- By CNI
- Category: နိုင်ငံရေး
- Hits: 1052
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၄
နစက ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေများသည် ပိုက်ဆံရှိသူများအတွက် အခွင့်အလမ်း ဖန်တီးပေးထားသလို ဖြစ်နေသည်ဟု ရခိုင်အမျိုးသားပါတီ(ANP)မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံတစ်ဝန်း ရွေးကောက်ခံမည့် နိုင်ငံရေးပါတီတစ်ခု မှတ်ပုံတင်ရာတွင် မှတ်ပုံတင်ကြေး သိန်း ၁၀၀၀ နှင့် မြန်မာနိုင်ငံ၏ မဲဆန္ဒနယ် တစ်ဝက်ကို ပါတီရုံးခန်း ဖွင့်ရမည်ဆိုသည့်အတွက် ငွေကြေး အခက်အခဲရှိကြောင်း ၎င်းက ပြောသည်။
ဦးသာထွန်းလှက “ပိုက်ဆံရှိတဲ့ လူတွေက အဲဒီလိုပုံစံမျိုး ပိုက်ဆံရှိတဲ့ လူတွေအတွက်ပဲ တစ်နိုင်ငံလုံး ပါတီအဖြစ် ရပ်တည်လို့ရအောင် သဘောမျိုး သွားသက်ရောက်နေတယ်၊ ဘာဖြစ်လို့လဲဆိုရင် ဒီဥပဒေမှာက သိန်း ၁၀၀၀ တင် ရမယ်၊ ပြီးရင် ပါတီဝင် ၁၀၀၀၀၀(တစ်သိန်း)ရယ်၊ ပြီးရင် မြန်မာနိုင်ငံ မဲဆန္ဒနယ်ရဲ့ တစ်ဝက်မှာ ရုံးဖွင့်ရမယ်ဆို တော့ ၁၆၅ မြို့မှာ ရုံးဖွင့်ရမယ့် သဘောလို့ ကျနော်တို့ အဲဒီလိုမြင်တယ်၊ အဲဒါကြောင့် မြန်မာနိုင်ငံမြို့နယ် တစ်ဝက် ၁၆၅ မြို့မှာ ရုံးဖွင့်ဖို့အတွက် အဲဒါကို လည်ပတ်အောင် လုပ်ဖို့အတွက်က ပိုက်ဆံလိုတယ်ဆိုတာ သေချာသွား တယ်၊ အဲဒါကြောင့် ပိုက်ဆံရှိတဲ့ လူတွေအတွက် ဒီလိုတစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့ ပါတီတစ်ခုအဖြစ် ရပ်တည်သွား မယ်ဆိုရင် ပိုက်ဆံရှိဖို့ လိုတာက သေချာသွားတယ်၊ အဲဒါကြောင့် ပိုက်ဆံရှိတဲ့ လူတွေအတွက် အခွင့်အလမ်း ပိုဖန်တီး သလိုတော့က သွားဖြစ်သွားတယ်လို့ ကျနော်ကတော့ အဲဒီလိုတော့ မြင်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီများနဲ့ UEC ကိုတွေ့ရစဉ်
ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံး ထက်ဝက်တွင် ပါတီရုံးခန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ဝန်ခံချက် ရှိရမည်ဟု နစက ထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ တွင် ပြဋ္ဌာန်းထားသည်။
ပြည်တွင်းရှိ လုပ်ငန်းရှင်များ၊ ငွေကြေးချမ်းသာသူများက နိုင်ငံရေးပါတီများကို လှူ၍ရကြောင်း ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ (SNDP)မှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တော့ ပိုက်ဆံ မရှိဘူးဗျ၊ ပြည်တွင်းမှာ ရှိတဲ့ သူဋ္ဌေးတွေ ကျားဖြူပါတီကို လှူချင်လည်း လှူခိုင်းလိုက်ဦး ကျနော်တို့ ရေခန်းနေတယ်၊ လှူလို့ရတယ်လေ၊ ပြည်တွင်းမှာ ဘယ်သူမဆို လှူလို့ရတယ်လေ၊ ဘယ် သူဋ္ဌေးပဲ ဖြစ်ဖြစ်၊ FRC (Foreign Registration Certificate) ကိုင်ထားတဲ့ လူလည်း လှူလို့ရတယ်လေ၊ ဧည့် နိုင်ငံသားလည်း လှူလို့ရတယ်၊ ခင်ဗျားလည်း လှူချင်လှူလို့ရတယ် မီဒီယာကိုင်ထားတဲ့ လူလည်း လှူလို့ရတယ်၊ နိုင်ငံခြားမရဘူးလေ၊ နိုင်ငံခြား အဖွဲ့အစည်း မရဘူးလေဗျာ၊ ပြည်တွင်းကတော့ ရတာပေါ့” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံစဉ်
ငွေကြေးချမ်းသာသည့် ပုဂ္ဂိုလ်များ၊ ဉာဏ်ပညာရှိသည့် ပုဂ္ဂိုလ်များ စုပေါင်းလုပ်ဆောင်မှ ပါတီတစ်ခုမှာ အောင်မြင် မှာ ဖြစ်ကြောင်း အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUD)ဥက္ကဋ္ဌ ဦးစိန်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါကတော့ ဒီလိုဗျ ဟိုတုန်းကတည်းကလည်း ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်ကတည်းကလည်း ကျနော်သိထားတာက ပညာတတ်တာလည်း ပါတာပဲ၊ ပိုက်ဆံရှိတဲ့ သူဌေးလည်း ပါတာပဲ၊ အားလုံးစုပေါင်းပြီးတော့ နိုင်ငံရေးဆိုတာ စုပေါင်းပြီးတော့ အလုပ်လုပ်ရတာလေ၊ ပိုက်ဆံရှိပါတယ်ဗျာ၊ သူရရွှေမန်းတို့ ဘာတို့ သူတို့ ဆက် လုပ်လို့ မရဘူးလေ၊ ဆိုလိုချင်တဲ့ သဘောက ပိုက်ဆံရှိမှ မဟုတ်ပါဘူး။ အရေးကြီးတာက ပိုက်ဆံရှိတဲ့လူ စိတ်ရင်း စိတ်ဓါတ်ကောင်းတဲ့ လူလာခဲ့၊ အရည်အချင်းရှိတဲ့လူ၊ ဥာဏ်ပညာရှိတဲ့လူ စိတ်ရင်းစိတ်ဓါတ် ကောင်းတဲ့လူ လာခဲ့၊ အချိန်ပေးနိုင်တဲ့လူ၊ စိတ်ရင်းစိတ်ဓါတ် ကောင်းတဲ့လူ လာခဲ့၊ ဒီလိုမျိုး ခေါင်းဆောင်တွေ Level တွေ ရှိတဲ့ဟာနဲ့ စုပေါင်းပြီးတော့ လုပ်မှ အောင်မြင်တာလေ၊ အဲဒါမှ ပါတီတစ်ခုက အောင်မြင်တာ” ဟု ပြောသည်။
ထို့အတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု အတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုသည့်နေမှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ထိုတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ် အားလုံး၏ အနည်းဆုံး ၅ မြို့နယ်တွင် ပါတီရုံးခန်း ဖွင့်လှစ်ရမည်ဟု ဝန်ခံချက် လိုအပ်ကြောင်း သိရသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 2035
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၃
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံနှုန်းများ နှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆောင်ရွက်သွားမည်ဆိုသည့် အချက်ပါ အပါအဝင် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို နစက-က ထုတ်ပြန် ကြေညာသွားသည်။
ယနေ့(ဖေဖော်ဝါရီ ၃ ရက်) ညပိုင်းက ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၁၂ ရပ်ကို ထုတ်ပြန်သွားခဲ့သည်။
နစက-က “အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည် ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက် လက် ဆောင်ရွက်သွားမည်”ဟု ပြောသည်။
ထို့နောက် နံပါတ်(၁)အနေဖြင့် ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝ ရရှိစေရန် အလေးထားလုပ်ဆောင်မည် ဖြစ်ကြောင်း နံပါတ်(၂) အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေးရိက္ခာဖူလုံရေးအတွက် ပြည်သူလူထု ဗဟိုပြုဖွံ့ဖြိုးရေး လုပ်ငန်း များကို လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
၂၀၂၀ ပြည့်နှစ်က နိုင်ငံရေးပါတီ ၃၀ ကျော်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံစဉ်
အလားတူ နံပါတ်(၃)အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက် သွားမည်၊ နံပါတ်(၄) တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်ဟု ဆိုထားသည်။
လက်ရှိတွင် နစကသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က ကျင်းပခဲ့သော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ ရေးကောင်စီ အစည်းအဝေးကနေ အရေးပေါ်ကာလကို နောက်ထပ် သက်တမ်း ၆ လတိုးကြောင်း ဆုံးဖြတ်ကာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1562
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၃
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပြဋ္ဌာန်းပြီးနောက် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင် ရန် ပြင်ဆင်မှုများ ရှိလာနေသည်။
အထွေထွေရွေးကောက်ပွဲအတွင်း ဝင်ရောက်ယှဉ်ပြိုင်ရန် ၂ လအတွင်း မှတ်ပုံတင်သွားမည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။
စိုင်းအိုက်ပေါင်း “တင်မှာပေါ့ ကျနော်တို့က တင်မှာပေါ့၊ ၂ လ အတွင်းမှာ တင်မှာပေါ့၊ ရက်ပေါင်း ၆၀ သူက ပြော ထားတာ ၂ လပိုင်းအထိ မဟုတ်ဘူး။ ၃ လပိုင်းအထိ ပေးထားတာပေါ့ဗျာ၊ မတ်လ ကုန်ခါနီးအထိ ရတာပေါ့၊ ရက်ပေါင်း ၆၀ ရတာ ပေါ့” ဟု ပြောသည်။
