CNI International News

ကိယက်ဗ်၊ စက်တင်ဘာ ၈

ယူကရိန်းစစ်မျက်နှာတွင် ရုရှားတို့ နျူကလီးယား အသုံးပြုဖို့ ခြိမ်းခြောက်နေကြောင်း ယူကရိန်းစစ်ဦးစီးချုပ်က စက်တင်ဘာ ၇ ရက်တွင် သတိပေးခဲ့သည်ဟု ရိုက်တာသတင်းအရ သိရသည်။

အဆိုပါ သတိပေးမှုသည် ၎င်း၏ရှားရှားပါးပါး အများသိစေသည့် သဘောထား မှတ်ချက်လည်း ဖြစ်သည်။

ရုရှား၏ ခြိမ်းခြောက်မှုသည် အင်အားကြီးနိုင်ငံများ အကန့်အသတ်ဖြင့် နျူကလီးယားပဋိပက္ခ ဖန်တီးနိုင်ဖွယ် ရှိနေကြောင်း ယူကရိန်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗယ်လာရီးလီးဇလူဇညယ်က ပြောကြားခဲ့သည်ဟု လွှတ်တော် အမတ် တစ်ဦးဖြစ်သူ မီခေလိုဇာဘရိုစကီး၏ ဆောင်းပါးထဲတွင် ထည့်သွင်း ရေးသားထားသည်။

အဆိုပါ ဆောင်းပါးကို ယူကရိန်းပိုင် သတင်းအေဂျင်စီ တစ်ခုဖြစ်သည့် Ukrinform က ဖော်ပြခဲ့သည်။

ရုရှား၏ နျူကလီးယား ထိပ်ဖူးကို သယ်ဆောင်လာစဉ် (EPA)

ထိုဆောင်းပါးထဲတွင် ယူကရိန်းစစ်ဦးစီးချုပ်ထံမှ ယနေ့ကာလအထိ စစ်နှင့်ပတ်သက်၍ အသေးစိတ် အကဲဖြတ်ချက်အများဆုံး ပါရှိပြီး ယူကရိန်းတပ်၏ ပြတ်သားသည့် သဘောထားများ ထင်ဟပ်နေခဲ့သည်။

“ရုရှားစစ်တပ်က နည်းဗျူဟာမြောက် နျူကလီးယား လက်နက်တွေကို တချို့အခြေအနေတွေမှာ ထုတ်သုံးမယ် ဆိုပြီး တိုက်ရိုက် ခြိမ်းခြောက်တာတွေ ရှိပါတယ်” ဟု ဇလူဇညယ်က ပြောကြားခဲ့သည်။

အကန့်အသတ်ဖြင့် ဖြစ်ပွားလာနိုင်သည့် နျူကလီးယား ပဋိပက္ခတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံများ တိုက်ရိုက် ပါဝင် ပတ်သက်နိုင်ခြေမရှိဟု လုံးဝငြင်းဆိုရန် မဖြစ်နိုင်ပေ။

ယခင်ကလည်း နျူကလီးယား (သို့မဟုတ်) ဓာတုလက်နက် သုံးစွဲနိုင်ခြေ ထင်ကြေးများကိုလည်း မော်စကိုက ငြင်းဆိုခဲ့ပြီး ဖြစ်သည်။

စစ်ပွဲရေစီးကြောင်း အပြောင်းအလဲအတွက် မော်စကို၏ လက်နက်များနှင့် တိုက်ခိုက်မှု အကွာအဝေးတို့ကို ယူကရိန်းက ဟန်ချက်ညီညီ တုံ့ပြန်နိုင်ဖို့ လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး ဇလူဇညယ်နှင့် ဆောင်းပါးရှင်း ဇာဘရိုစကီးတို့က သုံးသပ်ပြခဲ့သည်။

ယူကရိန်းတပ်ဖွဲ့ကိုတွေ့ရစဉ် (GETTY IMAGES)

