- By CNI
- Category: Watch TV
- Hits: 395
- By CNI
- Category: Watch TV
- Hits: 364
- By CNI
- Category: စီးပွားရေး
- Hits: 1129
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၃
ကိုဗစ်-၁၉ ရောဂါကြောင့် ၂ နှစ်ကျော်ကြာ ပိတ်ထားသည့် တရုတ်နိုင်ငံအတွင်းရှိ ဂျယ်ဂေါင် - ရွှေလီဂိတ် အပါအဝင် အကောက်ခွန်ဂိတ်နှင့် ဂျယ်ဂေါင် - ရွှေလီတံတားတို့ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်၍ မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်တစ်ခုဖြစ်သည့် မူဆယ် - ဂျယ်ဂေါင် (မန့်ဝိန်း)ဂိတ်ကို မကြာခင် ပြန်လည် ဖွင့်လှစ်လာနိုင်ကြောင်း နယ်စပ်ကုန်သည်များက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ဂျယ်ဂေါင်နှင့် ရွှေလီသို့ ဖြတ်သန်းခွင့် ပြုလိုက်ခြင်းကြောင့် တရုတ် နှစ်သစ် ကူးကာလ အလွန်တွင် မန့်ဝိန်းဂိတ်ကို ဖွင့်လာနိုင်ကြောင်း မျှော်လင့်ထားသည်ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။
တရုတ်ဘက်ကို ကုန်ပို့သော မြန်မာကုန်ကားများကိုတွေ့ရစဉ် (STR)
၎င်းက “တရုတ်ပြည် အတွင်းမှာရှိတဲ့ ပြီးခဲ့တဲ့ ၂ နှစ်ကျော်က ပိတ်ထားတဲ့ ဂျယ်ဂေါင် - ရွှေလီဂိတ်ကိုလည်း ပြန်ဖွင့် လိုက်ပြီ။ ရွှေလီတံတား ထိပ်မှာရှိတဲ့ အကောက်ခွန်ဂိတ်ကိုလည်း ပြန်ဖွင့်လိုက်ပြီ။ နောက်တစ်ခါ ရွှေလီတံတားကို လည်း ပြန်ဖွင့်လိုက်ပြီ။ ဒါကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က စပြီးတော့ ရွှေလီကလူက ဂျယ်ဂေါင်ကို သွား လို့ ရတယ်။ ဂျယ်ဂေါင်ကလူက ရွှေလီကို လွတ်လွတ်လပ်လပ် သွားလို့ရတယ်။ နောက်တစ်ခါ ကိုဗစ်စည်းကမ်း ချက်တွေလည်း တော်တော်များများ ဖြေလျှော့လိုက်တယ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့ကစပြီး တရုတ်ပြည်ထဲမှာ။ တရုတ် - မြန်မာ နယ်စပ်ဂိတ် မဖွင့်သေးတာပဲ ရှိတယ်။ ဂျယ်ဂေါင်ဆိုတာက မူဆယ်နဲ့ ခြံစည်းရိုးပဲ ခြားတယ်။ ဂျယ်ဂေါင်နဲ့ မူဆယ်မှာ မန့်ဝိန်းဂိတ်ဆိုတာ ရှိတယ်။ အဲဒီဂိတ်က ကုန်တင်ကားတွေ တစ်နေ့ကို အစီးရေ ၄၀၀ ကနေ ၅၀၀၊ ၆၀၀ လောက် ဝင်ထွက်နေတဲ့ဂိတ်။ အဲဂိတ်က ပိတ်ထားတာ ၂ နှစ်ကျော်လောက်ရှိပြီ။ တကယ်လို့များ အဲဒီဂိတ်ကို ပြန်ဖွင့်လိုက်ပြီဆိုရင်တော့ ကုန်သွယ်မှုက ပြန်မြင့်လာမယ်လို့ မျှော်လင့်တယ်။ တဖြည်းဖြည်းနဲ့ အဲဒီ ဂိတ်ကို ပြန်ဖွင့်ဖို့ တော်တော်လေး နီးစပ်လာပါပြီ။ ဘာလို့လဲဆိုတော့ တရုတ်ပြည်ကလည်း ဖြေလျှော့မှုတွေ တအားလုပ်နေတယ်။ နောက်တစ်ခါ တရုတ်ပြည်က လူတွေ ခန့်မှန်းတာကလည်း လာမယ့် တရုတ်နှစ်သစ်ကူး ဇန်နဝါရီ ၂၀ ဆိုရင် တရုတ်နှစ်သစ်ကူး ပြီးပြီ။ တရုတ်နှစ်သစ်ကူး နောက်ပိုင်းဆိုရင် မူဆယ် - ဂျယ်ဂေါင်ဂိတ်ကို လည်း ပြန်ဖွင့်မယ်လို့ မျှော်လင့်ချက် ရှိတယ်။ ဒါကြောင့် မူဆယ် - ဂျယ်ဂေါင်ဂိတ်ကို ပြန်ဖွင့်ပြီဆိုရင်တော့ ကုန် သွယ်မှု အလားအလာက ဒီထက် ပိုဖြစ်လာမယ်” ဟု ပြောသည်။
တရုတ်ဘက်မှာ ပိတ်မိနေသော မြန်မာကုန်ကားများကိုတွေ့ရစဉ် (STR)
မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် မန့်ဝိန်းဂိတ်သည် အဓိက ကုန်သွယ်မှု ပြုလုပ်သည့် ဂိတ်တစ်ခုဖြစ်ပြီး နေ့စဉ် ကုန်တင်ကား အစီးရေ ၄၀၀ မှ ၆၀၀ အထိ ဝင်ထွက်လျက်ရှိကြောင်း သိရသည်။
မူဆယ်မြို့နှင့် တရုတ်နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုကြောင့် အဆိုပါဂိတ်ကို ၂၀၂၁ ခုနှစ်၊ ဧပြီလဆန်းပိုင်းမှ စတင်၍ တရုတ်နိုင်ငံဘက်မှ ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် မန့်ဝိန်းဂိတ် ပြန်လည်ဖွင့်လှစ် လာပါက ဝင်ငွေများ ပြန်လည်တိုးတက်လာမည်ဟု မူဆယ် ကုန်ကား သမားတစ်ဦးဖြစ်သူ ကိုဆန်းဝင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဖွင့်ရင်တော့ ပိုကောင်းတာပေါ့ဗျာ။ ကျနော်တို့အတွက်ရယ် မဟုတ်ပါဘူး၊ တစ်နိုင်ငံလုံးအတွက် ကောင်း သွားတာပေါ့။ လုပ်ငန်းကိုင်ငန်းတွေ ပွင့်လာမှာပေါ့။ မျှော်လင့်တာပေါ့။ တစ်ရက်ကို ၁၀ သိန်း ၁၅ သိန်း ရမှာကိုး။ ကျနော်တို့က အဲဒီဘက်မှာပဲ အလုပ်လုပ်တာလေ။ တကယ်လို့ ဖွင့်တယ်ဆိုလို့ရှိရင် ကျနော်တို့ဝင်ငွေက တစ်ရက် ကို ၁၅ သိန်း၊ သိန်း ၂၀ လောက် ဝင်မှာလေ” ဟု ပြောသည်။
ရှမ်းပြည်နယ်အတွင်းတွင် တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ် ၆ ခုရှိသော်လည်း လက်ရှိတွင် ကျင်းစန်း ကျော့ဂိတ်နှင့် ချင်းရွှေဟော်ဂိတ် တို့ကိုသာ ဖွင့်လှစ်ထားကြောင်း၊ မန့်ဝိန်းဂိတ်၊ ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်နှင့် ပန်းဆန်း(ကြူကုတ်)ဂိတ်တို့ကို ဆက်လက် ပိတ်ထားဆဲ ဖြစ်သည်။
- By CNI
- Category: Watch TV
- Hits: 369
- By CNI
- Category: စီးပွားရေး
- Hits: 1778
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂
မလေးရှားတွင် နိုင်ငံခြားသားအလုပ်သမား ၄ သိန်းနီးပါး ခေါ်ယူရန်ရှိသော်လည်း ခေါ်ယူမည့် နိုင်ငံများကို အတိ အကျ မဖော်ပြထားသဖြင့် မြန်မာနိုင်ငံမှ လာရောက် လုပ်ကိုင်ချင်သူများအနေဖြင့် လူလိမ်၊ ပွဲစားများကို သတိထား ကြရန် မလေးရှားရှိ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားတွင် နိုင်ငံခြာသား အလုပ်သမားများအား ခေါ်ယူရန်အတွက် မလေးရှားလူဝင်မှုကြီးကြပ်ရေးသို့ လျှောက်လွှာ ၄ သိန်းကျော် တင်ထားသည့်အထဲမှ လျှောက်လွှာ ၃ သိန်း ၇ သောင်းကျော်အား အလုပ်သမား ခေါ်ယူရန် အတည်ပြုခဲ့ကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးချုပ်အသစ်က ပြောကြားခဲ့ခြင်းဖြစ်သည်။