နစက ထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာ မိမိတို့ ပါတီများအတွက် အခက်အခဲ ဖြစ်စေကြောင်း၊ မှတ်ပုံတင်နိုင်ရေးကိစ္စကို မဆုံးဖြတ်ရသေးကြောင်း ရခိုင်အမျိုးသားပါတီ (ANP)မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။

ကျားဖြူပါတီ အလံကိုတွေ့ရစဉ်
ဦးသာထွန်းလှ “လောလောဆယ် ကျနော်တို့ပါတီမှာ ဘာမှ မဆွေးနွေးရသေးဘူး။ မဆုံးဖြတ်ရသေးဘူး၊ လောလောဆယ် ပါတီတွင်းမှာ ဆွေးနွေးပြီးခါမှ ကျနော်တို့ အဲဒါကို ပြန်ပြောလို့ရမယ်၊ မှတ်ပုံတင်၊ မတင်ဆို တာကို”ဟု ပြောသည်။
ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်လိုပါက ဥပဒေပြဋ္ဌာန်းသည့် နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှောက်ထားရမည်ဖြစ်ကြောင်း၊ အဆိုပါ သတ်မှတ် ရက်အတွင်း လျှောက်ထားခြင်း မရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျှောက် ပျက်ပြယ်ပြီးဟု မှတ်ယူကြောင်း နစကမှ ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းက မော်လမြိုင်တွင် ကျင်းပခဲ့သည့် မွန်ညီညွတ်ရေးပါတီ (MUP) ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးအရ မှတ်ပုံတင်မည့် အခြေအနေရှိသော်လည်း ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက် လိုအပ် ကြောင်း MUP မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။
နိုင်သန်းရွှေက “ ဟုတ်ကဲ့ တင်သွားမယ့် အနေအထားတော့ ရှိတာပေါ့နော်၊ ဒါပေမဲ့ ဒီဗဟိုကော်မတီ အစည်းအဝေး ရဲ့ ဆုံးဖြတ်ချက် ပြန်ယူရမှာပေါ့၊ အခုက ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်ပေါ့၊ ဗဟိုကော်မတီ ဆုံးဖြတ်ချက်ကို ပြန်ယူရဦးမယ်၊ ဒါအကုန်လုံး တိုင်ပင်ညှိနှိုင်းပြီးတော့မှ ကျနော်တို့ မှတ်ပုံတင်သင့်ရင် တင်မှာပေါ့ဗျာ” ဟု ပြောသည်။
မိမိတို့၏ အမျိုးသားရေး၊ ဒေသအရေးအတွက် မည်သည့်အစိုးရ လက်ထက်တွင်ဖြစ်စေ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)မှ နာယက ဦးရွှေမင်းက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံစဉ်
ဦးရွှေမင်းက “ကျနော်တို့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) အနေနဲ့ကတော့ မည်သည့် အစိုးရပဲ တက်တက်၊ မည်သည့် ရွေးကောက်ပွဲကော်မရှင်ပဲ ဖြစ်ဖြစ်၊ ကျနော်တို့ကတော့ ပါတီဖွဲ့စည်းထားတယ် ဆိုရင် ရွေးကောက်ပွဲ ဝင်ဖို့ဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ အမျိုးသားရေး၊ ကျနော်တို့ရဲ့ ဒေသအရေး၊ ကျနော်တို့ နိုင်ငံအရေးကို ရနိုင်တဲ့ လမ်းကြောင်းကနေ ရနိုင်သလောက် ကျနော်တို့က စားပွဲဝိုင်းယဉ်ကျေးမှုအရ စားပွဲဝိုင်း ပေါ်မှာ ဆွေးနွေးသွားမှာ ဖြစ်တယ်၊ အဲဒီတော့ ရွေးကောက်ပွဲကိုလည်း ဝင်သွားမယ်၊ နိုင်ငံရေးအရ နိုင်ငံရေး စားပွဲ ပေါ်မှာ ရောက်ရှိပါကလည်း နိုင်ငံအရေးအတွက် ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ပဲ ကျနော် အဲဒီလိုလေး ပြောကြားချင်ပါတယ်ခင်ဗျ” ဟု ပြောသည်။
လာမည့် ဩဂုတ်လအတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အနိုင်ရသည့် နိုင်ငံရေးပါတီကို နိုင်ငံတော်အာဏာ လွှဲအပ်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1682
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂
တိုင်းဒေသကြီးနှင့် ပြည်နယ် ၆ ခုမှ မြို့နယ်ပေါင်း ၁၉ မြို့နယ်ကို နစက-က ဖေဖော်ဝါရီ ၂ ရက်နေ့တွင် စစ်အုပ်ချုပ်ရေးကြေညာ သွားခဲ့သည်။
အဆိုပါ စစ်အုပ်ချုပ်ရေးကြေညာခံရသည့် တိုင်းဒေသကြီးများမှာ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့ဖြစ်ပြီး ပြည်နယ်များကတော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်တို့ဖြစ်သည်။
