ယူကရိန်းအတွက် တိုက်ပွဲဝင်သွားမယ်လို့ ကလစ်ရှ်ကို ညီအစ်ကိုနှစ်ဦး ကတိပြု

CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅

လက်ဝှေ့လောကရဲ့ ဂန္တဝင်နဲ့ ညီအစ်ကိုတွေဖြစ်တဲ့ ဗစ်တာလီနဲ့ ဝလာဒီမာ ကလစ်ရှ်ကိုတို့ ညီအစ်ကိုနှစ်ဦးဟာ ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းအတွက် တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုပြော လိုက်ပါတယ်။

အခု ကိယက်ဗ် မြို့တော်ဝန်အဖြစ် တာဝန်ယူနေတဲ့ ဗစ်တာလီက သူတို့ရဲ့ ယူကရိန်းနိုင်ငံကို ပူတင်က ဆက်လက် တိုက်ခိုက် နေချိန်မှာ အဓိပ္ပာယ်ကင်းမဲ့တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ စိတ်ပိုင်းဆိုင်ရာ အသနားခံစာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်း မြို့တော် ကိယက်ဗ်ရဲ့ မြို့တော်ဝန်ဖြစ်တဲ့ ဗစ်တာလီဟာ အခုအခါ စစ်အုပ်ချုပ်ရေး အောက်မှာရှိတဲ့ မြို့တော်အတွက် အရေး ပေါ် အခြေအနေ ကြေညာထားတာပါ။

သူတို့နှစ်ဦးလုံးဟာ ရုရှား၊ ယူကရိန်း၊ အင်္ဂလိပ် ပူးတွဲဘာသာနဲ့ ပူးတွဲ ဗွီဒီယိုမက်ဆေ့ချ်ကို ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ကိယက်ဗ် မြို့တော်ဝန် - ဗစ်တာလီကို တွေ့ရစဉ်(Daily Mail)

ဝလာဒီမာ ကလစ်ရှ်ကိုက “ယူကရိန်းမှာ ဖြစ်ပျက်နေတဲ့ ဒီအဖြစ်ဆိုးကြီးကို စောင့်ကြည့်ဖို့ နိုင်ငံတကာက လုပ်ဖော်ကိုင်ဖက် တွေ အားလုံးကို တောင်းဆိုပါတယ်။ ဒီစစ်ပွဲဟာ အဓိပ္ပာယ်ကင်းမဲ့တဲ့ စစ်ပွဲပါ။ ကျနော် ပြောချင်တာက ဒီလိုရန်လိုမှုတွေကို တွန်းလှန်ဖို့၊ ရုရှားရဲ့ ရန်လိုမှုတွေကို ဆန့်ကျင်ဖို့ စည်းလုံးညီညွှတ်ဖို့ပဲ လိုပါတယ်။ ဒါတွေ ယူကရိန်းမှာ ဆက်ပြီး မဖြစ်ပါစေနဲ့၊ ဥရောပမှာရော နောက်ဆုံး ကမ္ဘာမှာပါ ဆက်ပြီး မဖြစ်ပါစေနဲ့။ စည်းလုံးမှုကြောင့်ပဲ ကျနော်တို့ ခိုင်မာတယ်။ ယူကရိန်းကို ထောက်ခံတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဗစ်တာလီ ကလစ်ရှ်ကိုက “ကျနော်တို့မှာ နောက်ထပ် ရွေးချယ်စရာမရှိဘူး။ ကျနော်တို့ လုပ်ရမယ်။ ကျနော်တို့ တိုက်ပွဲဝင် ရမယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဘောလုံးလောက ကလည်း ရုရှားရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ပြီး ယူကရိန်းကို ထောက်ခံကြောင်း ပြသထား ကြပါတယ်။ ယူကရိန်းရဲ့ မန်စီးတီး နောက်ခံလူ ဇင်ချန်ကိုကတော့ ရုရှားသမ္မတ ပူတင်ကို ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။ ရုရှားရဲ့ ထိပ်တန်းဘောလုံးသမား ဆမိုလော့ဗ်ကလည်း စစ်ပွဲတွေ အလိုမရှိဘူးဆိုပြီး သူ့ရဲ့ နိုင်ငံကို ဆန့်ကျင်ကြောင်း ပြသ သဘော ထား ထုတ်ဖော် ပြောကြားထားပါတယ်။

Source: Daily Mail