မလေးရှားတွင် မြန်မာများအား ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက “တချို့ အေဂျင့် ပွဲစားတွေက ဒီသတင်းတွေကို အခွင့်အရေးယူပြီး သူတို့က လူခေါ်နေပြီ ဘာညာဆိုပြီးတော့ ပို့စ်တွေတင် ဘာတွေတင်။ သူတို့ လိုချင်တဲ့အချက်တွေပဲ ဆွဲယူပြီးတော့ လူခေါ်တာတွေ ဘာတွေရှိတာပေါ့။ လူတွေကို မြူဆွယ်တာတွေ ရှိတာပေါ့။ အသေးစိတ်ကိုတော့ ချပြတာ ရှိတာမဟုတ်ဘူး။ အဲဒါကြောင့် တကယ်ပဲ လာချင်တဲ့လူတွေ ငွေကြေးမှာ လက်မလွန်ဖို့ အထူးသတိပြုရမှာပေါ့။ ခံရမယ်ဆို ကိုယ်တွေက အရင်ခံရမှာ။ အဲဒီ ၄ သိန်းနီးပါးကလည်း သူ အသေးစိတ်တော့ ရေးချပြထားတာမရှိဘူး။ အဲဒီ ၄ သိန်းနီးပါးက ဟိုအရင် အစိုးရက အစိုးရ အချင်းချင်း သဘော တူ လက်မှတ်ထိုးတားတဲ့ အလုပ်သမားတွေလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ အစိုးရ တုန်း က ဘင်္ဂလားဒေ့ရှ်ကနေ အယောက် ၅ သိန်းအထိယူဖို့ကို သူတို့ အစိုးရအချင်းချင်း သဘောတူ လက်မှတ် ရေးထိုးထားတာရှိတယ်လေ။ အဓိကကတော့ ဘင်္ဂလားဒေ့ရှ်ရယ် အင်ဒိုနီးရှားနိုင်ငံရယ်ကို သူတို့ အစိုးရ အချင်း ချင်း သဘောတူ လက်မှတ်ရေးထိုးထားတာ ရှိတယ်။ အဲဒီလူတွေကို သူတို့ approve လုပ်တာပဲလား။ လူသစ်ခေါ်ဖို့ ပဲလားဆိုတာတော့ အသေးစိတ်ရေးထားတာမရှိဘူး။ ဒါပေမယ့် ကျနော်ထင်တာကတော့ အများဆုံးဖြစ်နိုင်ဖို့က တော့ သူတို့ သဘောတူထားတဲ့ အလုပ်သမားတွေကို လာဖို့အတွက် ခွင့်ပြုလိုက်တာပဲလို့ ထင်ပါတယ်။ နောက် ထပ် အသစ်ထပ်ခေါ်ဖို့ ဆိုတာကတော့ ရေးထားပြောထားတာ မရှိသေးသလို ကျနော်တို့ မြန်မာနိုင်ငံက အလုပ် သမားတွေ ခေါ်ယူဖို့ဆိုတာလည်း ပြောထားတာလည်း မရှိသေးဘူးပေါ့နော်” ဟု ပြောသည်။
နိုင်ငံတကာ ရွှေ့ပြောင်းလုပ်သားများကို မလေးရှားတွင် တွေ့ရစဉ်
မလေးရှားနိုင်ငံတွင် ဇန်နဝါရီ ၁ ရက်နေ့မှ ဒီဇင်ဘာ ၄ ရက်နေ့အထိ နိုင်ငံခြားသား အလုပ်သမားခေါ်ယူရန် အလုပ် ရှင်များက တင်ထားသည့် လျှောက်လွှာ ၄ သိန်းကျော်ထဲမှ ကျန်ရှိသည့် လျှောက်လွှာ ၃ သောင်းကျော်ကိုလည်း ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မလေးရှား၏ အစိုးရအသစ်တွင် ၎င်းတို့လက်ထက်၌ ခေါ်ယူမည့် နိုင်ငံခြားသား အလုပ်သမား ၄ သိန်းနီးပါးမှာ မည်သည့်နိုင်ငံမှ အလုပ်သမားဦးရေ မည်မျှ ခေါ်ယူမည်ဆိုသည့် မူဝါဒ သတ်မှတ်ချက်မျိုး ရှိနိုင်သည်ဟု မလေးရှား ရှိ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက သုံးသပ်ကြသည်။
ထိုသို့ အများအပြား ခေါ်ယူသည့် အထဲတွင် မြန်မာ အလုပ်သမားများကိုလည်း ခေါ်ယူစေချင်ကြောင်း မလေးရှားမှ မြန်မာရွှေ့ပြောင်း အလုပ်သမား ကူညီမှု အဖွဲ့အစည်းမှ အထွေထွေအတွင်းရေးမှူး ဦးချစ်ကောင်းက CNI သတင်း ဌာနသို့ ပြောသည်။
မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများကို မလေးရှားတွင် တွေ့ရစဉ်
“ဟိုဘက်က သူ့ရဲ့ မူဝါဒကို ခိုင်ခိုင်မာမာ တိတိကျကျ သူတို့ထွက်ပေးရမှာလေ။ ထွက်ပေးတဲ့အချိန်ကျ သိရပြီ ဆိုရင်တော့ ဘယ်သူကတော့ မှန်တယ်ဆိုတာ အလုပ်သမားတွေကို ခွဲခြားပေးလို့ရပြီ။ ခေါ်စေချင်တာပေါ့နော်။ ဒါပေမယ့် သူတို့ရဲ့ အစိုးရနှစ်ခုရဲ့ကြားမှာ ဆက်သွယ်တဲ့ ပေါင်းကူး အခြေအနေက ဘယ်လိုရှိလဲဆိုတာကို ကျနော် တို့ကလည်း ဂဃနဏ မသိရသေးဘူးလေ။ အဲဒီအပေါ်မှာလည်း သက်ရောက်မှု ရှိမယ်လို့တော့ ကျနော် ထင်တယ်။ အဲဒီလို အဆင်ပြေမှလည်း ကိုယ့်အလုပ်သမား အဆင်ပြေမှာလေ။ ခေါ်တဲ့နေရာမှာလည်း ကိုယ့်လူမျိုးကို နည်း နည်းလေး ဦးစားပေးတဲ့ ပုံစံမျိုး ခေါ်မလား။ အဲဒီလို ခေါ်မယ်ဆို ပိုဝမ်းသာတာပေါ့။ အဲဒီလို အကောင်းဆုံးတော့ မျှော်လင့်ထားတယ်။ ဒါပေမယ့် သူတို့ရဲ့ နိုင်ငံရေး ပေါ်လစီကြတော့ ထဲထဲဝင်ဝင် မသိရသေးဘူးလေ။ အခုမှ အသစ်က တက်ကာစဆိုတော့”ဟု ၎င်းက ပြောသည်။
မလေးရှားနိုင်ငံတွင် ပြီးခဲ့သည့် အစိုးရလက်ထက်၌ နိုင်ငံခြားသား အလုပ်သမားများအား နှစ်နိုင်ငံ အစိုးရချင်း သဘောတူညီမှုဖြင့် ခေါ်ယူခဲ့ရာ၌ မြန်မာနိုင်ငံမှ အလုပ်သမားများကိုတော့ အစိုးရချင်း သဘောတူညီမှုဖြင့် ခေါ်ယူမှုမရှိဘဲ ကိုဗစ်မတိုင်ခင်က ခေါ်ယူရန်ကျထားသည့် အလုပ်သမားများကိုသာ ခေါ်ယူနေခြင်း ဖြစ်သည်။
သို့သော် စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမား လိုအပ်ချက်ကြောင့် မြန်မာအလုပ်သမားများကို ခေါ်ချင်ပါက ဝန်ကြီး ဌာနသို့ တင်ပြရပြီး ခွင့်ပြုမှသာ ခေါ်ယူခွင့် ရှိကြောင်း၊ ထိုသို့ ခေါ်ယူရာတွင်လည်း လူဦးရေ အင်မတန်နည်းသည့် ပမာဏသာ ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။
မလေးရှားအာဏာပိုင်များကိုတွေ့ရစဉ်
