CNI International News
ကိယက်ဗ်၊ မတ်လ ၂
မော်စကို(ရုရှား)သည် အင်အားသုံးကျူးကျော်လျက် ဗုံးကြဲတိုက်ခိုက်လာသည်အထိ စစ်ရှိန်မြှင့်နေသည့်ကြားမှ လူဦးရေ အများဆုံးမြို့ကြီးများကို ယခုအချိန်အထိ အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း ရိုက်တာသတင်းဌာနက မတ်လ ၂ ရက်၊ ညနေပိုင်းတွင် ရေးသားဖော်ပြသည်။
ထို့နောက် ရုရှားတို့ ပထမဆုံး သိမ်းယူနိုင်ခဲ့သည့်မြို့၌ပင် တိုက်ပွဲများ ဖြစ်ပွားနေဆဲရှိကြောင်းနှင့် မိမိတို့ တွန်းလှန်ခုခံနေဆဲ ဖြစ်ကြောင်း ယူကရိန်းနိုင်ငံသားများက ပြောကြားခဲ့သည်ဟုလည်း ရိုက်တာက ဆက်လက်ရေးသား ဖော်ပြထားသည်။
ကျူးကျော်စစ် ရက်သတ္တတစ်ပတ်နီးပါး ကြာမြင့်လာခဲ့သော်လည်း ယူကရိန်းအစိုးရကို အလျင်အမြန် ဖြုတ်ချလိုသည့် ရည်ရွယ်ချက် မအောင်မြင်သေးသော မော်စကိုသည် အနောက်နိုင်ငံများ၏ ထောက်ပို့လမ်းကြောင်းများ ပိုမိုခိုင်မာလာပြီး ခုခံစစ် နည်းဗျူဟာသစ် ပြောင်းလဲလာမည်ကိုလည်း စိုးရိမ်နေသည်။
ယူကရိန်း၏ ဒုတိယမြို့တော် ခါကိဗ်မြို့ ပင်မရင်မြို့တိုက်ခိုက်ခံရမှု(AP)
အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်မှု တစ်ခုကြောင့် ယူကရိန်းအရှေ့ပိုင်းရှိ လူဦးရေ ၁ ဒသမ ၅ သန်း နေထိုင်သည့် ခါကိဗ်မြို့ (ယူကရိန်း၏ ဒုတိယမြို့တော်) ထိခိုက်ပျက်စီးခဲ့ပြီး ယင်းမြို့လယ်ခေါင်သည် ပြိုပျက်နေသော အဆောက်အအုံများ၊ ဗုံးဒဏ် ကြောင့် ချိုင့်များ၊ ကျင်းများ ပြည့်နှက်လျက် လူသူကင်းမဲ့သည့် စစ်တလင်းပြင် ဖြစ်သွားခဲ့သည်။
ခါကိဗ်မြို့လယ်ခေါင် ပင်မရင်ပြင်ရှိ အပျက်အစီး အစုအပုံထဲမှ အိပ်ရာခင်းဖြင့် ထုပ်ပိုးထားသည့် လူသေအလောင်းကို သယ် ဆောင်လာသည့် စေတနာ့ဝန်ထမ်း ၃ ဦးအနက် တစ်ဦးက “ရုရှားလွတ်မြောက်ရေးသမားတွေ လာကုန်ပြီဟ” ဟု ထေ့ငေါ့ မြည်တမ်းခဲ့ကြောင်း ရိုက်တာက သတင်းဆက်လက် ရေးသားသည်။
ခါကိဗ်မြို့နယ်ရှိ ရဲတိုက်တစ်လုံး၏ ခေါင်မိုးမှာ မီးသင့်၍ ပြိုကျနေသည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ယင်းမြို့၌ ပစ်ခတ်မှုများ နှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် လူ ၂၁ ဦး သေဆုံးခဲ့ကြောင်း၊ မတ်လ ၂ ရက် (ယနေ့) နံနက်ပိုင်းတွင် နောက်ထပ် ၄ ဦး သေဆုံးခဲ့ကြောင်း ယူကရိန်းအာဏာပိုင်များက ပြောကြားခဲ့သည်။
Apple နှင့် Boeing အပါအဝင် ကမ္ဘာကျော် စီးပွားရေးကုမ္ပဏီများက ရုရှားဈေးကွက်ကို သွက်လက်မြန်ဆန်စွာ ကျောခိုင်း ထွက်ခွာခဲ့ကြပြီး မော်စကိုအပေါ် ငွေကြေးနှင့် သံတမန်ရေး အထီးကျန်ဖြစ်စေခဲ့သည်။
ယူကရိန်း၏ ဒုတိယမြို့တော် ခါကိဗ်မြို့တိုက်ခိုက်ခံရမှု ကားဘေးက သေဆုံးနေသူတစ်ဦး(AP)
နှစ်နိုင်ငံနယ်စပ်အနီး ဘယ်လာရုစ်နိုင်ငံထဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရန် ကိုယ်စားလှယ်များ စေလွှတ်ထားကြောင်း ရုရှား ဘက်မှ ပြောကြားခဲ့သော်လည်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက ငြိမ်းချမ်းရေးညှိနှိုင်းလိုလျှင် ယခု ဗုံးကြဲ တိုက်ခိုက်မှုများ ရပ်တန့်ပေးရန် လိုအပ်ကြောင်း တုံ့ပြန်ခဲ့သည်။
တဖန် လူဦးရေ ၁ သန်း၏ လေးပုံတစ်ပုံခန့် နေထိုင်လျက်ရှိသော ယူကရိန်းပြည်နယ် တစ်ခု၏မြို့တော် ခါဆန် (Kherson) ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း မော်စကိုက မတ်လ ၂ ရက်တွင် ပြောကြားခဲ့သော်လည်း ယင်းပြောကြားချက်ကို ယူကရိန်းဘက်မှ ငြင်းပယ်ထားသည်။
ထိုမြို့ကို ရုရှားတပ်များ ဝိုင်းထားပြီး မီးရှို့ခဲ့ကြကြောင်း၊ တပ်သားများ မြို့တွင်းသို့ ဝင်ရောက်၍ ဈေးဆိုင်များ၊ ဆေးဆိုင်များကို ညအချိန်မတော်တွင် လုယက်ခဲ့ကြကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။ ဒနီပီရာမြစ်၏ မြစ်ဝ ထွက် ပေါက်ဖြစ်သော ပင်လယ်နက် ဆိပ်ကမ်းတစ်ဝိုက်ရှိ လမ်းမများပေါ်တွင် တိုက်ပွဲများ အရှိန်မြင့် နေဆဲဖြစ်ကြောင်း ဇာလန်းစကီး၏ အကြံပေးပုဂ္ဂိုလ်က မတ်လ ၂ ရက်တွင် ပြောကြားခဲ့သည်။
“အဲဒီနားက မြို့က မကျသေးပါဘူး။ ကျနော်တို့ဘက်က ဆက်လက် ခုခံနေပါတယ်” ဟု အကြံပေးပုဂ္ဂိုလ် အိုလက်စီး အာရီ စတိုဗီချီက ပြောကြားခဲ့သည်။
Source: Reuters