၂၀၂၁ခုနှစ်၊ အောက်တိုဘာ ၁၃

မြန်မာနိုင်ငံတွင် ပင်လယ်နှင့်ကုန်းပေါ်တို့၌ သေဆုံးနေသည့် လိပ်များမှာ တစ်နှစ်လျှင် ပျမ်းမျှအကောင်ရေ ၂၀ ခန့်ရှိကြောင်းနှင့် လိပ်မျိုးစိတ် ၃၁ မျိုးရှိသည့်အထဲတွင် ၂၃ မျိုးမှာ မျိုးတုံးမည့်အန္တရာယ်ဖြင့် ရင်ဆိုင်နေရကြောင်း လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့မှ သိရသည်။

လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့(TSA)မှ ဒါရိုက်တာ ဒေါ်ကလျာက “မြန်မာနိုင်ငံမှာ ရေချိုလိပ်ရော ရေချိုလိပ်ဆိုတာ မြစ်တွေ ချောင်းတွေမှာနေတယ်။ တောတောင်တွေထဲမှာနေတဲ့ ရေချိုလိပ်တွေရော။ နောက် ပင်လယ်ထဲမှာနေတဲ့ ပင်လယ်လိပ်တွေရောဆိုရင် စုစုပေါင်း မျိုးစိတ် ၃၁ မျိုးရှိတယ်။ အဲ့ဒီ ၃၁ မျိုးထဲမှာ မျိုးစိတ်ပေါင်း တော်တော် များများက မျိုးတုံးလုနီးပါးကို ဖြစ်နေပြီ။ အတိအကျပြောရရင် မျိုးတုံးမှုအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ မျိုးစိတ် ပေါင်းက ၂၃ မျိုးရှိတယ်။ သူတို့က မျိုးတုံးဖို့အန္တရာယ် အရမ်းကိုနီးကပ်နေပြီ။ နီးကပ်နေပြီဆိုတာ အကောင် အရေအတွက်တွေ တော်တော်ကို နည်းပါးလာပြီ” ဟု CNI သတင်းဌာနသို့ ပြောသည်။

လိပ်မျိုးစိတ်များသည် ငါးဖမ်းသမားများကြောင့် အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခြင်း၊ ပြင်ပသို့ တရားမဝင် တင်ပို့ ရောင်းချခြင်း၊ အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးမြူကြခြင်း၊ သတ်ဖြတ်စားသုံးခြင်း အစရှိသည်တို့ကြောင့် အများစုမှာ မျိုးတုံးမည့်အန္တရာယ်ဖြင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ဒေါ်ကလျာက ရှင်းပြသည်။
မြန်မာနိုင်ငံတွင် လိပ်ဇောင်းလျား၊ လိပ်ကြက်တူရွေး၊ ပြင်သာလိပ်၊ လိပ်လှောင်း၊ လိပ်ခွေးဟူ၍ ပင်လယ်လိပ်ငါးမျိုး ကျက်စားနေထိုင်နေသည်ဟုဆိုသော်လည်း လက်ရှိတွင် အချို့မျိုးစိတ်များမှာ မတွေ့ရှိရတော့ကြောင်းလည်း သိရသည်။

