အင်ဒိုနီးရှားတပ်တွင်း၌ အမျိုးသမီးဗိုလ်လောင်းစုဆောင်းရာတွင် “လက်နှစ်ချောင်းဖြင့်စမ်းသပ်ခြင်း” ခေါ်သည့် နည်းလမ်းဖြင့် ဆရာဝန်များက အပျိုမှေးရှိ/မရှိ စစ်ဆေးမှု ရှိနေကြောင်း ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့က နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW) ၏စုံစမ်းစစ်ဆေးချက်များ၌ ဖော်ပြ ထားသည်။လက်တွေ့အားဖြင့် ၂၀၁၇ ခုနှစ်တွင် ယင်းသို့စစ်ဆေးခြင်း ရပ်တန့်ရန် HRW က ထပ်မံတောင်းဆို ခဲ့သည်။

ယင်းသို့ အပျိုရည်စစ်ဆေးခြင်းသည် သိပ္ပံနည်းကျ ခိုင်လုံမှုမရှိကြောင်း၊ အပျိုမှေးတွေ့ရခြင်း တစ်ချက်တည်းဖြင့် လိင်ဆက်ဆံဖူးခြင်းရှိ/မရှိ စိတ်ချရသည့်အထောက်အထားမဟုတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

အင်ဒိုနီးရှားရေတပ်တွင်လည်း အမျိုးသမီးလျှောက်ထားသူများကို တိကျသော စမ်းသပ်မှုများ ပြုလုပ်ခဲ့ခြင်း မရှိတော့ကြောင်း ရေတပ်ပြောရေးဆိုခွင့်ရှိသူ ဂျူးလီယက် ဝီဒရိုဂျိုနိုက ဩဂုတ် ၁၁ ရက်တွင် အတည်ပြု ပြောကြားခဲ့သလို လေတပ်ပြောရေးဆိုခွင့်ရှိသူ အင်ဒန်ဂျီလန်က “အမျိုးသမီးများ မျိုးပွားအင်္ဂါ စမ်းသပ်ရာတွင် အပျိုရည်ကိစ္စ ထည့်မစဉ်းစားတော့ကြောင်း” ဆိုသည်။

အဆိုပါ စစ်ဆေးခြင်းရပ်တန့်လိုက်ကြောင်း အင်ဒိုနီးရှားစစ်တပ်၏ကြေညာချက်ကို လူ့အခွင့်အရေးအုပ်စုများက ကြိုဆိုကြောင်း၊ အဆိုပါစစ်ဆေးသည့်အလေ့အထသည် ယုတ်ညံ့ခြင်း၊ ခွဲခြားဆက်ဆံခြင်းနှင့် စိတ်ဒဏ်ရာ ရစေခြင်းစသည်တို့ ဖြစ်ပေါ်စေကြောင်း HRW မှ အင်ဒိုနီးရှားဌာနေ သုတေသီ အင်ဒရူးဟာဆိုနိုက ပြောကြားခဲ့သည်။

HRW သည် စစ်မှုထမ်းခဲ့ဖူးသော အင်ဒိုနီးရှားအမျိုးသမီး အယောက် ၁၀၀ ကျော်နှင့် တွေ့ဆုံခဲ့ပြီး ယင်းတို့အနက် တွေ့ဆုံခဲ့သည့်အမျိုးသမီးကြီးတစ်ဦးမှာ ၁၉၆၅ ခုနှစ်က အပျိုရည်စစ်ဆေးခြင်း ခံယူခဲ့ဖူးသူဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရသည်။

Source: Reuters

#အင်ဒိုနီးရှား

#ရေတပ်

#အမျိုးသမီးဗိုလ်လောင်း

#စစ်တပ်

#CNINews

#CNIMyanmar

#ChannelNewsIndependent