနော်တို့ ရခိုင်ဘက်မှာ တောတောင်တွေပေါတော့ မြို့နယ်အလိုက် ရေလှောင်တမံတွေ ဆောက်ပေးတာတော့ အဆင်ပြေပါတယ်ခင်ဗျ” ဟု ပြောသည်။
နှစ်စဉ် ရေရှားပါးမှုနှင့်ကြုံတွေ့နေရသည့် မြေပုံမြို့နယ်ရှိ ပြင်ဝိုင်းကျေးရွာတွင် ရေတွင်းများမှ ရေများ ခမ်းခြောက် နေပြီး ရေအနည်းငယ်သာ ထွက်ရှိသည့်အတွက် ညပိုင်းအထိ စောင့်ဆိုင်း၍ ခပ်ယူနေကြရကြောင်း ဒေသခံ ဦးလှစောဖြူက CNI သတင်းဌာနသို့ ပြောသည်။
“စောင့်စောင့်ပြီး ခပ်နေရတယ်။ ည ၁၂ နာရီ၊ ၁ နာရီ တစ်ယောက်ပြီး တစ်ယောက် အဲလို ခပ်နေရတယ်။ အချိန်နဲ့ ပေးတာမဟုတ်ဘူး။ တွင်းကနေ ကိုယ့်ဟာကို ရေပုံးနဲ့ ခပ်တာကိုး။ တွင်းဆိုတာက ဘယ်လိုခေါ်မလဲ ၁၅ ပေ လောက်တော့ နက်တာပေါ့ အဲဒီတွင်းတွေက။ အဲဒါကနေပြီး နည်းနည်းနဲ့ ထွက်တယ်။ အဲလို ဝေမျှပြီးတော့ ခပ်နေရတာပေါ့။ ၃/၄/၅ တွင်းလောက်တော့ ရှိတယ်။ သောက်ရေခပ်တဲ့တွင်းရယ်၊ သုံးရေခပ်တဲ့တွင်းရယ်ဆိုတာ ရှိတော့ရှိတယ်။ ဒါပေမယ့် အဲဒီတွင်းတွေကလည်း သိပ်များများစားစား မထွက်တော့ဘူး” ဟု ပြောသည်။
ရေတွင်း၊ ရေကန်များ တူးဖော်ရန်အတွက် အစိုးရမှ ဘတ်ဂျက်ချပေးသော်လည်း အုပ်ချုပ်ရေးမှူးများမှ ဖြစ်သလို လုပ်ဆောင်ပြီး ငွေများကို အလွဲသုံးစား လုပ်ဆောင်နေမှုများလည်း ရှိသည်ဟု ဦးလှစောဖြူက ပြောသည်။
မြေပုံမြို့နယ်အတွင်းရှိ ကျေးရွာတိုင်းလိုလိုတွင် ရေရှားပါးမှုနှင့် ကြုံတွေ့နေရပြီး ဖွံ့ဖြိုးမှု နည်းပါးသည့် တချို့ ကျေးရွာများထံသို့ ရေလှူသည့် အဖွဲ့အစည်းများ၊ အလှူရှင်များ လာရောက်လှူဒါန်းမှုများလည်း မရှိကြောင်း ယင်းဒေသခံများက ပြောသည်။
မြေပုံမြို့နယ်အတွင်း ရေရှားပါးမှုကို ဖြေရှင်းရန်အတွက် တောင်ကျရေများကို အသုံးပြုကာ ရေလှောင်ကန် တည်ဆောက်၍ ပိုက်များဖြင့် သွယ်တန်းပြီး လုပ်ဆောင်၍ ရနိုင်သည်ဟု ဦးလှစောဖြူက ဆက်ပြောသည်။
“ဒီဘက်မှာက ရေရှားပါးမှုကို လုပ်ဆောင်ဖို့ကိစ္စကတော့ ရှိတာပေါ့။ တောင်ကျရေကို တောင်ပေါ်မှာ ရေလှောင် ကန်လုပ်ပြီး အောက်ကို ရေဆင်းလို့ရတယ်။ မိုက်ခရိုတောင် အလယ်လောက်မှာ ရှိတယ်။ အဲဒီတောင်ကနေ ကျတဲ့ ရေကို တစ်ဖက်ဆည်၊ ရေလှောင်ကန် ဆောက်ပြီးတော့ ရွာကို ပိုက်လုံးတွေနဲ့ သွယ်ပြီးတော့ ရတယ်။ ရေထွက်တဲ့ နေရာ ရှိတယ်။ ဒေသမဖွံ့ဖြိုးတော့ ပိုက်ဆံတွေ ရှားပါးကြတော့ အခက်အခဲ တွေ့တာပေါ့နော်” ဟု သူက ပြော သည်။