“ငါးဖမ်းတဲ့နည်းစနစ်တွေကို ကြီးကြပ်ပေးရမှာ။ ဒါက နိုင်ငံတော်က သတ်မှတ်ရမယ့် ဥပဒေတွေပေါ့။ ဥပမာ ပင်လယ်မှာ ငါးဖမ်းရင် ပင်လယ်လိပ်ဆိုတာ ကာကွယ်ထားတဲ့သတ္တဝါဖြစ်တဲ့အတွက် ပင်လယ်လိပ်ဟာ ငါးဖမ်းပိုက်မှာမိရင် အလိုအလျောက်ပြန်ထွက်ရတဲ့ ငါးဖမ်းပိုက်ထဲကနေ ပင်လယ်လိပ်ပြန်ထွက်တဲ့ စက် ကလေးတွေ နိုင်ငံတကာမှာ တပ်ရတယ်။ ဥပ‌ဒေအရလေ။ မြန်မာပြည်မှာလည်း အဲဒီလိုတပ်ဖို့ပေါ့။ ဒါက ပြည်သူလူထုက စည်းကမ်းလိုက်နာရမယ်။ အုပ်ချုပ်တဲ့အစိုးရက နည်း၊ စည်းမျဉ်းစည်းကမ်းတွေ အကုန်လုံး ချမှတ်ပေးရမယ်။ အဲဒါမှပိုပြီးတော့ အောင်‌အောင်မြင်မြင်နဲ့ ထိန်းသိမ်းနိုင်မှာလေ” ဟု လိပ်မျိုးဆက်ရှင်သန်ရေး အဖွဲ့မှ ဒါရိုက်တာ ဒေါ်ကလျာက ဆိုသည်။

ဇီဝမျိုးကွဲနှင့်သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(က) အရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီးသတ်ဖြတ်ပါက အနည်းဆုံးထောင်ဒဏ် ၃ နှစ်မှ အများဆုံး ၁၀ နှစ်အထိ ချမှတ်နိုင်သည်ဟု ဥပဒေတွင်ဖော်ပြထားသည်။
ကုန်းမြေပေါ်တွင် ကျက်စားနေထိုင်သည့် လိပ်များကို ကုန်းလိပ်(Tortoise)ဟု ခေါ်ကြပြီး ရေတွင် ကျက်စား နေထိုင်သော လိပ်များကို ရေလိပ်(Turtle)ဟုခေါ်ဆိုကြသည်။

လိပ်များ၏ ကျောခွံကိုကြည့်၍ ခွံပျော့လိပ်နှင့် ခွံမာလိပ်ဟူ၍ ခွဲခြားနိုင်ပြီး ရေချိုမြစ်၊ ချောင်းများတွင် နေထိုင်သော လိပ်များကို ရေချိုလိပ်(Fresh Water Turtle)နှင့် ပင်လယ်ရေငန်တွင် ကျက်စားနေထိုင်သော လိပ်များကို ပင်လယ် လိပ်(Sea Turtle)ဟူ၍လည်း ခေါ်ဆိုကြသည်။

ပင်လယ်လိပ်များသည် ၎င်းတို့နေထိုင်ကျက်စားရာ ဒေသများတွင် ပေါက်ရောက်လျက်ရှိသော ပင်လယ်မြက်၊ ရေညှိ၊ရေမှော်များကို စားသုံး၍ ၎င်းတို့၏ စွန့်ပစ်အညစ်အကြေးများမှ ဩဇာဓာတ်များဖြစ်ပေါ်ကာ ၎င်းအား ငါး၊ပုစွန် အစရှိသည့် ရေနေသက်ရှိသတ္တဝါမျိုးစိတ်တို့က ပြန်လည်စားသုံးပြီး ပေါက်ပွားရှင်သန်ရန်အတွက် ဖန်တီးပေးကြောင်း ဝီကီပီးဒီးယားမှ သိရသည်။

ပင်လယ်လိပ်များသည် ပင်လယ်ရေထုကို အဆိပ်အတောက်ဖြစ်စေသည့် ပင်လယ်ဒီရေနီ(Red Tide) ဖြစ်ပေါ် စေနိုင်သော အရာများကို စားသုံးသည့် မျိုးစိတ်များဖြစ်သည့်အပြင် ပင်လယ်ပြင်ဂေဟစနစ် ဆက်စပ်မှုတွင် အရေးပါ အရာရောက်သည့်သတ္တဝါဖြစ်သည်။

ထို့ကြောင့် ပင်လယ်လိပ်များသည် ပင်လယ်၌နေထိုင်ကျက်စားသော အခြားရေနေသတ္တဝါမျိုးစိတ်များ အသက်ရှင်သန် ကြီးထွားမျိုးပွားရေးအတွက် အရေးပါသောသတ္တဝါ ဖြစ်သည်။