CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၁

ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်မီ ကြားနာစစ်ဆေးဆဲအမှုများကို လတ်တလောဖြစ်ပေါ်နေသည့် ကိုဗစ် - ၁၉ ကပ်ရောဂါကူးစက်မှုကို ထိရောက်စွာ ထိန်းချုပ်၊ ကာကွယ်ကုသနိုင်ရန်နှင့် ကိုဗစ်-၁၉ ကြောင့် ရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိဘဲ ချုပ်ရက်ရှည်ကြာနေသည့် တရားခံများကို အမှုပိတ်သိမ်းပေးလိုက်သည်ဟု ဩဂုတ် ၁၁ ရက်တွင် နစကမှ ထုတ်ပြန်ခဲ့သည်။

ပိတ်သိမ်းပေးလိုက်သည့် အမှုများမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါပြစ်မှုများ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေပါပြစ်မှုများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပါပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေပါပြစ်မှုများ(အမိန့်အမှတ် ၁၄၇/၂၀၂၁ ၏ အပိုဒ်၂(စ)နှင့်(ဆ)ပါပြစ်မှုများမပါ)၊ မတရားအသင်းအက်ဥပဒေပါပြစ်မှုများ၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု(ရာဇသတ်ကြီးပုဒ်မ ၁၂၂)၊ အကြည်အညိုပျက်အောင်ပြုလုပ်မှု (ရာဇသတ်ကြီးပုဒ်မ ၁၂၄(က)) အရစွဲဆိုထားသောအမှုများ၊ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေးအမှုများ၊ တရားရုံးတွင် ဦးတိုက်လျောက်ထားစွဲဆိုထားသော အမှုများ စသဖြင့် အမှုများကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်မီ စွဲဆိုခံထားရသည့် ပြစ်မှုများအားလုံးကို ပိတ်သိမ်းကြောင်း နစကမှ ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း လူသတ်မှု၊ မုဒိမ်းမှု၊ လူတစ်ဦးဦးအား ထိခိုက်နစ်နာစေသည့် ပြစ်မှု၊ လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် လူပုဂ္ဂိုလ်များ၏ ငွေကြေး၊ ပစ္စည်းဆုံးရှုံးနစ်နာစေသည့် ပြစ်မှုများနှင့်စပ်လျဥ်း၍ ထိခိုက်နစ်နာသူက အမှုကို ပိတ်သိမ်းခြင်းမပြုလိုကြောင်း ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့ နောက်ဆုံးထား၍ သက်ဆိုင်ရာ တရားရုံးတွင် လျှောက်ထားခြင်း မရှိမှသာ ၎င်းအမှုကို ပိတ်သိမ်း၍ တရားခံအား လွှတ်ပေးမည်ဟု ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းမှစ၍ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံသားများသည် ဆူပူဆန္ဒပြခြင်း၊ ဆန့်ကျင်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သောကြောင့် အမှုဖွင့်ခံထား ရသူများကို အမှုရုတ်သိမ်းပေးမည် ဖြစ်ကြောင်းကိုလည်း သြဂုတ် ၄ရက်ကလည်း နကစက ကြေညာခဲ့သည်။

#AungLinDwe

#Law

#CNINews

#CNIMyanmar

#ChannelNewsIndependent