CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၆

အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ဆိုခွန်နှင့် တွေ့ဆုံစဉ် သက်ဆိုင်ရာ ပြည်နယ်အလိုက် ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲ အတည်ပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားရန် အပါအဝင် ရွေးကောက်ပွဲနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အခြေအနေများကို မွန်ညီညွတ်ရေးပါတီ(MUP)က တင်ပြ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန် ခဲ့သည်။

အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်နှင့် နိုင်ငံရေးပါတီ ၇ ပါတီမှ ခေါင်းဆောင်များ ဇူလိုင် ၂ ရက်နေ့က ရန်ကုန်မြို့ မှာ တွေ့ဆုံစဉ် အထက်ပါ အခြေအနေများကို MUP ပါတီက တင်ပြ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် မွန်ညီညွတ်ရေးပါတီ(MUP)က အချက် ငါးချက်ကို အဓိကထား ဆွေးနွေးခဲ့သည်။

နံပါတ်တစ် နိုင်ငံရေး ပဋိပက္ခများကို တွေ့ဆုံညှိနှိုင်းခြင်း နည်းဖြင့် အဖြေရှာ သွားနိုင်ရန်၊ နံပါတ်နှစ် မည်သည့်နိုင်ငံရေး အချိုးအကွေ့တွင်မဆို နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူလူထု အားလုံးတို့၏ အကျိုးစီးပွားကို ရှေးရှု၍ ဆောင် ရွက်ကြရန်၊ နံပါတ်သုံး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသည့် နိုင်ငံ တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ် ပေါက်လာရေးအတွက် တိုင်းရင်းသားပါတီများသာမက အခြားသော ဒီမိုကရေစီ အင်အားစု ပါတီများနှင့် ပူးပေါင်း ဆောင် ရွက်သွားကြရန် ဆွေးနွေးခဲ့သည်။

 MUP က ပရတ်ဆိုခွန်နဲ့တွေ့ဆုံစဉ် ဆွေးနွေးခဲ့တဲ့အချက်များ

MUP က “နံပါတ်လေး တိုင်းရင်းသားတို့၏ အခွင့်အရေးနှင့် ကိုက်ညီသည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ နံပါတ်ငါး အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ သက်ဆိုင်ရာ ပြည်နယ်အလိုက် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲအတည်ပြုနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားနိုင်ရန် တို့ဖြစ်ပါတယ်”ဟု ဆွေးနွေးခဲ့သည်။

ထို့နောက် မွန်ညီညွတ်ရေးပါတီ(MUP)အနေဖြင့် လက်ရှိ နိုင်ငံရေးအခြေအနေ အရပ်ရပ်ကို သုံးသပ်ရာတွင် ပါဝင်ပတ်သက် နေသည့် အင်အားစု အားလုံးတို့ အစွဲကင်းစွာ အပြန်အလှန် အသိအမှတ်ပြု လေးစားမှုဖြင့် တွေ့ဆုံညှိနှိုင်း အဖြေရှာခြင်းဖြင့် သာ ငြိမ်းချမ်းသာယာဝပြောသည့် နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဟု အလေးအနက် ယုံကြည်ပါသည်ဟု ပြောသည်။

အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ဆိုခွန်သည် မြန်မာနိုင်ငံသို့ ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၃ ရက်အထိ လာရောက်ခဲ့ပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာဖွေနိုင်ရန်အတွက် နိုင်ငံရေးပါတီများ၊ နစကဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ တို့ဖြင့် ဆွေးနွေးခဲ့သည်။