ထို့နောက် မကွေးတိုင်းဒေသကြီးထဲတွင် ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပေါက်၊ မြိုင်တို့ပါဝင်သည်။ အလားတူ ပဲခူးတိုင်းဒေသကြီးထဲကတော့ ထန်တပင်၊ အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည်၊ ပေါက်ခေါင်းတို့ ပါဝင်သည်။
ထို့အပြင် တနင်္သာရီးတိုင်းဒေသကြီးထဲတွင် တနင်္သာရီနှင့် ပုလောတို့ပါဝင်ပြီး မွန်ပြည်နယ်ကတော့ ရေးမြို့နယ်ဖြစ်သည်။
ကရင်ပြည်နယ်ထဲမှာတော့ ကော့ကရိတ်နှင့်ကြာအင်းဆိပ်ကြီးတို့ ပါဝင်ပြီး ကယားပြည်နယ်တွင် ဒီမော့ဆို၊ ရှားတော၊ ဖရူဆို၊ ဘော်လခဲတို့ ဖြစ်သည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 2406
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီးနှင့်ချင်းပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၁၇ မြို့နယ်ကို နစက-က စစ်အုပ်ချုပ်ရေးအဖြစ် သတ်မှတ်ကြောင်း ယနေ့ (ဖေဖော်ဝါရီ ၂ ရက်)တွင် ထုတ်ပြန် ကြေညာသွားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးထဲက စစ်အုပ်ချုပ်ရေး ကြေညာခံရသော မြို့နယ်များမှာ အင်းတော်ကြီး၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်၊ ရေးဦး တို့ဖြစ်သည်။
ထို့နောက် ချင်းပြည်နယ်ထဲက စစ်အုပ်ချုပ်ရေး ကြေညာခံရသည့် မြို့နယ်များမှာ တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်၊ ဟားခါး တို့ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1012
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂
ထိုင်းနိုင်ငံရှိ အချုပ်ခန်းများတွင် ဖမ်းဆီးခံထားရပြီးနောက် လွတ်ရက်ပြည့်၍ ပြန်လွတ်လာသော မြန်မာနိုင်ငံ သား ရွှေ့ပြောင်း အလုပ်သမားများကို တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က ယနေ့ (ဖေဖော်ဝါရီ ၂ ရက်)တွင် လက်ခံကြိုဆိုခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်တော်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ကျန်းမာရေး စစ်ဆေးမှုများလည်း ပြုလုပ်ပေး ကြောင်း ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ FED မှ ဒါရိုက်တာ ဦးထူးချစ်က သူ့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ရေးသား ထုတ်လွှင့်ခဲ့သည်။

ထိုင်းမှာ အချုပ်ကျပြီး လွတ်ရက်ပြည့်၍ပြန်လာသူများကို တနင်္သာရီတိုင်းအစိုးရက ကျန်းမာရေးစစ်ဆေး ပေးနေစဉ်(Htoo Chit-fb)
ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ဖမ်းဆီး၍ အချုပ်ခန်းထဲမှာ ပြည့်နှက်နေ အောင်ထားထားပြီး ငွေကြေးပေးသူကို ဦးစားပေး စေလွှတ်မှုများကြောင့် ဖမ်းဆီးခံရသော မြန်မာရွှေ့ပြောင်း အလုပ်သမားများက အချုပ်ခန်းထဲ၌ ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သေးသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1210
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂
နစကအနေဖြင့် အရေးပေါ်ကာလ နောက်ထပ် သက်တမ်း ၆ လ တိုးမြှင့်ခဲ့ခြင်းနှင့် စုဖွဲ့မှုများ ပြင်ဆင်လာခြင်းကြောင့် ရှေ့အလားအလာတွင် မည်ကဲ့သို့သော အပြောင်းအလဲများ ဖြစ်လာနိုင်သလဲဆိုကာ နိုင်ငံရေးအသိုင်း အဝိုင်းမှာ ဆွေးနွေးလျက်ရှိနေသည်။
နစကသည် သက်တမ်း ၆ လတိုးလိုက်သော်လည်း အပြောင်းအလဲ မဖြစ်လာနိုင်ကြောင်း၊ ၎င်းတို့ အာဏာရယူခဲ့ သည့် ၂ နှစ်အတွင်း မြန်မာနိုင်ငံသည် သာမန်အချိန်သာ ရှိနေသေးကြောင်း၊ အပြောင်းအလဲ ဖြစ်လိုပါက တွေ့ဆုံ ဆွေးနွေးသင့်သည့် ပုဂ္ဂိုလ်များဖြင့် ဆွေးနွေးရန် လိုအပ်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP)မှဥက္ကဋ္ဌ ဦးသာထွန်းလှ က CNI သတင်းဌာနသို့ ပြောသည်။

