CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈

ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ဖို့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တဲ့ ရုရှားသမ္မတပူတင်ကို နိုင်ငံတကာဂျူဒိုအဖွဲ့ချုပ်က ဂုဏ်ထူးဆောင်ဥက္ကဋ္ဌနဲ့ သံတမန်ရာထူးတွေကနေ ဆိုင်းငံ့လိုက်ပြီ ဖြစ်ပါတယ်။

ပူတင်ဟာ ယူကရိန်းကို အပြည့်အဝ ကျူးကျော်စစ် ဆင်နွှဲနေတာကြောင့် နိုင်ငံတကာဂျူဒိုအဖွဲ့ချုပ်က ဖေဖော်ဝါရီ ၂၇ ရက်နေ့ မှာ ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ။ ပူတင်ဟာ ဂျူဒိုကို ဝါသနာပါတဲ့သူဖြစ်ပြီး ဂျပန်နိုင်ငံက စတင်ခဲ့တဲ့ ဒီကိုယ်ခံပညာမှာ ခါးပတ်နက် ရရှိထားတာ ဖြစ်ပါတယ်။
အသက်(၆၉)နှစ် အရွယ်ရှိပြီဖြစ်တဲ့ ပူတင်က ဂျူဒိုအားကစားနည်းဟာ သူအကြိုက်ဆုံး အားကစားနည်းဖြစ်တယ်လို့ အရင်က ထုတ်ဖော်ပြောခဲ့ဖူးပါတယ်။

ပူတင်ဟာ ‘Judo:History ,Theory,Practice’ ဆိုတဲ့ စာအုပ်ကိုလည်း ပူးတွဲရေးသားခဲ့တာပါ။

ပူတင်ဟာ ဂျူဒိုကို စိတ်အားထက်သန်တဲ့သူဖြစ်ပြီး ၂၀၁၂ က ကျင်းပခဲ့တဲ့ လန်ဒန်အိုလံပစ်ပြိုင်ပွဲမှာ ဒီအားကစားနည်းကို တက်ရောက်ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျူဒိုအဖွဲ့ချုပ်ကတော့ ယူကရိန်းကို ဝင်ရောက် ကျုးကျော်ခဲ့ပြီးနောက်မှာ ပူတင်နဲ့ ခပ်ကွာကွာ နေလာခဲ့ကြပါတယ်။

ဂျူဒိုကစားနေတဲ့ ပူတင်ကိုတွေ့ရစဉ် (Wall Street Journal)

“ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် နိုင်ငံတကာဂျူဒိုအဖွဲ့ချုပ်က ဗလာဒီမာပူတင်ကို ဂုဏ်ထူးဆောင်ဥက္ကဋ္ဌနဲ့ သံတမန်ရာထူးတွေကနေ ဆိုင်းငံ့လိုက်ကြောင်း ကြေညာပါတယ်”လို့ နိုင်ငံတကာဂျူဒိုအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် IJF က ရုရှားနိုင်ငံ ကာဇန်မြို့မှာ မေလ ၂၀ ရက်ကနေ ၂၂ ရက်အထိ ကျင်းပမယ့် ၂၀၂၂ ဂရမ်းဆလမ်းပြိုင်ပွဲကို ဖျက်သိမ်းကြောင်း ကြေညာထားပါတယ်။

ရုရှားရဲ့ ကျုးကျော် ဝင်ရောက်တိုက်ခိုက်မှု စတင်ကတည်းက ကလေးငယ် ၃ ဦး အပါအဝင် ယူကရိန်းနိုင်ငံသား အနည်းဆုံး ၁၉၈ ဦး သေဆုံးခဲ့တယ်လို့ ယူကရိန်းကျန်းမာရေးဝန်ကြီးက စနေနေ့မှာ ပြောထားတာပါ။

ရုရှားက ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အားကစားပွဲတွေမှာ ယူကရိန်းကို ထောက်ခံတဲ့ ရပ်တည်မှုတွေကို အားကစားသမားတွေ အပါအဝင် ပရိသတ်တွေကပါ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

Source: Sport Bible