CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၂
တာဂျစ်ကစ္စတန်နှင့် ဥဇဘက်ကစ္စတန်မှ စစ်သားများသည် အာဖဂန်-တာဂျစ်ကစ္စတန် နယ်စပ်အနီး ကီလိုမီတာ ၂၀ (၁၂ မိုင်) အကွာတွင် ဩဂုတ် ၁၀ ရက်က စစ်ရေးလေ့ကျင့်ခဲ့ရာ ရုရှားလုပ် လက်နက်ကြီး အသစ်များနှင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် များ ထည့်သွင်း သုံးစွဲခဲ့ကြောင်း ရိုက်တာသတင်း တစ်ပုဒ်အရ သိရသည်။
မော်စကိုနှင့် ၎င်း၏ ဆိုဗီယက်ခေတ်က မဟာမိတ်နိုင်ငံများသည် ယခုဩဂုတ်လအတွင်း အာဖဂန်နစ္စတန်နိုင်ငံ အနီးတဝိုက် တွင် စစ်ရေး လေ့ကျင့်မှု နှစ်ခု ပြုလုပ်ခဲ့ကြသလို တာလီဘန် စစ်သွေးကြွများကလည်း အာရှအလယ်ပိုင်းနိုင်ငံများ ထိစပ်နေ သော အာဖဂန်မြောက်ပိုင်းနယ်မြေများကို ကျော်ဖြတ်ချီတက်နိုင်ခဲ့ကြကြောင်း ရိုက်တာသတင်းက ဖော်ပြထားသည်။
ယခုစစ်ရေးလေ့ကျင့်မှုသည် အာဖဂန်နစ္စတန်ကို စိတ်ထဲစွဲမှတ်၍ လေ့ကျင့်လှုပ်ရှားနေခြင်းဖြစ်ကြောင်း တာဂျစ်ကစ္စတန် ကာကွယ်ရေးဝန်ကြီး ရှာရာလီမီဇိုက သတင်းထောက်များကို လေ့ကျင့်ရေးကွင်းထဲ၌ ပြောကြားခဲ့သည်။ ဥဇဘက်ကစ္စတန် လက်ကိုင်တပ်ဖွဲ့များ၏ အကြီးအကဲ ရှူခရက်ခဲအာမက်ဒေါ့ကလည်း “ဒီအခြေအနေမှာ ကျနော်တို့ဟာ တိုက်ပွဲဝင်ဖို့ အဆင် သင့် ဖြစ်နေရမယ်” ဟု သဘောထား မှတ်ချက်ပေးခဲ့သည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် တပ်အင်အား ၂၅၀၀၊ ရာနှင့်ချီသော သံချပ်ကားများနှင့် လေယာဉ် ၂၅ စင်းတို့ ပါဝင်ခဲ့သည်။ ရုရှားတပ်ဖွဲ့ဝင်များသည် မော်စကိုအနေဖြင့် တာဂျစ်ကစ္စတန်နိုင်ငံထဲ လာရောက် အခြေစိုက်ထားသော ရုရှားစစ်စခန်းမှ ဖြစ်ကြသည်။
ယခုစစ်ရေးလေ့ကျင့်မှုတွင် ထုတ်ဖော်ပြသခဲ့သော လက်နက် အသစ်အဆန်းများသည် တာဂျစ်ကစ္စတန် စစ်အခြေစိုက် စခန်း တွင် ထားရှိမည်ဖြစ်ကြောင်း ရုရှားဗဟိုစစ်နယ်မြေမှူး အလက်ဇန္ဒားလာပင်က ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် တာလီဘန်စစ်သွေးကြွများက အာဖဂန်နစ္စတန်မြောက်ပိုင်းရှိ ၎င်းတို့ သိမ်းပိုက်ထားသော နယ်မြေများ ကို ထိန်းချုပ် တင်းကြပ်လိုက်သောကြောင့် ဒေသခံများမှာ နေအိမ်များအတွင်း ပုန်းအောင်းနေထိုင်ကြရသည်။ အခြားတဖက် တွင် အာဖဂန်အစိုးရ ထောက်ခံသူ တပ်မှူးတစ်ဦးက မြောက်ပိုင်းရှိ အကြီးဆုံးမြို့ဖြစ်သော မာဇီအီရှရစ်ဖ်ကို ခုခံကာကွယ်ရန် ကတိပြုထားသည်။
Source: Reuters
#အာဖဂန်
#ရုရှား
#တာဂျစ်ကစ္စတန်
#ဥဇဘက်ကစ္စတန်
#နယ်စပ်
#စစ်ရေးလေ့ကျင့်
#လက်နက်အသစ်အဆန်း
#ထုတ်ပြ
#နိုင်ငံတကာ
#စစ်ရေး
#CNImyanmar
#cninews
#ChannelNewsIndependent