NUG – PDF ကိုတွေ့ရစဉ်
၎င်းက “ပြောင်းလဲသွားနိုင်သလားဆိုရင် ဘာမှ မပြောင်းလဲလို့လည်း ၆ လ ထပ်တိုးတာပဲလို့ မြင်တယ်၊ ဘာဖြစ်လို့ လဲဆိုရင် မြန်မာနိုင်ငံ အခြေအနေက အဲဒီမှာ ကာ/လုံ အစည်းအဝေးမှာ ပြောတဲ့ စကားဆိုရင် သာမန်အခြေအနေ မဟုတ်ဘူးဆိုလို့ အဲဒီလို ပြောတဲ့အတွက်ကြောင့် ဘာပဲဖြစ်ဖြစ် နစက ကောင်စီက အာဏာယူတဲ့အချိန်မှာ မြန်မာ နိုင်ငံက သာမန်အခြေအနေပဲ ရှိတယ်လို့ ပြောလို့ရတယ်၊ အခုလောလောဆယ် သာမန်အခြေအနေ မဟုတ်ဘူးဆို တော့ ဒါအပြောင်းအလဲ ဖြစ်တယ်လို့ ပြောလို့မရဘူး။ သာမန်အခြေအနေက သာမန်မဟုတ်တဲ့ အခြေအနေကို ရောက်သွားတယ်ဆိုတာ ဒါအပြောင်းအလဲဖြစ်တာ မဟုတ်ဘူး။ အနုတ်လက္ခဏာဆောင်တဲ့ သဘောပဲဖြစ်တယ်၊ အဲဒါကြောင့် နောက်ထပ် ၆ လ သက်တမ်းတိုးတာလဲ အပြောင်းအလဲ ဖြစ်နိုင်သလားမေးရင် ဘာမှ အပြောင်းအလဲ မဖြစ်နိုင်တဲ့ အတွက်ကြောင့် နောက်ထပ် ၆ လ သက်တမ်းတိုးတယ်လို့ပဲ ကျနော်က အဲဒီလို မြင်တယ်” ဟု ပြောသည်။
အခြေခံဥပဒေ ပုဒ်မ ၄၂၅ နှင့်အညီ နိုင်ငံတော် တစ်ဝန်းလုံး အရေးပေါ် အခြေအနေ ကြေညာသည့် ကာလကို နောက်ထပ် ၆ လ တိုးမြှင့် သတ်မှတ်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံတော်၏ တာဝန် အရပ်ရပ်ကို နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အပ်နှံကြောင်း ကာ/လုံ အစည်းအဝေး ထုတ်ပြန် ချက်အရ သိရသည်။
အဆိုပါ သက်တမ်း ၆ လအတွင်း နိုင်ငံရေးအပြောင်းအလဲ ဖြစ်လာရန် အလားအလာ နည်းကြောင်း အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUD)ဥက္ကဋ္ဌ ဦးစိန်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

ဒီမိုကရေစီအရေး ၂၀၂၁ ခုနှစ်က တောင်းဆိုနေကြစဉ်
၎င်းက “နိုင်ငံရေး အပြောင်းအလဲကတော့ ကျနော်ထင်တယ်ဗျ၊ ဖြစ်လာဖို့ အလားအလာ နည်းတယ်ဗျ၊ ဘာကြောင့်လဲဆိုတော့ ခင်းကျင်းထားတဲ့ဟာကို ကြည့်လိုက်တဲ့အခါမှာ နိုင်ငံရေးမှတ်ပုံတင်ကိစ္စပဲ ကြည့်မလား၊ နိုင်ငံရေး မှတ်ပုံတင်ကိစ္စ ကြည့်လိုက်ရင်လည်း သူက ခက်ခဲမှုတွေ များစွာနဲ့ လုပ်ထားတယ်၊ တစ်ခါ ပြည်တွင်း တည်ငြိမ်မှု ကိစ္စကြတော့လည်း ပြည်တွင်း တည်ငြိမ်မှုကိစ္စက တဖြည်းဖြည်းနဲ့ တစ်ဖက်က ပါဝါက တဖြည်းဖြည်း နဲ့ မြင့်လာမယ့် အလားအလာရှိတယ်၊ ဒီဖက်ကကြတော့လည်း ကျနော်တို့ ဘာပဲပြောပြော လူတွေကတော့ ပြောင်းသွားတယ်၊ သို့သော် နစကအနေနဲ့ တာဝန်ယူပြီး ဆက်ပြီး ၆ လ လုပ်တာဖြစ်တဲ့အတွက် အားလုံးကလည်း ဒီအပေါ်မှာ အမြင်က အရင်အတိုင်းပဲ ယုံကြည်မှုအား နည်းနည်း နည်းတာပေါ့ဗျာ၊ အဲဒီပုံစံမျိုး ရှိတဲ့အခါကြတော့ ကျနော်ထင်တယ်၊ ဒီ ၆ လအတွင်းမှာတော့ ခင်းကျင်းထားတဲ့ အနေအထားအရ တစ်ဖက်နဲ့ တစ်ဖက် မလျှော့ဘူး ဆိုတဲ့ သူတို့ လုပ်ချင်တဲ့အတိုင်း ဆက်လုပ်သွားမယ်ဆိုတဲ့ အဖြေမျိုးပဲ ကျနော်က တွေ့ရတယ်” ဟု ပြောသည်။
နစက သက်တမ်းတိုးလိုက်သည့် ၆ လအတွင်း နိုင်ငံရေးအပြောင်းအလဲ ဖြစ်နိုင်ခြေ နည်းပါးသည့်အတွက် သက်တမ်းကုန်ပြီးနောက် ၆ လတိုးသွားနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1406
CNI News
၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီ ၁
ပြည်ပအလုပ်အကိုင်အေဂျင်စီများဖြင့် သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ၏ အခွင့်အရေးများ မနစ်နာစေရန်အတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းအား ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်သမားများ၏ အခွင့်အရေး မနစ်နာစေရန် လုပ်ဆောင်နိုင်သည့် မူဘောင်အတွင်းမှ အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။
