CNI News

၂၀၂၂ ခုနှစ်၊ မေလ ၆

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တပ်ရင်း ၂၅၇ ရင်းကျော် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG )၏ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် PDF ကို ဖွဲ့စည်းထားသည်မှာ တစ်နှစ်ပြည့်ခဲ့ပြီး ဖြစ်ကြောင်း၊ မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို မြို့နယ်ပေါင်း ၂၅၀ ကျော်တွင် ဖွဲ့စည်းပြီး ဖြစ်ကြောင်း၊ မြို့ပြ ပျောက်ကြားနှင့် ဒေသအခြေပြု ကာကွယ်ရေးအဖွဲ့(LDFs) ၄၀၀ ကျော်နှင့် ချိတ်ဆက်ပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NUG ၏ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ အခုလို ကျနော်တို့ရဲ့ ပြည်သူ့ကာကွယ်ရေးတပ် ထူထောင်နိုင်အောင် အခက်အခဲ များစွာ ကြားကနေ မဖြစ်ဖြစ်တဲ့ နည်းလမ်းတွေနဲ့ အားပေးကူညီ ဝန်းရံပေးခဲ့ကြတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း များ ERO များကို အထူးပင် လေးစား ကျေးဇူးတင်ရမှာဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF ဟာ တစ်တိုင်း တစ် ပြည်လုံး အတိုင်းအတာနဲ့ခြုံငုံပြီး စစ်ဒေသကြီးများ၊ စစ်ဒေသခွဲများ၊ အထူးစစ်ဒေသများကို ဖွဲ့စည်းဆောင်ရွက်ထားနိုင်ပြီး ဖြစ်သလို တပ်ရင်း တပ်ဖွဲ့များကိုလည်း သက်ဆိုင်ရာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စုဖွဲ့ ဆောင်ရွက်မှုတွေ လက်နက်တပ်ဆင်မှုတွေ ဆောင်ရွက်နေပြီးလည်း ဖြစ်ပါတယ် ”ဟု ပြောသည်။

NUG ထုတ်ပြန်ချက်

NUG ၏ လက်အောက်ရှိ PDF များသည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္လာရီတိုင်းဒေသကြီး စသည့် ဒေသများတွင် စစ်သင်တန်းများ တက် ရောက်လျက်ရှိသည်။

အဆိုပါ စစ်သင်တန်းများကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) စသည့် လက် နက်ကိုင် အဖွဲ့၏ တပ်မဟာ၊ တပ်ဖွဲ့တချို့က ပေးအပ်နေမှုများရှိသည်ဟု နစကဘက်က ထုတ်ဖော် ပြောထားသည်။

လက်ရှိတွင် PDF များသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့နှင့်ပူးပေါင်း၍ စစ်ဆင်ရေးများတွင် ပါဝင်ကာ တပ်မတော်ကို တိုက်ခိုက်လျက်ရှိသည်။