ဦးဘာဘူကြီးက “တကယ်ပဲ ဒီအေးဂျင့်တို့ ဘာတို့က မလိမ်ညာဘူး သေချာတယ်ဆိုရင် သူတို့ဆီကနေ မလေးရှား အစိုးရက ခွင့်ပြုထားတဲ့ ခေါ်စာကို မိတ္တူတောင်းလိုက်ပါ။ ပြီးတော့ ကျနော့်ဆီ ပို့ပြပါ။ အဲဒီကျရင် ကျနော် ဟုတ်၊ မဟုတ်ဆိုတာ စုံစမ်းစစ်ဆေးပေးလို့ ရပါတယ်။ ဘယ်လုပ်ငန်းကနေ ဘယ်စက်ရုံကနေ ခေါ်လဲဆိုတာ ကျနော် ဆက်သွယ်မေးမြန်းပြီးတော့ အတည်ပြုပေးလို့ ရပါတယ်။ အမှန်တိုင်း ပြောရရင်တော့ လက်ရှိအချိန်မှာ လိမ်လည် တဲ့ လူတွေကတော့ အများကြီးပါ။ ဖြစ်နိုင်လို့ရှိရင် သေသေချာချာ လေ့လာစုံစမ်းကြပါလို့ ပြောချင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ၌ ယာယီ အလုပ်လည်ပတ်ခွင့် လက်မှတ် ကိုင်ဆောင်ထားသည့် နိုင်ငံခြားသား အလုပ် သမား ဦးရေသည် ၁ ဒဿမ ၄ သန်းခန့်ရှိပြီး ထိုထဲတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၌ ၅ သိန်းကျော်၊ ဆောက်လုပ်ရေး လုပ်ငန်းတွင် ၃ သိန်းကျော်၊ ဝန်ဆောင်မှုလုပ်ငန်းတွင် ၁ သိန်းကျော်နှင့် စိုက်ပျိုးရေးလုပ်ငန်းတွင် ၁ သိန်းကျော် တို့ ဖြစ်ကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1384
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် ယခုကာလ၌ လျှပ်စစ်မီး ပြတ်တောက်မှု မကြာခဏ ဖြစ်ပေါ်နေပြီး တချို့သော နေရာများမှာတော့ လျှပ်စစ်မီး ပြတ်ချိန်သည် ၄ နာရီမှ ၅ နာရီအထိ ကြာမြင့်နေခြင်းကြောင့် လျှပ်စစ်မီးကို မှီခိုနေရသည့် အသေးစားနှင့် အလတ်စား လုပ်ငန်းများ အခက်တွေ့လာနေကြောင်း သိရသည်။
လျှပ်စစ်မီး ပြတ်တောက်ချိန်တွင် မီးစက်များကို အသုံးပြုရခြင်းကြောင့် စက်သုံးဆီစရိတ် ပိုလာသဖြင့် အကျိုး အမြတ် နည်းပါးသွားကြောင်း၊ ထို့နောက် လုပ်ငန်းပြီးမြောက်မှု နှောင့်နှေးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ သံပန်း၊ သံတခါးလုပ်ငန်း လုပ်ကိုင်သူ ကိုလှခိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မီးပျက်တော့ အလုပ်လုပ်လို့ မရဘူးပေါ့၊ မီးစက်နဲ့ လုပ်ရတာပေါ့။ အကျိုးအမြတ်ကတော့ မီးလာရင်တော့ ကုန်ကျစရိတ် မကုန်ဘူးပေါ့ဗျာ။ မီတာခပဲ ကုန်တာပေါ့။ မီးစက်မောင်းလုပ်တော့ ဆီဖိုးတွေ ကုန်တာပေါ့။ မီးစက် မရှိတဲ့လူ မီးစက် ဝယ်ရတာပေါ့။ လက်ရှိ မီးမလာနိုင်ဘူး၊ တချို့ မဝယ်နိုင်တဲ့ သူတွေဆိုရင်တော့ မီးလာတဲ့အချိန်ကို စောင့်လုပ်ပေါ့။ မီးလာလို့ စောင့်လုပ်တဲ့အချိန်မှာ အချိန်တော့ ပိုကြာသွားတာပေါ့ဗျာ။ လေဘာစရိတ်တွေ ဘာတွေ ပိုထောင်းတာပေါ့ဗျာ။ မီးပုံမှန် လာနေရင်တော့ အဆင်ပြေတာပေါ့ ခရီးရောက်တာပေါ့။ မီးစက်နဲ့လုပ်တဲ့ အခါကျ တော့ မီးစက်က အကြီးကြီးလည်း မဝယ်နိုင်ဘူးလေဗျာ။ အသေးဆိုတော့ ၃ ယောက်လုပ် လုပ်ရမယ့် နေရာက ၁ ယောက်လောက်ပဲ လုပ်ရတာပေါ့။ လောလောဆယ် ချိန်းထားတဲ့ ရက်လေးတွေ ကျော်သွားတာမျိုးတွေတော့ ရှိတာပေါ့လေ။ ဒါပေမယ့် Consumer ကို နားလည်အောင် ပြောပြပြီး တောင်းပန်ရတာပေါ့။ လျှပ်စစ်မီးလာတဲ့ အခါကျတော့ ၃ ယောက်ဆိုလည်း ၃ ယောက် ဝိုင်းလုပ်လို့ရတာပေါ့ ဒါမျိုးလေးတွေ ကွာတာပေါ့” ဟု ပြောသည်။
လျှပ်စစ်မီးပြတ်၍ ဖယောင်းတိုင်မီး ထွန်းထားရစဉ်
အသေးစားနှင့် အလတ်စား လုပ်ငန်းများသည် ပြီးခဲ့သည့် ကိုဗစ်ကာလတွင် ဆုံးရှုံးမှု များပြားခဲ့ပြီးနောက် ယခုမှ ပြန်လည် လည်ပတ်လာနေသည့် ကာလဖြစ်သော်လည်း လတ်တလော လျှပ်စစ်မီး ပြတ်တောက်မှု ပိုမို ကြာမြင့်လာခြင်းကြောင့် အခက်အခဲများ ဖြစ်နေကြောင်း လုပ်ငန်းရှင်များက ပြောသည်။
ထို့အပြင် မီးစက်အသုံးပြု၍ လုပ်ကိုင်ရခြင်းကြောင့် လုပ်ငန်းလာရောက် အပ်နှံသူများကို ဈေးနှုန်းတိုး၍ တောင်းခံရခြင်းများလည်း ရှိသည်ဟု မိတ္တူဆိုင်ပိုင်ရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သက်ရောက်မှုကတော့ အလုပ်မဖြစ်တာပေါ့ဗျာ။ Consumer တွေ လာတဲ့အချိန်မှာ မီးကပျက်နေရင် အလုပ်က လုပ်မရဘူးပေါ့။ ဒါဆိုရင်တော့ ဒီလို မီးပျက်တယ်ဆိုရင် မီးစက်သုံးရတာပေါ့နော်။ မီးစက်နဲ့ဆိုရင်တော့ ဈေးတစ်မျိုး ယူရတာပေါ့နော်။ အဲလိုမျိုးပေါ့ အပြောင်းအလဲတော့ နည်းနည်းရှိတာပေါ့” ဟု ပြောသည်။
မီးစက်နှိုးအလုပ်လုပ်ကြရန် ပြင်ဆင်နေစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခင်က လျှပ်စစ်မီးကို အလှည့်ကျဖြင့် တစ်နေ့လျှင် ၃ နာရီသာ ပြတ်တောက် သော်လည်း လက်ရှိတွင် တစ်နေ့လျှင် ၄ နာရီကြာ ပြတ်တောက်လာကြောင်း၊ တချို့သော မြို့နယ်များတွင် ၈ နာရီအထိ ပြတ်တောက်မှုများလည်း ရှိကြောင်း သိရသည်။
ရေအားလျှပ်စစ် စက်ရုံများမှ ဓါတ်အား ထုတ်လုပ်နိုင်မှု လျော့နည်းလာခြင်း၊ သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်စက်ရုံ တချို့ ပြင်ဆင်ထိန်းသိမ်းနေခြင်း၊ လာမည့် နွေရာသီကာလ ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ရန်အတွက် ရေ လှောင်တမံများရှိ သိုလှောင်ဆည် ရေကို မျှတထိန်းညှိ မောင်းနှင်နေရခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အား ထုတ် လုပ်နိုင်မှု မလုံလောက်ဘဲ ဖြစ်နေကြောင်း သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံ တဝှမ်းလုံးရှိ အများပြည်သူများအား အလှည့်ကျ ဝန်အားလျှော့ချ ဓာတ်အားဖြန့်ဖြူးပေး နေရကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ထုတ်ပြန် ကြေညာထားသည်။
- By CNI
- Category: ဆောင်းပါး
- Hits: 2740
CNI International Article
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၁