“ဗျူဟာမြောက် အခြေအနေမှာ အခြေခံအကျဆုံး အပြောင်းအလဲဖြစ်ဖို တစ်ခုတည်းသော လမ်းကြောင်းကတော့ လာမယ့် ၂၀၂၃ ခုနှစ် စစ်ဆင်ရေးတွေကျရင် ယူကရိန်းတပ်တွေ တန်ပြန်တိုက်ခိုက်မှု အဆက်မပြတ် လုပ်တာမျိုး (ဒါမှမဟုတ်) စံနမူနာပြ တိုက်ခိုက်တာမျိုး တပြိုင်တည်း လုပ်ပြနိုင်မှ ရမယ်” ဟု ၎င်းတို့က ဆက်လက် သုံးသပ်ပြသည်။

ရုရှားပိုင်နက်ထဲရှိ ပစ်မှတ်များကို ထိမှန်ရန် သုံးစွဲခွင့်မရှိသော တာဝေးပစ် လက်နက်များကို ကိယက်ဗ် အစိုးရထံသို့ ထောက်ပံ့ခဲ့ကြောင်း အမေရိကန်က ပြောခဲ့ပြီး ဖြစ်သည်။

ပြီးခဲ့သည့်လ၌ ခရိုင်းမီးယားကျွန်းဆွယ်ရှိ ရုရှားလေတပ် အခြေစိုက် စခန်းများကို ဒုံးကျည်ဖြင့် ထိမှန်ပျက်စီးစေခဲ့ ခြင်းအတွက် မိမိတို့တာဝန်ရှိကြောင်း ပထမဆုံး ယူကရိန်းဘက်မှ အသိအမှတ်ပြုသည့် အချက်လည်း ယခု ဆောင်းပါးထဲတွင် ဖော်ပြထားသည်။

ရုရှားတပ်ဖွဲ့ကိုတွေ့ရစဉ် (GETTY IMAGES)

လက်ရှိ ကာလအထိ ခရိုင်းမီးယား ပေါက်ကွဲမှု ဖြစ်စဉ်များ၌ ယူကရိန်း ပါဝင်ပတ်သက်မှုကို ငြင်းဆိုနေဆဲဖြစ်ပြီး ရုရှား၏ လက်တုံ့ပြန်မှုကို စိုးရိမ်နေရကြောင်း အမည်မဖော်လိုသူ စစ်ဘက် အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

“ကျနော်တို့က ရန်သူရဲ့ ခရိုင်းမီးယား လေတပ်စခန်းတွေကို ဒုံးကျည်နဲ့ အောင်အောင်မြင်မြင် ချေမှုန်းနိုင်ခဲ့တယ်။ ပထမဆုံး ပစ်မှတ်ချက် ဆာကီ (Saky) လေယာဉ်ကွင်းပဲဖြစ်တယ်” ဟု ဆောင်းပါးထဲတွင် ဖော်ပြထားသည်။

မည်သည့် ဒုံးကျည် အမျိုးအစား ဖြစ်ကြောင်းကိုတော့ ဆောင်းပါး၌ မတွေ့ရပေ။

ဆာကီလေယာဉ်ကွင်း တိုက်ခိုက်ခံရမှုကြောင့် ဩဂုတ် ၉ ရက်တွင် ရုရှားစစ်လေယာဉ် ၁၀ စင်း ပျက်စီးခဲ့ရသည်ဟု ၎င်းဆောင်းပါးထဲတွင် ဆက်လက်ဖော်ပြထားသည်။

ယူကရိန်းပိုင်နက်ထဲမှ အနည်းဆုံး ကီလီုမီတာ ၂၀၀ ကွာဝေးသည့် လေယာဉ်ကွင်းသို့ တိကျစွာ ထိမှန်နိုင်သည့် လက်နက်မျိုး ယူကရိန်းထံတွင် ရှိ/မရှိ ရှင်းရှင်းလင်းလင်း မသိရပေ။

Source: Reuters