CNI News

၂၀၂၂ ခုနှစ်၊ မေလ ၂၃

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ လက်ထက် သမ္မတရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် တာဝန်များကို ထမ်းဆောင်ခဲ့သူ ဦးဇော်ဌေးသည် ယနေ့ (မေလ ၂၃ ရက်)နံနက်ပိုင်းက ကွယ်လွန် သွားပြီ ဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများက ပြောသည်။

ဦးဇော်ဌေးသည် ယနေ့ (မေလ ၂၃ ရက်) နံနက်က နှလုံးအမောဖောက်ကာ ဆေးရုံသို့အသွား ကားပေါ်မှာ ကွယ်လွန်သွားခြင်းဖြစ်သည်။

မိသားစုနှင့်နီးစပ်သူတစ်ဦးက “ ဦးဇော်ဌေး ကွယ်လွန်သွားတာ မှန်တယ်။ မနက်က နှလုံးအောင့်တယ် အောင့်တယ်ဆိုလို့ ဆေးရုံကို သွားတာ။ ဆေးရုံမရောက်ခင် ကားပေါ်မှာ ကွယ်လွန်သွားတာ။ နေပြည်တော်မှာပဲ ကွယ်လွန်တာ ”ဟု CNI သတင်းဌာနသို့ ပြောသည်။

ဦးဇော်ဌေးသည် စစ်တက္ကသိုလ် အပတ်စဉ် (၃၇) ဆင်း ဗိုလ်မှူးရာထူးဖြင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး
ကောင်စီ(နအဖ)လက်ထက် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီးစိုးဝင်း၏ ဝန်ကြီး ချုပ်ရုံးမှာ တာဝန်ထမ်းဆောင်ခဲ့သည်။

ထို့နောက် ၂၀၀၇ ခုနှစ်တွင် အငြိမ်းစားယူခဲ့ပြီး ၂၀၁၁ အစိုးရ အပြောင်းအလဲဖြစ်စဉ် ဦးသိန်းစိန် အစိုးရလက်ထက် သမ္မတရုံးဝန်ကြီးဌာနမှာ တာဝန် ထမ်းဆောင်ခဲ့သည်။

KNU အထွေထွေအတွင်းရေးမှူး ဖဒိုစောတာဒိုမူ နဲ့ ဦးဇော်ဌေးကိုတွေ့ရစဉ်

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ တက်လာသည့်အခါမှာတော့ သမ္မတရုံး ဒုညွှန်ကြားရေးမှူးကနေ ညွှန်ကြားရေးမှူးချုပ် အဖြစ် ရာထူးတိုး၍ တာဝန် ယူခဲ့သလို သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ တာဝန်ကိုလည်း ယူခဲ့သည်။

ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် အဖြစ်လည်းကောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ်လည်းကောင်း ပူးတွဲ တာဝန်ထမ်းဆောင်ခဲ့သည်။

ထိုသို့ တာဝန်ထမ်းဆောင်နေစဉ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ တပ်မတော်က NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ်ကြေညာခဲ့စဉ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

အဆိုပါ ဖမ်းဆီးထိန်းသိမ်းခံထားရပြီးနောက် ပြန်လည်လွတ်မြောက်လာပြီး နေအိမ်မှာသာ နေထိုင်လျက်ရှိရာ ယနေ့ (မေလ ၂၃ ရက်) နံနက်ပိုင်းက နှလုံးအမောဖောက်၍ ကွယ်လွန်သွားခဲ့သည်။