တရုတ်သည် ဆော်ဒီနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်ပြီး ဆော်ဒီသည် တရုတ်၏အကြီးမားဆုံး ရေနံဝယ်လက် ဖြစ်နေခြင်းကြောင့် နှစ်နိုင်ငံ ခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးမှုများမှာ သိပ်မထူးခြား ခြေ။ သို့သော် ယခုတစ်ကြိမ်တွင်တော့ ထူးခြားမှုတချို့ ရှိလာနေပြီ ဖြစ်သည်။
တရုတ်သမ္မတ ရှီ (Xi Jinping)က ဆော်ဒီမြေကို ခြေမချခင်ကတည်းက အမေရိကန်ကို နှပ်ချရန်၊ ဒေသတွင်း အမေရိကန်၏ သြဇာသက်ရောက်မှုကို စွက်ဖက်ရန် ပြောဆိုမှုများ ရှိခဲ့သည်။
တစ်ဖက်တွင်လည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)က အရှေ့အလယ်ပိုင်းဒေသတွင် တရုတ်၊ ရုရှား နှင့် အီရန်တို့နေရာ ရလာမည်ကို အမေရိကန်ဘက်က လက်ခံသွားမည် မဟုတ်ဟု ပြောခဲ့သည်။ လွန်ခဲ့တဲ့ ၅ လ ဆော်ဒီခရီးစဉ်တွင် ဘိုင်ဒန်က ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။
အာဖဂန်မှ အမေရိကန်တပ်များ ထွက်ခွာလာရခြင်းမှာလည်း ပင်လယ်ကွေ့နှင့် ဒေသတွင်းမှ နိုင်ငံများအတွက် အရင်းအမြစ်များ ပိုမိုရရှိရန် ဆောင်ရွက်ခြင်းသာ ဖြစ်သည်ဟု ဘိုင်ဒန်က အရှေ့အလယ်ပိုင်း မဟာမိတ်များကို စိတ်အေးရန် ပြောကြားခဲ့ရသည်။
သို့သော် ထိုပြောဆိုချက်များက တရုတ်နှင့် ဆော်ဒီ၏ ဆက်ဆံရေးများ ရှေ့မတိုးလာစေရန် အဟန့်အတား မဖြစ် ခဲ့ပါခြေ။ ရှီ၏ ဒီဇင်ဘာ ၇ ရက်မှ ၉ ရက်နေ့ ဆော်ဒီခရီးစဉ်အတွင်း ဆော်ဒီခေါင်းဆောင်များအပြင် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်မှု ကောင်စီ (GCC) နှင့် သီးခြား ညီလာခံများပါ ဆောင်ရွက်နိုင်ခဲ့သည်။
အမေရိကန်တို့အတွက် ပိုပြီးမျက်ခုံးလှုပ်ရသည်မှာ အာရပ်ခေါင်းဆောင်များက ရှီနှင့်ဆွေးနွေးပွဲများကို ဘိုင်ဒန်နှင့် ဆွေးနွေးပွဲများထက် ပို၍ ခမ်းနားအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက မည်သည့်အတွက်ကြောင့် ယခုကဲ့ သို့ လုပ်ဆောင်ရသလဲဆိုသည့် မေးခွန်းကို ပေါ်ထွက်လာစေသည်။
အဘယ့်ကြောင့်ဆိုသော် အမေရိကန်- ဆော်ဒီ ဆက်ဆံရေးသည် အမေရိကန်-တရုတ် ဆက်ဆံရေးခဲ့သို့ပင် မကျေလည်မှု တချို့ ရှိနေခြင်းကြောင့် ဖြစ်သည်။ အမေရိကန်ဘက်က ဆော်ဒီနှင့်ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းရန် ကြိုးပမ်းနေရင်းနှင့်ပင် ယခုကဲ့သို့ ဖြစ်နေရခြင်း ဖြစ်သည်။
ဘိုင်ဒန်နဲ့ ဆော်ဒီမင်းသားကို တွေ့ရစဉ် (GETTY IMAGES)
ဆော်ဒီနှင့် တရုတ်တို့သည် ယူကရိန်း အရေးနှင့်ပတ်သက်၍ ရုရှားနိုင်ငံအပေါ် ၎င်းတို့၏ သဘောထားကြောင့် အမေရိကန်၏ ဖိအားပေးခြင်းနှင့် ရင်ဆိုင်နေရသည်။
ထိုအခြေအနေကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုကောင်းလာကာ ပို၍ နီးကပ်မှု ရှိလာခြင်း ဖြစ်သည်။ ပင်လယ် ကွေ့ နိုင်ငံများမှ လူငယ်ခေါင်းဆောင် မျိုးဆက်များသည်လည်း လက်ရှိအချိန်တွင် အမေရိကန်နှင့် ပိုမို ကင်းလွတ် ခွင့် ရရှိရေးနှင့် ၎င်းတို့နိုင်ငံများ၏ စွမ်းအင်၊ နည်းပညာနှင့် လုံခြုံရေးဆိုင်ရာ ကဏ္ဍများတွင် ပိုမိုခိုင်မာစေရေး အတွက် ကြိုးပမ်းဆောင်ရွက် လာနေကြသည်။
ထိုအခြေအနေတွင် တရုတ်နိုင်ငံသည် ၎င်းတို့အတွက် သင့်တော်သော မိတ်ဖက်နိုင်ငံတစ်ခု ဖြစ်လာကာ မှီခိုနိုင် သော စွမ်းအင် အရင်းအမြစ်များ ရှာဖွေမှု၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအတွက် ဈေးကွက်ဖြစ်မှု၊ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ကုန်သွယ်မှုတို့ကို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးထက် ပို၍ အလေးထား ဆောင်ရွက်လျက်ရှိသည်။
ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်မှု ကောင်စီ(GCS)သည်ပင် ဝီဂါမူဆလင်များနှင့် ပတ်သက်သည့် တရုတ်နိုင်ငံ၏ အငြင်းပွားဖွယ် မူဝါဒများကို ထောက်ခံသလို ပြောဆိုခဲ့မှုကြောင့် အမေရိကန်နှင့် တခြားနိုင်ငံများ၏ ဝေဖန်မှုဖြင့် ရင်ဆိုင်ခဲ့ရသည်။
၂၀၂၁ ခုနှစ်တွင် ဘိုင်ဒန်အစိုးရက ဆော်ဒီနိုင်ငံ၏ လူ့အခွင့်အရေး မှတ်တမ်းများ ဆိုးရွားနေမှုနှင့်ပတ်သက်၍ ဝေဖန် ခဲ့သည်။
အနောက်နိုင်ငံများ အနေဖြင့်လည်း ရုပ်ကြွင်းလောင်စာများမှ ဂရင်းစွမ်းအင် ပြောင်းလဲရေးနှင့်ပတ်သက်၍ မသိ ကျိုးကျွံ ပြုနေထိုင်ခဲ့ကြသည်။ သို့သော် ယခုနှစ် အစောပိုင်း ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်စစ်က အခြေအ နေများကို ပြောင်းလဲသွားစေခဲ့သည်။
အမေရိကန်နှင့် ဥရောပ မဟာမိတ်များသည် ရုရှားအရေးကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ရှားပါး ခြင်း သို့မဟုတ် ဈေးကြီးခြင်းဖြင့် ရင်ဆိုင်ခဲ့ရသည်။ ထိုအခြေအနေက ကိုဗစ်ကူးစက်မှုမှ ပြန်လည် ထူထောင်စ ၎င်းတို့နိုင်ငံများ၏ စီးပွားရေးကို ခက်ခဲစေခဲ့သည်။
ယူကရိန်းစစ်ပွဲအတွင်းက အခြေအနေကိုတွေ့ရစဉ် (AP)
အမေရိကန်၏ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် ရေနံဈေးကို လျှော့ချရေး ဘိုင်ဒန်၏ ဆော်ဒီနိုင်ငံအပေါ် ပြောဆို စည်းရှုံးမှုများသည် အောင်မြင်ခဲ့ခြင်း မရှိပေ။
ဆော်ဒီ ဦးဆောင်သည့် OPEC အဖွဲ့က ရေနံထုတ်လုပ်မှုကို တိုးမြှင့်ရန် ငြင်းဆန်ခဲ့ခြင်းကြောင့် ဖြစ်သည်။ အခြား သော အနောက်အုပ်စု ခေါင်းဆောင်များကလည်း ၎င်းတို့၏ နည်းလမ်းများဖြင့် ကြိုးစားခဲ့ကြသည်။