ရခိုင်ပြည်နယ် မြို့နယ်တချို့၌ နှစ်စဉ် ရေရှားပါးမှု ကြုံတွေ့နေရပြီး ယခုနှစ်တွင်လည်း ရေရှားပါးမှုနှင့် ကြုံတွေ့ နေရကာ အဆိုပါကိစ္စကို ဖြေရှင်းရန်အတွက် မည်သို့ လုပ်ဆောင်သွားဖို့ရှိသည်ကို ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီး ထံသို့ ဆက်သွယ်သော်လည်း မဖြေကြားနိုင်သေးကြောင်း ပြောသည်။
ရခိုင်ပြည်နယ်ရှိ မြို့နယ်တိုင်းလိုလိုတွင် နွေရာသီရောက်တိုင်း ရေရှားပါးမှုနှင့် ကြုံတွေ့နေရပြီး ထိုအထဲတွင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် အဆိုးရွားဆုံးဖြစ်ကြောင်း သိရသည်။

- By CNI
- Category: သဘာဝပတ်ဝန်းကျင်
- Hits: 3017
CNI News
၂၀၂၂ ခုနှစ်၊ မေ ၆
ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံထားရသည့် ပုဂံဒေသတွင် ရှေးခေတ်လက်ရာများနှင့် ရှေးအကျဆုံး ဘုရားစေတီအငယ်များအား ဦးစွာ သံတံခါးများ တပ်ဆင်သွားမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်သန်းက CNI သတင်း ဌာနသို့ ပြောသည်။
“တံခါးခတ်မယ့်ကိစ္စကတော့ ဘုရားတွေရဲ့ အရေးကြီးမှုအပိုင်းပေါ့နော်။ Great တွေ ခွဲခြားထားတာတွေရှိတယ်။ အဲဒီ Great တွေ ခွဲခြားထားတဲ့အပေါ်မှာ အရေးကြီးမှုတွေအပေါ် မူတည်ပြီးတော့ သူ့မှာရှိနေတဲ့ လက်ရာတွေ၊ နံရံ ပန်းချီတွေ ဒါတွေကို ခေတ်ကာလတွေ သမိုင်းကြောင်းတွေ ဒါတွေကို မူတည်ပြီးတော့မှ Great ခွဲထားတာပေါ့။ အဲဒီ Great ခွဲထားတဲ့အတိုင်းမှာ ဦးစားပေးပြီး ဆောင်ရွက်ရမယ့် ဘုရားတွေပေါ့နော်။ ဘုရားတွေကို သတ်မှတ် ရွေးချယ်ပြီးတော့မှ တပ်ဆင်ရမယ့် ပုံစံဒီဇိုင်းပေါ့နော် အတိုင်းအတာတွေကို ပထမဆုံးကောက်ယူပြီးတော့ ဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု ပြောသည်။
ဧပြီလက ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတွင် ဘုရားနှစ်ဆူနှင့် ကျောက်ဆစ်လက်ရာတချို့ အခိုးခံလိုက်ရပြီး နောက် ယခုကဲ့သို့ ဘုရားစေတီအငယ်များ၌ သံတံခါးများတပ်ဆင်ရန် လုပ်ဆောင်ခြင်းဖြစ်သည်။
ထိုဘုရားစေတီအငယ်များသည် လိုဏ်ဂူဘုရားများဖြစ်ကာ တောထဲ၌ တည်ထားသည့်အတွက် သံတံခါးများ တပ်ဆင်ထားမှုမရှိကြောင်းလည်း သိရသည်။
