CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၈

ရုရှားကျွမ်းဘားသမား အိုင်ဗန်ကူလီယက်ခ်ဟာ ယူကရိန်းအားကစားသမား ပါဝင်တဲ့ ပြိုင်ပွဲနဲ့ ဆုပေးပွဲ အခမ်းအနားမှာ သူ့နိုင်ငံ Z စစ်ပွဲ သင်္ကေတကို ဝတ်ဆင်ခဲ့တာကြောင့် စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုနဲ့ ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့အပတ်က ဒိုဟာမှာ ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲမှာ ရုရှားအားကစားသမားဟာ ကြေးတံဆိပ်ရရှိခဲ့ပြီး ယူကရိန်း အားကစား သမား ကော့ဗ်တွန်ကတော့ ရွှေတံဆိပ် ရယူနိုင်ခဲ့တာပါ။

ကူလီယက်ခ်ဟာ ယူကရိန်းပြိုင်ဘက်နဲ့အတူ တက်ရောက်ခဲ့ရတဲ့ ဆုပေးပွဲ အခမ်းအနားမှာ ရုရှားအိုလံပစ်ကော်မတီ တံဆိပ် ပေါ်မှာ အဖြူရောင် Z ကို ကပ်ထားတာ ဖြစ်ပါတယ်။ ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားစစ်ယာဉ်တွေ ပေါ်မှာလည်း အဆိုပါ တူညီတဲ့ သင်္ကေတကို ခြယ်မှုန်းထားတာပါ။

ရုရှားစစ်ကားပေါ်က Z သင်္ကေတ (AI Jazeera)

ရုရှားစစ်တပ်ဟာ သူ့ရဲ့ ကိုယ်ပိုင်ယာဉ်တွေကို ရှာဖွေဖော်ထုတ်ရာမှာ အထောက်အကူဖြစ်စေဖို့ အဆိုပါသင်္ကေတကို အသုံးပြု ထားတယ်လို့ သိရပါတယ်။ အဆိုပါ သင်္ကေတဟာ အောင်ပွဲအတွက်ဆိုတဲ့ ရုရှားစကားကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။ ကူလီယက်ခ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ရုရှားစစ်တပ်မှာ လေ့ကျင့်မှု ပြုလုပ်ခဲ့တာပါ။

အဲ့ဒါကြောင့် အဆိုပါ Z သင်္ကေတကို ဝတ်ဆင်ခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အရေးယူခံ ရတော့မှာလည်း ဖြစ်ပါ တယ်။ အပြည်ပြည်ဆိုင်ရာ ကျွမ်းဘားအဖွဲ့ချုပ်ကတော့ ကူလီယက်ခ်ရဲ့ လုပ်ရပ်ဟာ ထိတ်လန့်ဖွယ်ရာ အပြုအမူဖြစ်ပြီး စည်းကမ်းပိုင်းအရ အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ ပြောခဲ့တာပါ။

အပြည်ပြည်ဆိုင်ရာ ကျွမ်းဘားအဖွဲ့ချုပ်ဟာ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေနဲ့ တာဝန်ရှိသူတွေ အားလုံးကို နိုင်ငံ တကာပြိုင်ပွဲတွေကနေ မတ်လ(၇)ရက်ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားတယ်လို့ ပြီးခဲ့တဲ့အပတ်က အတည်ပြု ကြေညာခဲ့တာ ဖြစ်ပါတယ်။

Source: Metro