ဂျာမနီ ဝန်ကြီးချုပ် အိုလက်ဇ် ရှလို့ဇ် ( Olaf Scholz) သည် ရုရှားမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ နေရာ အစိုးရန် အတွက် ရှာဖွေရန် ပင်လယ်ကွေ့ ဒေသသို့ လာရောက်ခဲ့သည်။
သို့သော် တရုတ်ဘက်က ၎င်းတို့ကို ကျော်ဖြတ်ကာ ဒေါ်လာ ဘီလီယံ ပေါင်းများစွာ တန်ကြေးရှိသော တင်ဒါ စာချုပ်များကို ဒေသတွင်း အုပ်ချုပ်သူများနှင့် ချုပ်ဆိုနိုင်ခဲ့သည်။
ပင်လယ်ကွေ့ ဒေသအတွက် ကစားပွဲအသစ်တွင် စွမ်းအင်ကဏ္ဍသည် အဓိကကျသော်လည်း အမေရိကန်ကတော့ ဒေါသထွက်ရန် တခြားကိစ္စများလည်း ရှိနေသေးသည်။ ယခု ကစားပွဲအသစ်မှာ ယခင်ကထက်ပို၍ ရက်စက် ကြမ်းကြုတ်မှုများလည်း ရှိနေသည်။
အမေရိကန်သည် အရေးပါဆုံး အာဏာလွှမ်းခြုံ ထားနိုင်မှုကို မြှင့်တင်ရန် ဘိုင်ဒန်၏ ကသိုက်ကရိုက် ကြိုးပမ်းမှုက အရှေ့အလယ်ပိုင်းနှင့် တခြားသော ဒေသများတွင် အမေရိကန်၏ လိုအပ်ချက်ကြောင့် လစ်ဟာသွားသော နေရာ များကို တရုတ်က အစားထိုး ဝင်ရောက်လိုခြင်း၊ ဝင်ရောက်နိုင်ခြင်း စသည်တို့ကို ထိတ်လန့်ခြင်းမှ အခြေခံသည်။
ထိုအခြေအနေများကြောင့် အမေရိကန်၏ အာရှဗဟိုပြု မူဝါဒများ ပေါ်ပေါက် လာရခြင်းလည်း ဖြစ်သည်။
အာဆီယံနိုင်ငံများ အစည်းအဝေး ကျင်းပနေစဉ် (GETTY IMAGES)
တရုတ်က ယခင်အချိန်များထက် ပိုမိုကြီးမားသော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို ရရှိရန် အရှေ့အလယ်ပိုင်း နှင့် ပင်လယ်ကွေ့ ဒေသတို့တွင် အားစိုက် ဆောင်ရွက်နေစဉ် အမေရိကန်သည် တရုတ်၏ မြင့်တက်လာမှုကို ထိန်းသိမ်းရန် မူဝါဒများ ပြောင်းလဲ ဆောင်ရွက်လာနေသည်။
တရုတ်သည် ဒီဂျိုဘူတီ (Djibouti) တွင် ရေတပ် အခြေစိုက် စခန်းတစ်ခု တည်ဆောက်ကာ ပါရှန်ပင်လယ်ကွေ့ တွင် စစ်သင်္ဘောအုပ်စုငယ်များ ပို့ဆောင်ထားသည်။
ထို့အပြင် တရုတ်သည် အယ်လ်ဂျီးရီးယား၊ အီဂျစ်၊ ယူအေအီး၊ အီရန်တို့ဖြင့်လည်း မဟာဗျူဟာမြောက် မိတ်ဖက် သဘောတူညီချက်များ ရရှိထားသည်။ အလားတူ ရုရှား၊ အီရန်တို့ဖြင့်လည်း ကြီးမားသော ရေတပ်စစ်ရေး လေ့ကျင့်မှုများ လုပ်ဆောင်ထားသည်။
စွမ်းအင် လိုအပ်ချက် နည်းသော အမေရိကန်နှင့် မတူသည်မှာ တရုတ်သည် စီးပွားရေး တိုးတက်မှု၊ စစ်ရေး ယန္တရားများနှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုအဖြစ် ရှိနေမှုတို့ကို ထိန်းသိမ်းတိုးမြှင့်ရန် ပင်လယ်ကွေ့ဒေသမှ ရေနံနှင့် ဓာတ်ငွေ့ကို လိုအပ်သည်။
အဆိုပါ အခြေအနေများသည် အမေရိကန်ကို ဒေါသဖြစ်စေသည်။ စူပါပါဝါနိုင်ငံ တစ်ခုအနေဖြင့် အမေရိကန်သည် အရှေ့အလယ်ပိုင်း ဒေသကို စစ်ရေး၊ နိုင်ငံရေး စသည်ဖြင့် ဆယ်စုနှစ်ပေါင်းများစွာ လွှမ်းမိုးထားသည်။
တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ကိုတွေ့ရစဉ် (GETTY IMAGES)
ထို့အပြင် အမေရိကန်သည် ပါရှန်ပင်လယ်ကွေ့တွင် ၎င်းတို့၏ အကျိုးစီးပွားကို ကာကွဝ်ရန် လိုအပ်လာပါက စစ်အင်အား အသုံးပြုခွင့်ကိုလည်း ရရှိထားသည်။
GCC နှင့် တရုတ်ဆက်ဆံရေးက သံတမန်ရေးရာ အခြေအနေသစ် တစ်ခုနှင့် ပထဝီဝင် နိုင်ငံရေးဆိုင်ရာ တင်းမာ မှုများအထိ ဖြစ်လာနိုင်ဖွယ် ရှိနေသည်ဟု အမေရိကန်မှ ပြောဆိုမှုများ ရှိလာနိုင်သော်လည်း ထိုကိစ္စကို အဆုံး အဖြတ် ပေးမှာသည် တရုတ်၏ ပြန်လည် ပြင်ဆင်ရေးဝါဒအပေါ်တွင် မူတည်သည်။
ဆိုဗီယက်ယူနီယံနှင့် မတူသည်မှာ တရုတ်က အနောက်အုပ်စု ဦးဆောင်သည့် နိုင်ငံတကာစနစ် အတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ထားကာ တခြားသော ကမ္ဘာ့မူဝါဒတစ်ခုနှင့် ကမ္ဘာကို လွှမ်းမိုးရန် ကြိုးပမ်းခြင်းမျိုး မဟုတ်ပေ။
၎င်းက မျှတစွာ ပါဝင်သူ တစ်ဦးအနေဖြင့် ကမ္ဘာ့လမ်းစဉ် အသစ်တစ်ခု၏ မူဝါဒများကို ပူးတွဲဖော်ဆောင်သွားရန် ပြောဆိုထားသည်။
အင်အား ကြီးမားလာခြင်းနှင့် အင်အား လွှမ်းမိုးထားခြင်းတို့က ပေးဆပ်မှုများသော ထိပ်တိုက် တွေ့ဆုံမှုများကို ဖြစ်စေကြောင်း သမိုင်းအခြေအနေများက ပြသခဲ့ပြီး ဖြစ်သည်။
ထိုနည်းတူစွာပင် လိုက်လျောညီထွေဖြစ်မှု၊ ပေါင်းစည်းမှုတို့လည်း ထိပ်တိုက် တွေ့ဆုံခြင်းနှင့် ပြိုလဲခြင်းတို့မှ ကာကွယ်ပေးနိုင်သည်ကို သမိုင်းအခြေအနေများမှ လေ့လာခဲ့ရပြီး ဖြစ်သည်။
ပဋိပက္ခပေါင်းစုံနှင့် စစ်ပွဲများစွာဖြင့် ရင်ဆိုင်ခဲ့ရပြီးဖြစ်သော အရှေ့အလယ်ပိုင်း ဒေသထက် မည်သည့် ကမ္ဘာ့ဒေသ ကမှ ထိုအရာများ၏ အကျိုးအပြစ်များကို ပို၍ သိနိုင်လိမ့်မည် မဟုတ်ပေ။
Source: Al Jazeera
- By CNI
- Category: Watch TV
- Hits: 353
- By CNI
- Category: စီးပွားရေး
- Hits: 579
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၀
နိုင်ငံတကာတွင် အကျုံးဝင်သည့် အာမခံဝယ်ယူကာ ခရီးသွားနေသူများအား မြန်မာနိုင်ငံ၌ ခရီးသွားအာမခံ ထပ်မံ ယူရခြင်းကို ဖြေလျှော့ပေးမည်ဆိုပါက ရုရှားတစ်နိုင်ငံတည်းကိုသာ ရွေးချယ်၍ မဖြေလျှော့ပေးသင့်ကြောင်း ခရီး သွား လုပ်ငန်းရှင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များက CNI သတင်းဌာနသို့ ပြောသည်။
ရုရှားနိုင်ငံမှ ခရီးသွားများသည် နိုင်ငံတကာတွင် အကျုံးဝင်သည့် အာမခံဝယ်ယူကာ ခရီးသွားနေသည့်အတွက် မြန်မာနိုင်ငံ၌ အာမခံ ထပ်ယူရခြင်းအား ဖြေလျှော့ပေးစေလိုကြောင်း ရုရှားနိုင်ငံအခြေစိုက် ခရီးသွားကုမ္ပဏီတစ်ခု မှ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ တင်ပြခဲ့သည်။
ထိုကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဘက်မှ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ပုဂံဟိုတယ်ဇုန်) ဥက္ကဋ္ဌ ဦးဇော်ဝိတ်က “အမြင် တစ်မျိုးက တော့ ဖြစ်မှာသေချာတာပေါ့။ ဘာလို့ဆို ဒီသတင်းတွေဆိုတာက transparency ဖြစ်နေကြတာကို။ နောက် ဖုံးကွယ်ထားလို့မှမရတဲ့ ကိစ္စကြီး။ ကိုယ်က ဧည့်သည် လိုချင်ရင်တော့ ဖြေလျှော့ပေးရတော့မှာပေါ့။ ဒါပေမယ့် သဘာဝတော့ သိပ်မဖြစ်ဘူး။ ဖြေမှဖြေချတော့မယ်ဆိုရင်တော့ အတူတူပဲ လုပ်ပေးရမယ့် သဘောဖြစ်တာပေါ့။ ဗီဇာပေးသလို။ တစ်ဦးတည်း လုပ်လို့မရဘူး။ ကိုယ်က World Wide လုပ်နေတာလေ International ကို။ ဝန်ကြီး သဘောထားနေမှာပေါ့။ ဝန်ကြီးရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ မူတည်မှာပဲ။ ဒီ regulation တစ်ခုကို ပြောင်းပေးဖို့ ဆိုတာက လွယ်တော့မလွယ်ဘူး။ ဒါကတော့ လူကြီးတွေ အပိုင်းပါပဲ။ သူတို့စဉ်းစားပေါ့။ အန်ကယ်တို့ အမြင်က တော့ ယူသင့်တာပေါ့" ဟု CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံခြားသား ခရီးသွားများကိုတွေ့ရစဉ်
ခရီးသွား အာမခံဆိုသည်မှာ ပြည်တွင်း၊ ပြည်ပ ခရီးစဉ်အတွင်း ခရီးသည်များ မတော်တဆ ထိခိုက်မှုကြောင့် ဒဏ်ရာရရှိခြင်းနှင့် သေဆုံးခြင်းအတွက် ထားရှိနိုင်သော အာမခံအကာအကွယ် ဖြစ်သည်။
နိုင်ငံခြားသား ခရီးသွား အများအပြားသည် နိုင်ငံတကာတွင် အကျုံးဝင်သည့် အာမခံများဝယ်ယူ၍ လာရောက် ကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ လာရောက်ရာ၌ သတ်မှတ်ထားသည့် ခရီးသွားအာမခံအား ထပ်မံဝယ်ယူကြရခြင်း ဖြစ်သည်။
ထိုသို့ ထပ်မံဝယ်ယူရသည့်အတွက် မြန်မာနိုင်ငံသည် နိုင်ငံခြားဝင်ငွေ ရရှိစေရန် စီးပွားရေးကဲ့သို့ လုပ်ဆောင်နေ သည်ဟု ဝေဖန်မှုများ ရှိကြောင်းလည်း ခရီးသွားလုပ်ငန်းရှင်များထံက သိရသည်။
မြန်မာနိုင်ငံမှ ခရီးသွား အာမခံနှင့်ပတ်သက်၍ ဖြေလျှော့ပေးမည်ဆိုပါက လက်ရှိတွင် ဗီဇာကင်းလွတ်ခွင့် ပြုထား သည့် နိုင်ငံများအား ဦးစွာ ဖြေလျှော့ပေးသင့်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက အကြံပြုသည်။
နိုင်ငံခြားသား ခရီးသွားများကိုတွေ့ရစဉ်
ခရီးသွားလုပ်ငန်းရှင်တစ်ဦးက “Visa Free တွေကျရင် insurance (အာမခံ)က လိုဦးမလားဆိုတဲ့ issue က မေး စရာရှိတယ်ပေါ့။ ဘာလို့လဲဆိုတော့ visa ယူရင်တော့ insurance က compulsory လုပ်ရပေမယ့် ထိုင်းက visa free ဖြစ်တဲ့ အတွက်ကြောင့် သူက insurance ထပ်ယူရမယ်။ ယူတဲ့ insurance ကလည်း မြန်မာနိုင်ငံရဲ့ insurance ဖြစ်တဲ့အတွက်ကြောင့် ပြောရရင်တော့ ဘယ်လောက် capable ဖြစ်မလဲဆိုတာလည်း တိတိကျကျ မပြောဘူး။ ဟိုတုန်းက မြန်မာ့ insurance ကို မဖြစ်မနေ ဝယ်ရတာတွေ ရှိခဲ့ဖူးတယ်။ ဒါပေမယ့် တာဝန်ယူမှုက အဲဒီခေတ်က ပေါ့နော်။ သိန်း ၅၀ ပဲ coverage ဖြစ်တယ်။ ကျပ်ငွေ သိန်း ၅၀ ဆိုတာကလည်း အခုခေတ်ဈေးနဲ့ ကြည့်ရင် ဒေါ်လာ ၁၅၀၀၊ ၂၀၀၀ တောင် မပြည့်တဲ့နှုန်းမှာ ဘာသုံးလို့ရမလဲ။ ဆေးကုသ စရိတ်တောင် မလွယ်ဘူး ပေါ့။ အဲဒီတော့ ဒီ issue တွေရှိတော့ လာတဲ့ နိုင်ငံခြားသားတွေကလည်း တော်တော်များများက သူတို့အတွက် cover ဖြစ်တဲ့ဟာတွေကို ယူလာကြတယ်။ အခုဟာက Tourism ကို ပြန်ဖွင့်မယ်ဆိုပြီး ကမ္ဘာ့ခရီးသွားနေ့မှာလည်း ကြေညာခဲ့ပြီးပြီ။ တကယ်လုပ်ပြဖို့တော့ လိုတယ်။ ဒါကြောင့်လည်း အခုချိန်မှာ Tourism က တိုင်းပြည်ကို recover ဖြစ်နိုင်တယ်ဆိုတာ မှန်တယ်ဆိုရင် Tourism ကို တကယ် အားပေးတယ်ဆိုရင် သူတို့ တကယ်ကို ဖြေလျှော့ကြည့်ပါ။ အတိုင်းအတာတစ်ခု အထိတော့ တိုးတက်မှာပါ” ဟု ပြောသည်။
နိုင်ငံခြားသား ခရီးသွားများအတွက် ခရီးသွားအာမခံမှာ နေထိုင်မည့် ရက်များအပေါ် မူတည်ကာ ပရီမီယံ နှုန်းထား ကွာခြားချက်ရှိပြီး အကျိုးခံစားခွင့်မှာ အနည်းဆုံး ၁ ယူနစ် ကျပ် ၅ သိန်းမှ အများဆုံး ၂၀ ယူနစ် ကျပ်သိန်း ၁၀၀ အထိဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်း၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခုနှစ် ဧပြီလ ၆ ရက်နေ့မှ စတင်ကာ အောက်တိုဘာလကုန်အထိ နိုင်ငံတကာခရီးသွား ခြောက်သောင်းခန့်အား ခရီးသွားအာမခံ ရောင်းချပေးခဲ့ပြီး အမေရိကန်ဒေါ်လာ ၃ ဒဿမ ၈ သန်းကျော် ရရှိထားကြောင်းလည်း မြန်မာ့ အာမခံလုပ်ငန်းမှ သိရှိရသည်။
- By CNI
- Category: Watch TV
- Hits: 381
- By CNI
- Category: စီးပွားရေး
- Hits: 686
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉
ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးတွင် လက်ရှိ၌ ပို့ကုန်တင်ပို့မည့် အရေအတွက် များပြားနေသော်လည်း ကုန်ကားနည်းပါးနေခြင်းကြောင့် ကုန်ကားလိုအပ်ချက်များ ရှိနေသည်ဟု နယ်စပ်ကုန်သည်များထံမှ သိရသည်။
မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ အပစ်အခတ် ရပ်စဲပြီးနောက် ယခင်က ပိတ်ထားသည့် ကုန်သွယ်ရေး လမ်းကြောင်းများကို ပြန်လည်ဖွင့်လှစ် လိုက်ပြီဖြစ်သည်။
