CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃

ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)ဟာ ဘဏ္ဍာရေးမျှခြေစည်းမျဉ်း ချိုးဖောက်ခဲ့တဲ့ ပီအက်စ်ဂျီ အပါအဝင် အသင်း ၈ သင်းကို ဒဏ်ကြေးငွေ ချမှတ်လိုက်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဘဏ္ဍာရေးမျှခြေစည်းမျဉ်း ချိုးဖောက်ခဲ့လို့ ယူရို ၁၀ သန်း ဒဏ်ကြေးငွေ ပေးခဲ့ရပြီး နောက် ထပ် စည်းမျဉ်းလိုက်နာမှု မရှိခဲ့ဘူးဆိုရင် ယူရို ၆၅ သန်း ဒဏ်ကြေးငွေ ပေးဆောင်ရမှာပါ။

ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးမျှခြေ စည်းမျဉ်းမှာ အသင်းတွေဟာ သူတို့ရရှိတဲ့ ဝင်ငွေထက်ပိုပြီး မသုံးစွဲဖို့နဲ့ ၃ နှစ် တာကာလအတွင်း သူတို့ရဲ့ စာရင်းတွေကို ရှင်းပေးရမှာ ဖြစ်ပါတယ်။ ယူအီးအက်ဖ်အေက ကလပ်အသင်း ၁၉ သင်းကို လာမယ့်နှစ်တွေ အတွင်းမှာ အနီးကပ် စောင့်ကြည့်သွားမယ်လို့ ပြောထားပါတယ်။

PSG အသင်း ဒါရိုက်တာကိုတွေ့ရစဉ်

ယူအီးအက်ဖ်အေက ပြောခဲ့တဲ့ အသင်းတွေထဲမှာ ချယ်လ်ဆီး၊ လက်စတာ၊ မန်စီးတီး၊ ဝက်စ်ဟမ်းနဲ့ ရိန်းဂျားစ် အသင်းတို့လည်း ပါဝင်တာ ဖြစ်ပါတယ်။ ယူအီးအက်ဖ်အေဟာ ဘဏ္ဍာရေးနှစ် ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၁၊ ၂၀၂၂ တို့ကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်ပြီးနောက် ပြီးခဲ့တဲ့ ယူအီးအက်ဖ်အေပြိုင်ပွဲမှာ ကစားခဲ့တဲ့ အသင်းတွေကို ဒဏ်ကြေး ငွေ ချမှတ်ခဲ့တာပါ။

ပီအက်စ်ဂျီအသင်းနဲ့အတူ ဒဏ်ကြေးငွေပေးခဲ့ရတဲ့ အသင်းတွေကတော့ အေစီမီလန်၊ အင်တာမီလန်၊ ရိုးမား၊ ဂျူဗင်တပ်စ်၊၊ ဘက်ဆီးတပ်စ်၊ မာဆေးလ်နဲ့ မိုနာကိုတို့ ဖြစ်ပါတယ်။

အဆိုပါ ၇ သင်းဟာ အနည်းဆုံး ယူရို ၂၆ သန်း ပေးချေခဲ့ရတာဖြစ်ပြီး ပီအက်စ်ဂျီအသင်း ပေးခဲ့ရတဲ့ ဒဏ်ကြေးငွေ ပါ ထည့်သွင်း တွက်ချက်မယ်ဆိုရင် စုစုပေါင်း ယူရို ၁၇၂ သန်းအထိ ရှိတယ်လို့ သိရတာပါ။

ဒီဒဏ်ကြေးငွေကို တိုက်ရိုက် ပေးဆောင်ရမှာဖြစ်ပြီး ဒီလိုမှ မဟုတ်ရင် ယူအီးအက်ဖ်အေ ပြိုင်ပွဲတွေကနေ ကလပ် အသင်းရရှိတဲ့ ဘယ်လို ဝင်ငွေကိုမဆို နုတ်ယူသွားမှာ ဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါ တယ်။

ယူအီးအက်ဖ်အေက စောင့်ကြည့်ခြင်းခံနေရတဲ့ အသင်းတွေထဲမှာ ပါဝင်တဲ့ ချယ်လ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ယူရိုသန်း ၂၈၀ အထိ အသုံးပြုထားခဲ့ပြီး ပြောင်းရွှေ့ကြေး အများဆုံး အသုံးပြုခဲ့တဲ့ အသင်းဖြစ်ခဲ့ပါတယ်။

Source: BBC