“တတ်နိုင်သလောက် အလုပ်သမားဝန်ကြီးဌာနကနေပြီးတော့ Black List အသွင်းခံထားရတဲ့ ပြည်ပအလုပ် အကိုင်အေဂျင်စီတွေနဲ့ ပတ်သက်ပြီးတော့ အသင်းချုပ်ပေါ့ MOEAF နဲ့ ပေါင်းစပ်ပြီးတော့ စိစစ်မှုတွေ လုပ်နေ ပါတယ်။ အဲဒီထဲကနေပြီးတော့ ရာခိုင်နှုန်းအရ အမှန်များတာပေါ့နော်။ သံသယဖြစ်ဖွယ် ကိစ္စမျိုး မရှိရတဲ့လူ၊ clear ဖြစ်လောက်မယ့်အနေအထားမျိုး ဆိုရင်တော့ ပြည်ထဲရေးဘက်ကို မေတ္တာရပ်ခံပြီး သူတို့နဲ့ ဆက်စပ်ပြီး တော့ လုပ်နေတဲ့ MOU လုပ်သားတွေ၊ နောက်တစ်ခါ အခြား ပြည်ပနိုင်ငံတွေကို သွားမယ့် လုပ်သားတွေရှိတဲ့အတွက် သူတို့ရဲ့အခွင့်အရေးတွေ၊ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံထားရမှုတွေ မနစ်နာစေဖို့အတွက် အတတ်နိုင်ဆုံး ဒါလေးတွေ ပြန်ဖွင့်ပေးဖို့တော့ ကျနော်တို့ စိစစ်မှုတွေ လုပ်နေပါတယ်။ စိစစ်မှုတွေလုပ်ပြီးရင်တော့ ပြည်ထဲရေးဘက်ကို ကျနော်တို့ဘက်ကနေတဆင့် စိစစ်တင်ပြပြီးတော့ ညှိနှိုင်းတဲ့ဥစ္စာလေး ဆောင်ရွက်သွားဖို့ လုပ်နေတယ် ဆိုတဲ့ အတွက် ပြောချင်တာကတော့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ မနစ်နာနိုင်အောင်အတွက် အလုပ်သမား ဝန်ကြီးဌာနအနေနဲ့ ကိုယ့်ရဲ့လုပ်နိုင်တဲ့ မူဘောင်အတွင်းက လုပ်နိုင်တဲ့လုပ်ပိုင်ခွင့်အတွင်းက အတတ်နိုင်ဆုံး စိစစ်ကြိုးစား ဆောင်ရွက်နေတယ်လို့ ပြောချင်ပါတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ခွင့်ပြုပြီး အလုပ်ခေါ်စာဖြင့် စေလွှတ်မည့် အလုပ်သမား များအတွက် ပြည်ထဲရေးဝန်ကြီးဌာနမှ Black List သွင်းထားသည့် အေဂျင်စီ ၁၃၃ ခုမှအပ ကျန်အေဂျင်စီ များသည် နိုင်ငံကူးလက်မှတ်လျှောက်ထားမည့် စာရင်းများအား ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြထားကြောင်း သိရသည်။

နိုင်ငံကူးလက်မှတ်ရရှိရန် တန်းစီစောင့်ဆိုင်းနေကြသူများ
ထိုအလုပ်သမားများထဲတွင် MOU ဖြင့် သွားရောက်မည့်သူများအပြင် အခြားနိုင်ငံများသို့ အေဂျင်စီများမှတဆင့် သွားရောက်လုပ်ကိုင်မည့်သူများလည်း ပါဝင်ကြောင်း သိရသည်။
၎င်းတို့အား နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းအား မည်သည့်ကာလတွင် ထုတ်ပေးမည်ကို ပြော၍မရသော်လည်း တင်ပြထားသည့် စာရင်းများအား ပြည်ထဲရေးဝန်ကြီးဌာနမှ စိစစ်ပြီးပါက နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ သက်ဆိုင်ရာမှ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းလည်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရုံးများအားလုံးတွင် နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းအား ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ ရက်အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းထားခြင်း ဖြစ်သည်။
ထိုသို့ ရပ်ဆိုင်းထားခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများသို့ တရားဝင် သွားရောက်လုပ်ကိုင်မည့်သူများအနေဖြင့် တရားမဝင်လမ်းကြောင်းအား ရွေးချယ်ကာ သွားရောက်လုပ်ကိုင်မှုများ ရှိလာနိုင်ကြောင်း FED မှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က CNI သတင်းဌာနသို့ ပြောသည်။
ထို့အပြင် ယခုကဲ့သို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးမှုအား ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားခြင်းသည် နိုင်ငံ တစ်နိုင်ငံအနေဖြင့် မလုပ်သင့်သည့် ကိစ္စရပ်တစ်ခုဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