ထို့ကြောင့် ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည် စတင်နေပြီဖြစ်ကြောင်း၊ သို့သော် လမ်းကြောင်း ပိတ်ချိန်တုန်းက ပိတ်မိနေသည့် ကုန်ကားများမှာ လက်ရှိတွင် ကုန်အတင်အချလုပ်ပြီး ရန်ကုန်သို့ ပြန်ဆင်းနေကြခြင်းသာ ရှိသည့် အတွက်ကြောင့် ကုန်ကားလိုအပ်ချက်များ ဖြစ်ပေါ်နေကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးတင်အောင်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်သို့ အ၀င်တွင် ကားများကို လုံခြုံရေးအဖွဲ့က စစ်ဆေးနေစဉ် (CJ)
၎င်းက “ကုန်သွယ်ရေးကတော့ လက်ရှိ အခြေအနေကတော့ ကူးသန်းရောင်းဝယ်ရေးက စပြီးတော့ လည်ပတ်တဲ့ အနေအထားတွေတော့ မြင်ရပါတယ်။ လမ်းတွေကလည်း ဒီအပတ်မှ စပြီးတော့ နည်းနည်းပွင့်တယ်။ ဒါပေမယ့် ကားတွေကလည်း တချို့ကားတွေက လမ်းမှာ ပိတ်မိနေတဲ့ ကားတွေက အခုမှ ရန်ကုန်ကို ပြန်သွားတဲ့ ကားတွေ လည်း ရှိတယ်လေ။ အဲတော့ ကားတွေမှာလည်း နည်းနည်း အခက်အခဲ ရှိတယ်ပေါ့၊ ဒီဘက်ကိုလာဖို့။ ကားအစီးရေ ကလည်း ရန်ကုန်မှာ နည်းနည်း ပြောမယ်ဆိုရင် တပတ်လောက်မှပဲ ပုံမှန်အနေအထား ရောက်မယ်ပေါ့လေ။ ဆိုတော့ ကျနော်တို့ကလည်း ကုန်ပစ္စည်းတွေက လက်ရှိအချိန်မှာ ရန်ကုန်ကနေ စစ်တွေကို ပို့ချင်တဲ့ ကုန်တွေက များနေတယ်။ များနေတော့ ကားတွေကလည်း ကြပ် အဲလိုဖြစ်နေတယ်။ ကားတွေက ဒီဘက်မှာ ပိတ်သွားတဲ့ဟာ တွေက အကြာကြီး ပိတ်မိသွားတဲ့ ကားတွေ ရှိသလို လမ်းမှာ အခုမှ ကုန်ချပြီးတော့ စစ်တွေမှာ ကုန်ချပြီးတော့ ပြန်ထွက်သွားတဲ့ ကားတွေလည်း ရှိတယ်။ သူတို့က ပြန်လာဖို့ အတွက်ကလည်း အချိန်လေး တစ်ခုတော့ စောင့်ရ ဦးမှာပေါ့လေ” ဟု ပြောသည်။
ထို့အပြင် ရေထွက်ကုန်များ တင်ပို့ရန်အတွက် အအေးခန် ကုန်တင်ယာဉ်များ ငှားရမ်းခများသည် ယခင်ကထက် ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ကုန်သည်များမှာ အကျိုးအမြတ်ရရှိမှု နည်းပါးသွားကြောင်း ကုန်သည် ဦးသန်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးအဖွဲ့ကိုတွေ့ရစဉ် (AFP)
၎င်းက “ဈေးနှုန်းလေးတွေတော့ နည်းနည်း တက်သွားတာပေါ့။ ဆီဈေးတက်တာနဲ့ ဂိတ်တွေမှာ ကြန့်ကြာနေတာနဲ့ ဆိုတော့ ကျန်တာတော့ မရှိပါဘူး။ အရင်ကတော့ မောင်တောဆိုရင် ၂၈ သိန်းလောက် ရှိတယ်ပေါ့။ စစ်တွေကို ၁၈ သိန်း ၂၀ မပြည့်ဘူးပေါ့နော်။ အခုကတော့ စစ်တွေက သိန်း ၂၅၊ မောင်တောက ၃၀ အဲလောက် ဖြစ်သွားတာပေါ့။
အကျိုးအမြတ်ကတော့ နည်းသွားတာပေါ့ နည်းနည်းပါးပါး” ဟု ပြောသည်။
ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်ထားချိန်တွင် နယ်စပ်ကုန်သွယ်မှု ပမာဏများ လျော့ကျခဲ့ကြောင်း၊ မောင်တော နယ်စပ်ကုန်သွယ်ရေး၌ ကုန်သွယ်မှု ၅ ရခိုင်နှုန်းခန့်သာ ရှိခဲ့ကြောင်း၊ လက်ရှိတွင် ရခိုင်ပြည်နယ် အတွင်းရှိ စစ်တွေနယ်စပ် ကုန်သွယ်ရေးနှင့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းများ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နိုင်အောင် လုပ်ဆောင်နေကြောင်း ကုန်သည်များက ပြောသည်။
၂၀၂၁ - ၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ်တွင် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၄၃ သန်းနီးပါး တင်ပို့နိုင်ခဲ့သော်လည်း ယခုဘဏ္ဍာနှစ် အောက်တိုဘာလအထိ ၂၃ သန်းသာ တင်ပို့ထားနိုင်သေးကြောင်း ရခိုင် ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၏ စာရင်းများအရ သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 730
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉
ထိုင်းကို MOU ဖြင့် သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်တို့တွင်သာ စာချုပ်ချုပ်ဆိုရမည့်စနစ်သည် ပွဲစားနှင့်လူလိမ် ပိုများလာနိုင်ကြောင်း အေဂျင်စီနှင့် ထိုင်းရှိ အလုပ်သမားအရေးဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက “ဒါက မဖြစ်နိုင်တဲ့ ကိစ္စ။ အလုပ်သမားတွေအတွက် ဖြစ်နိုင်တယ်ဆိုရင်တောင်မှ ပြည်ပအလုပ်အကိုင်ရှာဖွေရေး လိုင်စင်ရထားတဲ့ အေဂျင်စီတွေအတွက် မဖြစ်နိုင်ဘူး။ နယ်တွေမှာ ချုပ်ခွင့်ပြုလိုက်တယ်။နယ်က အလုပ်သမားက နယ်မှာပဲ စာချုပ်ချုပ်ရမယ်ဆိုကတည်းက ပွဲစားကို အားပေးလိုက်တာ။လူပွဲစားတွေပေါ့။ ဒါ သူတို့ အဲဒီလောက်အထိ မထိန်းချုပ်နိုင်ဘူးလေ။ အစိုးရကလည်း မထိန်းချုပ်နိုင်ဘူး။ အ.လ.ည(အလုပ်သမားညွှန်ကြားမှုဦးစီးဌာန)ကလည်း လုံးဝ မထိန်းချုပ်နိုင်ဘူး။ ဒါကတော့ ရဲရဲကြီးပြောရဲတယ်။ လူပွဲစားတွေက သက်ဆိုင်ရာဝန်ထမ်းတွေနဲ့ အကျင့်ပျက်ခြစားတဲ့ ဝန်ထမ်းတွေနဲ့ ပေါင်းပြီးတော့မှ နယ်မှာတင် စာချုပ်ချုပ်သွားပါပြီဆိုပြီး လုပ်နိုင်တယ် အချိန်မရွေး။ ဒါကြောင့်မို့လို့ လူကုန်ကူးမှုတွေ ပိုမို များပြားလာနိုင်တယ်။ စောစောကတည်းက ပေါ်လစီက အကောင်းကြီး ဖြစ်နေပြီ။ ရန်ကုန်မှာ ပင်လုံမှာချုပ်မယ်။ ဒါမှမဟုတ် ဘားအံမှာချုပ်မယ် ဒါကကောင်းနေပြီ။ ဒါကိုမှ နယ်က အလုပ်သမား နယ်မှာချုပ်ဆိုတဲ့ အကြောင်းအရင်းကရော အ.လ.ည အတွက် ဘာအကျိုးပြုလဲ။ နိုင်ငံတော်အတွက် ဘာ အကျိုးပြုလဲပေါ့။ ဒါတွေ မေးခွန်းထုတ်စရာအများကြီးရှိတယ်” ဟု ပြောသည်။
