CNI International News
မော်စကို၊ မတ်လ ၂
အကယ်၍ တတိယကမ္ဘာစစ်ဖြစ်လာမည်ဆိုပါက အဏုမြူ(နျူကလီးယား)လက်နက်များပါဝင်ပြီး အဖျက်စွမ်းအား ပိုမိုကြီးမား မည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလက်ရော့ဗ်က သတိပေးခဲ့သည်ဟု ရုရှားမီဒီယာများကို ကိုးကားလျက် အယ်လ်ဂျာဇီးယားသတင်းဌာနက မတ်လ ၂ ရက်(ယနေ့) ညနေပိုင်း၌ သတင်းဖော်ပြသည်။
RIA သတင်းဌာနက မတ်လ ၂ ရက် ဖော်ပြသော သတင်းများတွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပခဲ့သော လက်နက် ဖျက်သိမ်းရေး အစည်းအဝေးတစ်ခု၌ ယူကရိန်းနိုင်ငံသည် အဏုမြူ လက်နက်ရှာဖွေနေကြောင်း ပါရှိခဲ့ပြီးနောက် အထက်ပါ အတိုင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး၏ သတိပေးချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် RIA သတင်းတွင် ယူကရိန်းမှာ ဆိုဗီယက်ခေတ်ဟောင်း နျူကလီးယားနည်းပညာနှင့် အလားတူ လက်နက်များ အသုံး ချနိုင်ရန် နည်းလမ်းများ ရှိပါသေးကြောင်း ဖော်ပြထားရုံမှအပ အခြား ခိုင်လုံသော အထောက်အထားများ မပါဝင်ပေ။
အကယ်၍ ယူကရိန်းသည် နျူကလီးယားလက်နက်များ ပြည်ပမှ ဝယ်ယူတင်သွင်းခဲ့လျှင်တော့ ရုရှားအနေဖြင့် တကယ့် အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဆာဂျေလက်ရော့ဗ်က ဆက်လက် ပြောကြားခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကိုတွေ့ရစဉ်(AP)
ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဥရောပမြေပေါ်တွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ အင်အား အလုံးအရင်းသုံး၍ ကြီးမားစွာ တိုက်ခိုက်မှု အဖြစ် ရုရှားတပ်ဖွဲ့များသည် ယူကရိန်းပိုင်နက်ထဲသို့ ကြည်းကြောင်း၊ လေကြောင်းနှင့် ရေကြောင်း ထိုးစစ်ဆင်ခဲ့ ကြသည်။
အဆိုပါ ထိုးစစ်ကို အနောက်အုပ်စုနိုင်ငံများက ရုရှားအပေါ် ပြင်းထန်သော စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ချမှတ်ခြင်းနှင့် ယူကရိန်းသို့ လက်နက်နှင့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ အဆက်မပြတ် ပို့ဆောင်ပေးခြင်းတို့ဖြင့် တုံ့ပြန်ခဲ့ကြ သည်။
အလားတူ တုံ့ပြန်မှု၌ ဥရောပသမဂ္ဂနှင့် ကနေဒါတို့လည်း အင်တိုက်အားတိုက် ပါဝင်ခဲ့ကြပြီး အမေရိကန်အစိုးရက ၎င်း၏ ဝေဟင်ပိုင်နက်အတွင်းသို့ ရုရှားလေကြောင်းပျံသန်းမှု တားမြစ်ချက်ကို မတ်လ ၁ ရက်တွင် ကြေညာခဲ့သည်။
ဖေဖော်ဝါရီ ၂၇ ရက်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ၎င်း၏ မဟာဗျူဟာမြောက် နျူကလီးယားတပ်ဖွဲ့များနှင့် ပတ်သက်၍ သတိပေးချက် ထုတ်ပြန်ခဲ့ရာ ကမ္ဘာတစ်ဝန်း တုန်လှုပ်ခြောက်ခြားခဲ့ ကြသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကိုတွေ့ရစဉ်(AP)
မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့(နေတိုး) အင်အားကြီးနိုင်ငံများ ဦးဆောင်ပြီး ရုရှားအပေါ် သူတပြန် ကိုယ်တပြန် ပြင်း ထန်သည့် ဘဏ္ဍာရေးအရ ပိတ်ဆို့အရေးယူမှုများ ချမှတ်စဉ် နျူကလီးယားလက်နက်ကိစ္စ မိမိဆုံးဖြတ်ချက် ထွက်ပေါ်လာ တာဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ရုရှား၏ အန္တရာယ်များလှသော နျူကလီးယားခြိမ်းခြောက်မှုကို ပယ်ချခဲ့သည်။
အမေရိကန် ပြည်သူများအနေဖြင့် နျူကလီးယားစစ်ပွဲအတွက် စိုးရိမ်သင့်သလားဟု မီဒီယာများက မေးမြန်းရာမှာ ဘိုင်ဒန်က တည်ငြိမ်အေးဆေးစွာဖြင့် “စိုးရိမ်စရာ မလိုကြောင်း” တုံ့ပြန်ခဲ့သည်။
Source: Aljazeera