သံတံခါးများအား တပ်ဆင်ရန်အတွက် တွက်ချက်မှုများပြုလုပ်ပြီး ရန်ပုံငွေကျခံနိုင်ရေးအတွက် တင်ပြတောင်းခံ သွားမည်ဖြစ်ကြောင်းနှင့် တင်ပြတောင်းခံပြီးပါက အကောင်ထည်ဖော်ဆောင်ရွက်၍ ရပြီဖြစ်ကြောင်း ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်သန်းက ပြောသည်။
“ အခုလောလောဆယ်တော့ ကျနော်တို့က ဆောင်ရွက်ဆဲပဲ ဖြစ်နေပါသေးတယ်။ ဘယ်တော့လောက် ဖြစ်မလဲ ဆိုတော့ တွက်ချက်မှုအရ ပေးနိုင်မယ့် ဒီနှစ်ထဲမှာ ချပေးနိုင်မယ်ဆိုရင်လည်း ဒီနှစ်ထဲပေါ့။ ဒီနှစ်မှာ မမှီနိုင်ရင် လည်း နောင်နှစ်မှာပေးနိုင်အောင်တော့ ကျနော်တို့က တင်ပြသွားမှာဖြစ်ပါတယ် ”ဟု ၎င်းက ပြောသည်။
ပုဂံဒေသတွင် ဘုရားစေတီပုထိုးပေါင်း ၃၈၃၇ ဆူရှိကာ ၂၀၁၉ ခုနှစ် ဇူလိုင် ၆ ရက်နေ့က ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ပုဂံဒေသအား သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

- By CNI
- Category: သဘာဝပတ်ဝန်းကျင်
- Hits: 1874
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂
၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်တွင် မန္တလေးကျုံးဘေး၌ ရေကစားမဏ္ဍပ်နှင့် စတုဒီတာအလှူများကို ကျွေးမွေးရန် မန္တလေးမြို့တော်စည်ပင်မှ ဖိတ်ခေါ်ထားကြောင်း သိရသည်။
မြန်မာ့ရှေးဟောင်းနေရာတစ်ခုဖြစ်သည့် မန္တလေးကျုံးဘေးတွင် နှစ်စဉ် ရေကစားမဏ္ဍပ်များ တည်ဆောက်၍ ရေပက်ကစားကြသော်လည်း ယင်းကျုံးရေကို ပြည်သူများက သောက်သုံးရေအဖြစ် သုံးစွဲနေကြခြင်းကြောင့် ရေဆိုးရေညစ်များ ဝင်ရောက်မှု မရှိစေရန် သတိထားသင့်ကြောင်း မန္တလေးမြို့ဒေသခံ စာရေးဆရာ ဦးဆူးငှက်က CNI သတင်းဌာနသို့ ပြောသည်။
“ကျုံးဘေး ရေကစားကြတာကတော့ ကျုံးကတော့ ရှေးဟောင်းတစ်ခုလည်းဖြစ်တယ်။ နောက်ပြီးတော့ ကျုံးရေကိုလည်း သုံးစွဲကြတဲ့သူတွေ ရှိတော့လေ ကျုံးမသန့်ရှင်းအောင်လုပ်တဲ့ အနေအထားမျိုးဆိုရင်တော့ မဖြစ်သင့်ဘူးပေါ့နော်။ ဒါပေမယ့် သင်္ကြန်ဆိုလည်း ရေစကားကြတာဆိုတော့ ကျုံးထဲကို ရေဆိုးတွေ ပြန်မဝင် အောင် စီမံနိုင်ရင်တော့ ကောင်းတာပေါ့လေ။ အိမ်တွေကနေပြီးတော့ ကိုယ့်အိမ်ရှေ့မှာ ကိုယ့်အိမ်ကရေနဲ့ ပက်ကြတာမျိုး လုပ်နိုင်တာပေါ့။ ဒါပေမယ့် အခုအခြေအနေက လျှပ်စစ်မီးကလည်း အခက်အခဲဖြစ်၊ ရေကလည်း အခက်အခဲ ဖြစ်နေတော့ အဲလို ပက်ဖို့ကလည်း ဖောဖောသိသီ ပက်ဖို့ကတော့ အခက်အခဲ ရှိနိုင်တာပဲလေနော်။ အဲတော့လည်း ကျုံးဘေး ပက်တာကတော့ အမြဲတမ်း ပတ်နေကြတာပဲလေ။ ခုနကပြောသလိုပေါ့ ကျုံးက ရှေးဟောင်းလည်း ဖြစ်တယ်။ မြို့နေလူ သောက်သုံး သုံးစွဲနေတဲ့ ရေလည်းဖြစ်တော့ အဲဒါကိုတော့ သတိထားရမှာ ပေါ့” ဟု ပြောသည်။
