မဲလ်ဘုန်း၊ အောက်တိုဘာ ၁၁

ဩစတြေးလျနိုင်ငံရှိ အကြီးဆုံးကုမ္ပဏီများအပေါ် လေထုညစ်ညမ်းမှုနှင့်ကာဗွန်ထုတ်လွှတ်မှု ပိုမိုတင်းကျပ် ကန့်သတ်ပေးရန် လော်ဘီအုပ်စုများ၏ တောင်းဆိုချက်ကို စွမ်းအင်ဝန်ကြီးက ပယ်ချခဲ့ကြောင်း စီအင်န်အင်န်က ရေးသားဖော်ပြသည်။

ထို့နောက် ကုလသမဂ္ဂရာသီဥတု ဆွေးနွေးပွဲများတွင် ဩစတြေးလျအစိုးရအနေဖြင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မည်ကဲ့သို့ ဦးတည်ချက် ချမှတ်ထားကြောင်း တိတိကျကျ ပြသခဲ့ခြင်း မရှိကြောင်းကိုလည်း စီအင်န်အင်န်က ရေးသားဖော်ပြသည်။

အောက်တိုဘာ ၁၁ ရက်တွင် ကျင်းပသော စွမ်းအင်နှင့်ရာသီဥတုဆိုင်ရာညီလာခံ၌ နှစ်စဉ် ကာဗွန်ထုတ်လွှတ်မှု များပြားနေ သော လုပ်ငန်းများအတွက် လိုအပ်နေသည့် ‘အကာအကွယ်ပေးရေးယန္တရား’ (Safeguard Mechanism) အပေါ် အစိုးရ အနေဖြင့် အားဖြည့်ပေးရန် ဩစတြေးလျစီးပွားရေးကောင်စီအကြံပြုချက်ကို စွမ်းအင်ဝန်ကြီး အန်ဂက်တေလာက ပယ်ချခဲ့ သည်။

‘အကာအကွယ်ပေးရေးယန္တရား’ နှင့် ကာဗွန် offset တို့ ဈေးကွက်သည် ဩစတြေးလျ၌ ယခင်သီတင်းပတ်က စံချိန်တင် အမြင့်ဆုံး ရောက်ခဲ့သော်လည်း ဥရောပသမဂ္ဂနိုင်ငံများ၏ နှုန်းနှင့်ယှဉ်လျှင် သုံးပုံတစ်ပုံ နည်းနေသေးသည်။ ကာဗွန် offset ဆိုသည်မှာ ကာဗွန်များကို လျှော့ချပေးရန် သစ်ပင်များ စိုက်ပျိုးခြင်း၊ စိမ်းလန်းစိုပြေရေး ပြန်လည်လုပ်ဆောင်ခြင်း စသည်တို့ ဖြစ်သည်။

“အကာအကွယ်ပေးရေးယန္တရား” သိသိသာသာ တင်းကျပ်ခြင်းသည် နောက်ကွယ်မှ ကာဗွန်အခွန်ထမ်းသူများကို အမြင့်ဆုံး ပေးဆောင်စေခြင်းဖြစ်၍ ၎င်းအချက်သည် လက်ခံနိုင်စရာမရှိကြောင်း စွမ်းအင်ဝန်ကြီး တေလာက ဩစတြေးလျ ဘဏ္ဍာရေး သုံးသပ်ချက် ရှင်းလင်းပွဲတွင် အတိအလင်း ပြောကြားခဲ့သည်။
၂၀၅၀ ပြည့်နှစ် အရောက်တွင် ကာဗွန်ထုတ်လွှတ်မှု အသားတင် သုညအမှတ် ရောက်စေရန်၊ ၂၀၃၀ ပြည့်နှစ် အရောက်တွင် လက်ရှိအစိုးရ၏ ကတိပြုချက်ထက် ၂၀၀၅ တုန်းကအဆင့်နှင့် နှိုင်းယှဉ်လျှင် ၂၆ ရာခိုင်နှုန်းမှ ၂၈ ရာခိုင်နှုန်းသို့ လျှော့ချရန် ရည်မှန်းထားကြောင်း ကုလသမဂ္ဂ၏ ဂလက်ဂေါမြို့ ညီလာခံသို့ ဦးတည်လျက် ဩစတြေးလျအစိုးရက ကြေညာခဲ့သည်။

သို့ရာတွင် သတ္တုတွင်း၊ ဓါတ်ငွေ့နှင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်သူများ အပါအဝင် ပြည်တွင်း အကြီးဆုံး ကုမ္ပဏီများကို ကိုယ်စားပြုသော ဩစတြေးလျ စီးပွားရေးကောင်စီသည် ၂၀၃၀ ပြည့်နှစ်မတိုင်မီ ကာဗွန်ထုတ်လွှတ်မှုကို ၂၀၀၅ ခုနှစ် အဆင့်အောက် ၅၀ ရာခိုင်နှုန်း လျှော့ချနိုင်လျှင် တိုင်းပြည်စီးပွားရေး
အတွက် ကြီးမားသော အကျိုးကျေးဇူး ရရှိစေနိုင်သည်ဟု ပြောကြားခဲ့သည်။

ဩစတြေးလျသည် ကမ္ဘာ့စတုတ္ထအကြီးအဆုံး စွမ်းအင်တင်ပို့သူများဖြစ်ပြီး အစိုးရ၏ အဓိကပန်းတိုင်မှာ ဓါတ်ငွေ့၊ ကျောက်မီး သွေး၊ အကြီးစား ထုတ်လုပ်ရေးနှင့် စိုက်ပျိုးရေးတို့ အပါ အဝင် အဓိကစက်မှုလုပ်ငန်းများကို အကာအကွယ် ပေးရန်နှင့် ကာဗွန် စုပ်ယူခြင်းနှင့်သိုလှောင်မှု၊ မြေဆီလွှာ ကာဗွန်ထုတ်လွှတ်မှုတို့ကို လျှော့ချရန်ဖြစ်ကြောင်း ဝန်ကြီးတေလာက ဆက်လက် ပြောကြားခဲ့သည်။