ဦးထူးချစ်က “အဓိကက ဘယ်အစိုးရပဲဖြစ်ဖြစ်၊ အစိုးရတွေအနေနဲ့ အစိုးရတစ်ရပ်အနေနဲ့ ကျနော်တို့ နိုင်ငံကူး လက်မှတ်ကို ရပ်ဆိုင်းတာတို့၊ မထုတ်ပေးတာတို့ ဖြစ်တဲ့ဟာက ကျနော်တို့ရွှေ့ပြောင်း အလုပ်သမားတွေကို တရားမဝင်တဲ့ အလုပ်သမားတွေဖြစ်အောင် တွန်းပို့နေသလိုဖြစ်တယ်။ အဲဒါတွေကတော့ မလုပ်သင့် မလုပ်ထိုက် တဲ့ ကိစ္စဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်သမားတွေက ဘာပဲပြောပြော သူတို့ တရားဝင်သွားဖို့ ကြိုးစား တဲ့အချိန်မှာ အစိုးရတွေအနေနဲ့ တရားဝင်သွားလို့ လာလို့ရအောင် သူတို့ကိုယ်တိုင်တောင်မှ ပံ့ပိုးသင့်တဲ့ကိစ္စမှာ အခုလိုမျိုး ကြန့်ကြာတာတို့၊ နောက်တစ်ခုက ပတ်စပို့တစ်ခုရဖို့ကို အင်မတန်မှ ဈေးနှုန်းကြီးတာတို့၊ ခက်ခဲတာတို့ ဖြစ်တဲ့ကိစ္စတွေသည် နိုင်ငံတကာမှာသွားပြီးတော့ တရားမဝင်ပေါ့။ အဓိကတော့ ထိုင်းနိုင်ငံကို တရားမဝင် သွားလုပ်ကြပါဆိုတဲ့ ပုံစံမျိုးကို တွန်းပို့တဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့ မြင်တယ်။ အဓိကကတော့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ အဲဒီ နိုင်ငံကူးလက်မှတ်ပေါ့ သူတို့ရဲ့ အခွင့်အရေးဖြစ်တဲ့ နိုင်ငံသား တစ်ယောက်က နိုင်ငံကူးလက်မှတ်ကို ထိန်းချုပ်တယ်၊ ကြန့်ကြာအောင်လုပ်တယ်ဆိုတာက မလုပ်သင့် မလုပ်ထိုက်တဲ့ဟာပေါ့။ ကျနော်တို့အနေနဲ့လည်း ပြောရခက်တာက သူ ဘယ်အချိန်မှ သူတို့ကိုယ်တိုင်လည်း မထုတ်ပြန်သေးတော့လေ။ ဒါပေမယ့်လည်း ကျနော် ထင်ပါတယ် အဲဒီလိုကြီး ပိတ်ထားလို့တော့ မရဘူး။ သူတို့ အချိန်ကာလတစ်ခုမှာတော့ ထုတ်ပေးမယ်လို့တော့ မျှော်လင့်ရပါတယ်” ဟု ပြောသည်။
ထို့အပြင် သက်ဆိုင်ရာအစိုးရတစ်ရပ်အနေဖြင့် မြန်မာနိုင်ငံသားများအား လွယ်ကူစွာဖြင့် ပြည်ပနိုင်ငံတွင် သွားရောက်လုပ်ကိုင်နိုင်စေရန် စနစ်တကျ ကူညီဆောင်ရွက်ပေးသင့်ကြောင်းလည်း FED မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ဆက်ပြောသည်။
လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလကုန်ပိုင်း၌ ပြန်လည်ဖွင့်လှစ်မည်ဟု ပြောဆိုမှုများရှိခဲ့သော်လည်း ယနေ့ အထိ ပြန်လည်ဖွင့်လှစ်ခြင်း မရှိပေ။
မြန်မာနိုင်ငံရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများအား ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားခြင်းသည် စနစ် အသစ်ပြင်ဆင်ရေးဆွဲခြင်း၊ နိုင်ငံရေးနှင့် လုံခြုံရေးကိစ္စရပ်များ၊ လူသားအရင်းအမြစ်ဆုံးရှုံးမှု အစရှိသည့် အကြောင်း များကြောင့် ဖြစ်နိုင်သည်ဟုလည်း ထင်မြင်ပြောဆိုမှုများ ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1202
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းချက် တချို့ကြောင့် ပါတီဆက်လက် ရပ်တည်ရေးအတွက် အခက်အခဲများ ဖြစ်လာနေ ကြောင်း နိုင်ငံရေးပါတီများက ပြောသည်။
အဆိုပါ ဥပဒေပါ ပြဋ္ဌာန်းချက် တချို့ကြောင့် ပါတီဝင် အင်အားများ စုစည်းနိုင်ရေး၊ ပါတီရုံးခန်း ဖွင့်လှစ်နိုင်ရေး၊ တိုင်းရင်းသားပါတီများအတွက် မှတ်ပုံတင်ရေး စသည့် လုပ်ငန်းစဉ်များတွင် ရှုတ်ထွေးမှုများ ဖြစ်ပေါ်လျက် ရှိနေ ကြောင်း ပြောဆိုလာခဲ့ကြသည်။

UEC ဥက္ကဋ္ဌ ဦးသိန်းစိုး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဉပဒေကို လက်မှတ်ထိုးနေစဉ်
ထို့အတူ နည်းဥပဒေ၏ ပုဒ်မ ၁၅(ဇ)တွင် နိုင်ငံတော်ကို လက်နက်ကိုင်ဆန့်ကျင်နေသော သောင်းကျန်းသူ အဖွဲ့ အစည်း သို့မဟုတ် အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်ထားသည့် အဖွဲ့အစည်း နှင့် ပုဂ္ဂိုလ်များ၊ မတရားအသင်းအဖြစ် ကြေညာခံထားရသည့် အဖွဲ့အစည်းနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဆက်သွယ်ခြင်း၊ အားပေးခြင်းများရှိပါက ပါတီမှတ်ပုံတင်ခြင်းမှ ပယ်ဖျက်မည်ဟု ပါရှိသည်။
