CNI International News
ကိယက်ဗ်၊ မတ်လ ၂
ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုအား ယူကရိန်းအာဏာပိုင်များ တားဆီး နိုင်ခဲ့ကြောင်း ကိယက်ဗ်အစိုးရ ထိပ်တန်းအရာရှိ အိုလက်စီးဒနီလော့ဗ်က မတ်လ ၁ ရက်၌ ကျင်းပသော သတင်းစာ ရှင်းလင်း ပွဲတွင် ပြောကြားခဲ့သည်ဟု News Max သတင်းဌာနက ဖော်ပြခဲ့သည်။
ရုရှားနိုင်ငံ၊ ချေချင်ညာခေါင်းဆောင် Ramzan Kadyrov ကို သစ္စာခံသော ချေချင်အရန် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကာဒရီယိုဗစ်များက လုပ်ကြံသတ်ဖြတ်မှု အကောင်အထည်ဖော်ဖို့ အကွက်ချခဲ့ခြင်းအတွက် တာဝန်ရှိကြောင်း အိုလက်စီးဒနီ လော့ဗ်က စွပ်စွဲခဲ့သည်။
"ကျနော်တို့ရဲ့သမ္မတကို ဖယ်ရှားရန်အတွက် ကာဒရီယိုဗစ်အုပ်စုတွေ တိုက်ရိုက်လုပ်ဆောင်ကြတဲ့ အထူးစစ်ဆင်ရေးဆိုတာ ကျနော်တို့ ကောင်းကောင်းသိပါတယ်”ဟု ၎င်းက ရှင်းပြသည်။
အသေခံ လုပ်ကြံမည့် အဆိုပါ လက်နက်ကိုင်အဖွဲ့သည် ဟော့စတိုမဲမြို့တွင် အခြေပြု လှုပ်ရှားခဲ့ကြောင်း၊ ယင်းမြို့၏ တဘက် ခြမ်းတွင် မီးလောင်မှု ဖြစ်ပွားနေပြီး ကျန်မြို့တခြမ်းမှာလည်း လက်ရှိတွင် စစ်ဒဏ်ကြောင့် အပျက်အစီးများ ပြန့်ကြဲနေ ကြောင်း အိုလက်စီးဒနီလော့ဗ်က ဆက်လက်ပြောကြားခဲ့သည်။
ချေချင်ညာခေါင်းဆောင် Ramzan Kadyrov (အလယ်လူ)ကိုတွေ့ရစဉ်
ကျူးကျော်ဖို့ ပူတင်၏ ဆုံးဖြတ်ချက်ကို မလိုလားကြသည့် ရုရှားဖက်ဒရယ်လုံခြုံရေး ဝန်ဆောင်မှု အဖွဲ့ဝင်များက ယခု လုပ်ကြံ မည့် အကြံအစည်ကို မိမိတို့အား အသိပေးခဲ့ကြောင်း အိုလက်စီးဒနီလော့ဗ်က သတင်းစာ ရှင်းလင်းပွဲတွင် ဖွင့်ချခဲ့သည်။
ဇာလန်းစကီးကလည်း ၎င်းကိုလုပ်ကြံရန် ကရင်မလင်ထံမှ တိုက်ရိုက် အမိန့်ရရှိထားသည့် ရုရှားကြေးစား စစ်သားများမှာ ကိယက်ဗ်မြို့တော်ထဲ လှည့်လည်နေကြကြောင်း ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်ဟု The Times of Lodon သတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ကတည်းက ရုရှားမှ ထိပ်တန်းအစိုးရ အရာရှိတစ်ဦးဖြစ်သူ ယက်ဂျန်နီပရီဂိုဇင်နှင့် အချိတ်ဆက်ရှိသည့် ပုဂ္ဂလိက လက်နက်ကိုင်အဖွဲ့ဖြစ်သော ဝါ့ဂါနာအုပ်စု (Wagner Group) က ယူကရိန်းနိုင်ငံထဲသို့ ကြေးစားစစ်သား ၃,၀၀၀ ခန့် စေလွှတ် တာဝန်ပေးခဲ့သည်။
၎င်းတို့ထဲမှ ၄၀၀ ခန့်သည် ကိယက်ဗ်တွင် တာဝန်ပေးထားပြီး အခြားကြေးစားများကိုတော့ ရုရှားလိုလားသော ခွဲထွက်ဒေသ များဖြစ်သည့် ဒွန်နက်ဆက်နှင့် လူဟန်စ်ဘက် ဒေသများသို့ ပို့ဆောင်ထားကြောင်း Insider သတင်းဝက်ဆိုက်၏ ဖော်ပြချက် အရ သိရသည်။
Source: News Max