ပြီးခဲ့သည် ၂၀၁၉ ခုနှစ် မန္တလေးသင်္ကြန်ပွဲတော်၌ ကျုံးဘေးပတ်လည်တွင် ရေကစားမဏ္ဍပ် ၅၅ ခုနှင့် စတုဒီသာမဏ္ဍပ် ၁၅ ခု ခွင့်ပြုပေးခဲ့ပြီး ယခုနှစ်တွင် မဏ္ဍပ်မည်မျှ ခွင့်ပြုထားသည်ကို မသိရှိရသေးပေ။
မန္တလေးမြို့ကို သင်္ကြန်ပွဲတော်ဖြင့် လူသိများ ထင်ရှားသော်လည်း ယခုအခါ ကိုဗစ်ကပ်ရောဂါနှင့် လက်ရှိဖြစ်ပေါ် နေသည့် နိုင်ငံရေးအခြေအနေများနှင့် ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်နေမှုတွေကြောင့် စိတ်ဝင်စားမှု နည်းပါး ကြောင်း မန္တလေးမြို့ ဒေသခံတစ်ဦးဖြစ်သည့် စာရေးဆရာ မင်းထက်ငြိမ်းချမ်းက ပြောသည်။
“မန္တလေးဆိုတာက သင်္ကြန်မှာ ပိုပြီး ထင်ရှားတာပေါ့လေနော့်။ သို့သော်လည်းပဲ ဒီနှစ်ကတော့ဗျာ လူတွေကလည်း အကုန်လုံး ပြီးခဲ့တဲ့ ကာလတွေမှာ ကပ်ရောဂါဘေးရော၊ နိုင်ငံတွင်းမှာ ဖြစ်နေတဲ့ နိုင်ငံရေးပဋိပက္ခရေးတွေရော အကုန်လုံး စိတ်တွေဆင်းရဲကြ၊ နောက်ပြီးတော့ လူတွေလည်း သောက၊ ဒုက္ခတွေ အများကြီးပဲ ကြုံတွေ့ နေရတာလေ။ နောက်ပြီးတော့ ကုန်ဈေးနှုန်းတွေကလည်း မတရားကြီးမြင့်နေတယ်။ အခု ဒီနှစ်ဆို ဓာတ်ဆီဈေးက ၉၀၀၀ အထက်မှာ ရှိနေတယ်လေ။ အဲတော့ ဘယ်လိုမှ ပျော်ပါးနိုင်မယ့် အနေအထားလည်း မရှိနိုင်ဘူး။ နောက်ပြီး တော့ အန္တရာယ်တွေကလည်း စိတ်ချရတဲ့ အနေအထားမျိုး မမြင်ဘူးလေ။ သွားရင်းလာရင်းနဲ့လည်း အန္တရာယ်က ရှိနိုင်တာပဲကိုး။ သင်္ကြန်ကတော့ ကျနော်တို့ ကျုံးဘေး လုပ်တာပဲ ဖြစ်ဖြစ်၊ သိပ်ပြီးတော့ စိတ်ဝင်စားမှုလည်း မရှိပါဘူး” ဟု CNI သို့ ပြောသည်။
ထို့နောက် လက်ရှိကာလသည် နိုင်ငံအတွင်း ပဋိပက္ခရှိနေသေးသည့် အချိန်ဖြစ်သည့်အတွက် သင်္ကြန်ရေကစားသူ များအနေဖြင့် သတိထားသင့်ကြောင်း စာရေးဆရာ ဦးဆူးငှက်က ဆက်ပြောသည်။
“သတိတော့ ထားရမှာပေါ့။ အခြေအနေတွေက အင်မတန် ရှုပ်ထွေးနေတဲ့ ကာလလည်း ဖြစ်တယ်။ လူတွေ ကလည်း ပျော်ဖို့ ပါးဖို့ဆိုတာ စိတ်အနေနဲ့ ကြည်ကြည်လင်လင်းရှိမှ ပျော်လို့ပါးလို့ ကောင်းတာလေ။ အဲတော့ အန္တရာယ်တွေလည်း ရှိနိုင်တော့ သတိတော့ ထားရမှာပေါ့။ အားလုံး သတိထားရမှာပေါ့” ဟု ပြောသည်။