သို့သော် ၎င်းအချက်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုး ထားသည့် အဖွဲ့အစည်းများ မပါရှိဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်း က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူတို့က ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီးပြီလေ၊ NCA ဆိုတာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ထိုးထားတဲ့ လူဆိုတော့ ရပြီပေါ့နော်၊ ၁၇ (၁) မငြိတော့ဘူးလေ၊ ၁၀ ဖွဲ့ကတော့ မငြိတော့ဘူးပေါ့၊ SSPP က ကျနော်တို့ ပြည် နယ် အဆင့်ရော၊ ပြည်ထောင်စုအဆင့်ရော ထိုးထားပြီးသား၊ ပြည်ထောင်စုအဆင့်လည်း ထိုးထားပြီးသား အရင် ပထမဆုံး လာဆက်သွယ်တာ အရင်တုန်းက ကျနော် ရှမ်းပြည်နယ်ဝန်ကြီး လုပ်တုန်းက ကျနော်နဲ့ ပထမဆုံး လာတွေ့တာ ကျနော်နဲ့ စိုင်းထွန်းရင် နောက်ပြီးတော့ ကာ/လုံ ကိုင်ထားတဲ့ ဗိုလ်မှူးကြီး အောင်သူဆိုတာ ကျနော် တို့ ၃ ယောက်နဲ့ အရင်ဆုံးလာတွေ့တာ ရှမ်းပြည်နယ် အစိုးရအနေနဲ့ လက်မှတ်ထိုးပြီးပြီ၊ ပြည်ထောင်စုအဆင့်မှာ ထိုးပြီးပြီ၊ သူ့မှာ NCA ပဲ မထိုးသေးတာ၊ NCA မထိုးသေးဘူးဆိုပေမဲ့ တပ်ချုပ်နဲ့လည်း လာတွေ့သွားတယ်လေ၊ သူတို့ လာတွေ့တဲ့ အဖွဲ့က သူရယ်၊ ‘ဝ’ရယ်၊ မိုင်းလားရယ် လာတွေ့ပြီးပြီလေ” ဟု ပြောသည်။
မိမိတို့ ပါတီအနေဖြင့် NCA လက်မှတ် ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ဆက်သွယ်မှု များ ရှိကြောင်း၊ အခြားသော အဖွဲ့အစည်းများနှင့် ဆက်သွယ်မှု မရှိကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ကတော့ တရားမဝင်တဲ့ အဖွဲ့အစည်းနဲ့ ဆက်သွယ်တဲ့ ပါတီမဟုတ်ဘူးလေ၊ ကျနော်တို့ ဥပမာ KNU နဲ့တော့ ဆက်သွယ်တာတော့ မဟုတ်ဘူး၊ နည်းနည်းတော့ ပေါင်းတာ၊ သင်းတာ၊ ပြောတာဆိုတာတော့ ရှိတာ ပေါ့ဗျာ၊ အဲဒါတော့ KNU ကလည်း NCA ထိုးထားတဲ့အဖွဲ့ပဲ သူတို့အဖွဲ့က ဟိုဟာပေါ့ အချင်းချင်း မသင့်မြတ် မပြေ လည်တာတွေကတော့ တစ်ပိုင်းလေ၊ ကျနော်တို့နဲ့ကတော့ မဆိုင်ဘူး အဲဒါတွေက PDF တို့ ဘာတို့နဲ့ကတော့ ကျနော်တို့နဲ့ကတော့ ဘာမှ မပတ်သက်ဘူးလေ၊ ဒါကြောင့်မို့လို့ ကျနော်တို့လည်း အဲဒီအတွက် ဘာမှ မစိုးရိမ်ဘူး” ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကိုတွေ့ရစဉ်(Reuters)
NCA လက်မှတ် ရေးထိုးထားသော်လည်း ဒေသကာကွယ်ရေးတပ် (PDF)များနှင့် ပူးပေါင်းတိုက်ခိုက်နေသည့် KNU နှင့် ဆက်သွယ်သည့် နိုင်ငံရေးပါတီများလည်း အရေးယူခံရနိုင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “NCA ကို လက်မှတ် ထိုးမထားဘူး။ အထူးသဖြင့်တော့ လက်မှတ်ထိုးသော်လည်း အခုချိန်မှာ အကြမ်းဖက် နေတဲ့ တရားဝင် ပေါ်တင်ကြီး ဖြစ်လာတဲ့ လူတွေ ဥပမာ KNU ကဆိုရင် တပ်မဟာ ၇ မှအပပေါ့နော်၊ တပ်မဟာ ၁ နောက် ၂ ကလည်း အသံမထွက်ပါဘူး။ ၃ ပေါ့၊ ၄၊ ၅၊ နောက်ပြီးတော့ ၆ ပေါ့ဗျာ၊ အဲဒါတွေနဲ့ ပတ်သက် ဆက်နွယ် တဲ့ လူတွေ အကြောင်းတစ်စုံတစ်ရာ ရှိခဲ့လို့ရှိရင် ဥပမာ ကရင်ပြည်နယ်ဖက်မှာ ရှိတဲ့၊ မွန်ပြည်နယ်ဖက်မှာ ရှိတဲ့ တိုင်းရင်းသားပါတီတွေရော၊ NLD ပါတီတွေရော အထူးသဖြင့် NLD လို့ပဲ ပြောရမှာပေါ့၊ နောက်တစ်ခုက ပုလဲတို့၊ ယင်းမာပင်တို့၊ မကွေးတို့ စစ်ကိုင်းဘက်မှာ ထကြွဆူပူနေတဲ့ PDF တွေနဲ့ ပတ်သက်နေတဲ့လူတွေကလည်း အပယ် ခံရဖို့များတယ်” ဟု ပြောသည်။
UEC က ပြဋ္ဌာန်းလိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်တွင် တည်ဆဲပါတီအားလုံး ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင် ပြန်တင်ရမည်ဟု ပြဋ္ဌာန်းထားသလို မှတ်ပုံတင် ပြန်မတင်သည့် ပါတီများသည် အလို အလျောက် ပါတီဖျက်သိမ်းပြီးသား ဖြစ်သည်ဟုလည်း ဥပဒေသစ်တွင် ပြဋ္ဌာန်းထားသည်။