အလုပ်သမားညွှန်ကြားမှုဦးစီးဌာန လက်အောက်ရှိ လုပ်သားများကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်း ကျောင်းရှေ့မြင်ကွင်း
အေဂျင်စီများအနေဖြင့်လည်း တိုင်းနှင့်ပြည်နယ် အားလုံးနီးပါးသို့ လိုက်လံစာချုပ်ချုပ်ဆိုရန်မှာ မလွယ်ကူသော ကြောင့် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ မလွှမ်းခြုံနိုင်တော့ကြောင်း အေဂျင်စီအချို့ထံက သိရသည်။
ထို့ကြောင့် ထိုင်းကို MOU ဖြင့် သွားရောက်လုပ်ကိုင်လိုသည့် အလုပ်သမားများအနေဖြင့် ယခင်ကထက်ပို၍ ပွဲစားများအား အထူးသတိထားကြရန် လိုအပ်ကြောင်း ပွင့်ဖူးအောင် အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဒေါ်မြတ်ဟေမာန်လင်းက CNI သတင်းဌာနသို့ ပြောသည်။
“လုပ်သားတွေအပေါ်မှာပဲ ပါးနပ်ဖို့လိုတာပေါ့နော်။ နံပါတ်တစ်အနေနဲ့ ဘာလုပ်ရမလဲဆိုတော့ ဒီအေဂျင်စီမှာ စာချုပ်ချုပ်ချင်တယ်ဆိုရင် သူတို့ဟာ ဒီအေဂျင်စီရဲ့ ရုံးခန်းအပေါ်ကိုတော့ ရောက်ကို ရောက်အောင်လာမှ သူတို့အတွက် ပိုပြီး လုံခြုံတော့မှာ သိလား။ အရင်လိုမျိုးမဟုတ်ဘဲနဲ့ ပွဲစားနဲ့ပဲ ဒီအေဂျင်စီကို စာချုပ်ချုပ်တဲ့နေ့မှ တွေ့တာမျိုးမဟုတ်တော့ဘဲနဲ့ ဥပမာ ပွင့်ဖူးအောင်ဆိုရင် ပွင့်ဖူးအောင် ရုံးခန်းကိုလာမယ်၊ စာအုပ်လာထပ်မယ်၊ ပဲခူးတိုင်းဖြစ်ဖြစ် ရန်ကုန်တိုင်းဖြစ်ဖြစ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်ဖြစ်ဖြစ်ပေါ့။ လာထပ်ပြီးတော့မှ ဆရာမတို့နဲ့ တွေ့ပြီးတော့မှ ဒီအလုပ်တွေရှိတယ်၊ ဘယ်နေ့ ဘယ်ရက်မှာ စာချုပ်ချုပ်မယ်။ သူတို့နဲ့ တိုက်ရိုက် ဆက်သွယ် နိုင်မှပဲ ပိုပြီးအဆင်ပြေမယ်။ မဟုတ်ရင်တော့ လူလိမ်ပိုပေါမှာပဲ” ဟု ၎င်းက ပြောသည်။
ယခင်က အလုပ်ခန့်ထားမှု သဘောတူစာချုပ်ချုပ်ဆိုရာတွင် လူတွေ့စစ်ဆေးသည့်ရုံးခန်းနှင့် ကိုယ်ပိုင်သင်တန်း ကျောင်းများတွင်သာ ချုပ်ဆိုရခြင်းဖြစ်ကာ ယခုအခါတွင် ထိုစနစ်အား ရပ်ဆိုင်းပြီး MOU ဖြင့် သွားမည့်သူများ သည် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်တို့တွင်သာ စာချုပ်ချုပ်ဆိုရမည့်စနစ်အား အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနက ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်သည်။
ထိုသို့ ပြောင်းလဲသတ်မှတ်လိုက်ရသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
ပြည်ပသို့ သွားရောက်လုပ်ကိုင်ကြမည့်သူများ
ယခုကဲ့သို့ သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်များသို့ လိုက်လံစာချုပ်ချုပ်ဆိုရခြင်းက အေဂျင်စီများအတွက် အလုပ်များစေကြောင်းနှင့် ထိုင်းကို MOU ဖြင့် သွားရောက်လုပ်ကိုင်သူ များပြားသည့် တိုင်းနှင့် ပြည်နယ်တို့မှ အလုပ်သမားများကိုသာ စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း ပွင့်ဖူးအောင် အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဒေါ်မြတ်ဟေမာန်လင်းက CNI သတင်းဌာနသို့ ပြောသည်။
“လိုက်ချုပ်ခိုင်းတဲ့အခါကျတော့ အမတို့က ဒီမှာ အင်တာဗျူးတဲ့လုပ်ငန်းတွေရှိတယ်။ လူစုဆောင်းရတဲ့ လုပ်ငန်း တွေ ရှိတဲ့အခါကျတော့ ပြောရမယ်ဆိုရင် နီးစပ်ရာတွေကို အဓိကထားပြီး ယူနေရတော့တာပေါ့။ ဥပမာ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းပေါ့။ နောက် မကွေးတိုင်းလိုဟာမျိုးကြတော့လည်း လူအများကြီးထွက်တယ်ဆိုတော့ ဆရာမတို့ သွားပြီးတော့ ချုပ်ပေးရမှာပေါ့ စာချုပ်ချုပ်တဲ့အခါမှာ။ အမှန်တကယ်ဆိုရင်တော့ ဒီရန်ကုန်မှာ လာချုပ်တယ်ဆိုရင် ပြည်နယ်နဲ့တိုင်း လာလျှောက်သမျှ လူကို သူ့ရဲ့လုပ်ငန်းရဲ့လိုအပ်ချက်နဲ့ကိုက်ညီတယ်၊ အချက်အလက်တွေနဲ့ ကိုက်ညီတယ်ဆိုရင် လက်ခံလို့ရတယ်လေ။ အခုကျတော့ demand တစ်စောင်မှာ လူ ၁၀၀ စာချုပ်ချုပ်မယ်ဆိုရင် နေရာတွေ ရွေးရတော့မယ့်သဘော ရှိတာပေါ့နော်။ တစ်စောင်စီပဲ အဲဒီလို လိုက်ချုပ်မှရမယ်။လူ ၁၀၀ မှာ ဥပမာ ပြည်နယ် ၃ ခုရွေးထားတယ်ဆိုရင် တိုင်းနဲ့ပြည်နယ် ၃ ခုလောက်ပဲ လိုက်ချုပ်နိုင်မယ်။ အရင်တုန်းကလိုတော့ အများကြီး လက်ခံလို့ မရတော့တဲ့ သဘောပေါ့။ သွားပြီးတော့ စာချုပ်ချုပ်မယ်ဆိုရင် ဒါရိုက်တာတစ်ယောက် ပါရမယ်၊ အဲဒီ ဒါရိုက်တာ တစ်ယောက်အပြင်ကို ကွန်ပျူတာ သမားတစ်ယောက်ပါ ပါသွားရမယ်။ နောက် ရုံးဝန်ထမ်း ၁ ယောက်၊ ၂ ယောက်။ အနည်းဆုံး လူ ၄ ယောက်၊ ၅ ယောက်လောက် ကုန်တာပေါ့နော် တစ်နေရာကို သွားချုပ်မယ်ဆိုရင်။ လောလောဆယ်တော့ စနစ်သစ် ပြောင်းပြီးမှတော့ စ မချုပ်ရသေးဘူး” ဟု ၎င်းက ပြောသည်။
အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၏ ပြည်ပ အလုပ်အကိုင် အကျိုးဆောင် ထိုင်း လိုင်စင်ရအေဂျင်စီများသို့ အကြောင်းကြားထားသည့် စာထဲတွင် ချင်းပြည်နယ်တွင် နေထိုင်သည့် အလုပ်သမားသည် မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ချုပ်ဆိုနိုင်ကြောင်းလည်း ပါရှိသည်။
ထိုသို့ သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်တို့တွင် စာချုပ်ချုပ်ဆိုရာ၌ အလုပ်သမားများအနေဖြင့် လက်ရှိ အမှန်တကယ် နေထိုင်သည့် လိပ်စာတွင် ချုပ်ဆိုရမည်ဖြစ်ပြီး အမှန်တကယ်နေထိုင်ကြောင်း အထောက် အထားကို စာချုပ်ချုပ်ဆိုရေး လုပ်ငန်းစဉ် ကြီးကြပ်ရေးအဖွဲ့တွေထံ ပြသရမည်ဖြစ်ကြောင်းလည်း ပါရှိသည်။
Page 12 of 46