မန္တလေး ကျုံးဘေးတွင် ကျုံးရေအား ရေစုပ်စက်ဖြင့် စုပ်ယူကာ ရေပက်ကစားခွင့်ကို ငွေကျပ် ၂ သိန်းခွဲ သတ်မှတ် ထားပြီး မန္တလေးမြို့တော်ဝန် စည်ပင်သာယာရေးကော်မတီမှ ရေကစားခွင့်လက်မှတ်ကို ထုတ်ပေးမည် ဖြစ် ကြောင်း သိရသည်။

- By CNI
- Category: သဘာဝပတ်ဝန်းကျင်
- Hits: 1962
CNI News
၂၀၂၂ ခုနှစ်၊ မတ်လ ၂၂
အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မုန်တိုင်း၏ အဝန်းအဝိုင်းသည် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည့် အခြေအနေဖြစ်သောကြောင့် အနီရောင်အဆင့် သတ်မှတ် ကြောင်း မိုး/ဇလ၏ ယနေ့ နံနက် ၅ နာရီ တိုင်းထွာချက်အရ သိရသည်။
ထို့အပြင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်းခန့် ဖြစ်ကြောင်း သိရသည်။
အားကောင်းသော မုန်တိုင်းငယ်သည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ယနေ့နေ့လယ်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးကို ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး၊ တစ်ဖြည်းဖြည်း အားလျော့ သွားမည်ဟု ခန့်မှန်းရကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားသည်။
ထိုအားကောင်းသော မုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့နံနက်မှ မတ်လ ၂၃ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသည်။
အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းလည်း မိုး/ဇလ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

- By CNI News
- Category: သဘာဝပတ်ဝန်းကျင်
- Hits: 3805
CNI International News
တိုကျို၊ မတ်လ ၁၆
ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတစ်ဝိုက် မတ်လ ၁၆ ရက် နှောင်းပိုင်းတွင် အင်အားပြင်း ငလျင်များ ဆက်တိုက်လှုပ်ခတ်ခဲ့ရာ ဂျပန်မိုးလေဝသဌာနက ပစိဖိတ်ကမ်းရိုးတန်း ဒေသတွင်းအတွက် ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ခဲ့ကြောင်း နစ်ကိုင်း အေးရှားက ဖော်ပြသည်။
တစ်ခုသော ငလျင်၏ ပဏာမ (ကနဦးပြင်းအား) မှာ ရစ်ခ်ျတာစကေး ၇.၃ ရှိသည်ဟု ဂျပန်မိုးလေဝသဌာနက ပြောသည်။
ဖူကူရှီးမားစီရင်စုရှိ မီယာဂီဒေသ (Miyagi) ၏ အစိတ်အပိုင်းများတွင် ငလျင်ပြင်းထန်မှု ရစ်ချ်တာစကေး ၇ ၏ အထက်အဆင့် ရှိကြောင်း ၎င်းဌာနက ဆက်ပြောသည်။
Source: Nikkei Asia
s