CNI News
၂၀၂၂ ခုနှစ်၊ မေလ ၃
နှစ်ပေါင်း ၃၀ ကျော်အတွင်း သတင်းသမားများ ဖိနှိပ်ခံရမှု စံချိန်တင်ခဲ့ကြောင်း Institute for Strategy and Policy- Myanmar မှ မေလ ၂ ရက်က ထုတ်ပြန်ခဲ့သည်။
ယနေ့ (မေ ၃ ရက်)သည် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ဖြစ်ပြီး တပ်မတော်မှ အာဏာရယူပြီးနောက် မြန်မာနိုင်ငံမှာ လွတ်လပ်သည့် သတင်းမီဒီယာများကို ပြင်းပြင်းထန်ထန် ဖိနှိပ်မှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်းမီဒီယာတိုက်များကို အကြမ်းဖက် ဝင်ရောက်စီးနင်းမှု၊ ဆန္ဒထုတ်ဖော်ပွဲများတွင် သတင်းယူနေသည့် သတင်းထောက် များကို ပစ်ခတ်ဖမ်းဆီးမှု၊ သတင်းထောက်များ၏ နေအိမ်များကို ဝင်ရောက် စီးနင်းဖမ်းဆီးမှုနှင့် တရားစွဲမှုများ ပြုလုပ်ခဲ့ ကြောင်း ဖော်ပြထားသည်။
ISP Myanmar က “ပြီးခဲ့တဲ့ တစ်နှစ်ကျော် ကာလအတွင်း သတင်းသမား ၁၄၃ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး သတင်းမီဒီယာ လုပ်ငန်း ၁၁ ခုကို လိုင်စင်ပိတ်သိမ်းခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိ သတင်းသမား ၁၃၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီအထဲက သတင်းသမား ၂၇ ဦး ထောင်ဒဏ် ချမှတ်ခံခဲ့ရပြီး ပစ်ခတ်မှုများကြောင့် တစ်ဦးနဲ့ စစ်ကြောရေးမှာ တစ်ဦး သေဆုံးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဧပြီလ ၂၁ ရက်အထိ သတင်းသမား ၁၁ ဦး ဖမ်းဆီး ခံခဲ့ရပြီး တစ်ဦး ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ သတင်းသမား တစ်ဦးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဒေသတွင်း ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှ ဧပြီလအထိ သတင်းမီဒီယာသမား ၃၄ ဦးထက်မနည်းကို ဖမ်းဝရမ်းထုတ်ခဲ့ပါသေးတယ်” ဟု ပြောသည်။
ISP ၏ အညွှန်းကိန်း (ISP Myanmar)
ထို့အပြင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် သတင်းသမား ၁၄၃ ဦးထဲမှ ၈၂ ဦး ပြန်လည် လွတ်မြောက်ခဲ့ပြီး ၅၈ ဦးမှာ လက်ရှိ အချိန်ထိ ဖမ်းဆီး ထိန်းသိမ်းခံရကာ သေဆုံးသူ ၃ ဦးရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ၅၈ ဦးထဲမှ ၁၉ ဦးမှာ ထောင်ဒဏ်ချမှတ် ခံထားရပြီး ကျန် ၃၉ ဦးထဲက အများစုသည် အကျဥ်းထောင်များ၌ ဖမ်းဆီး ခံထားရသည်မှာ တစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။
နယ်စည်းမခြား သတင်းထောက်များအဖွဲ့မှ ထုတ်ပြန်သည့် သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းအရ မြန်မာ့သတင်း လွတ်လပ်ခွင့် ညွှန်းကိန်းမှာ ၂၀၂၁ ခုနှစ်မှ အဆင့် တဆင့် ကျဆင်းခဲ့ကြောင်း၊ မြန်မာ့သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ တပ်မတော် အာဏာ ရယူပြီးနောက် ဆယ်စုနှစ် တစ်စုခန့် နောက်ပြန် ဆုတ်သွားကြောင်း ထုတ်ပြန်ထားသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး လက်ရှိအချိန်အထိ နစက အနေဖြင့် သတင်းသမား စုစုပေါင်း ၁၆၆ ဦးကို ဖမ်းဆီးထိန်းသိမ်းခြင်း ဖမ်းဝရမ်း ထုတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း Myanmar Press Freedom In-Depth အဖွဲ့၏ စာရင်း ဇယားများကို ကိုးကားပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ (မေလ ၃ ရက်)တွင် ထုတ်ပြန်ခဲ့သည်။