CNI International News
ဘဂ္ဂဒက်၊ မတ်လ ၁၄
အီရတ်နိုင်ငံမြောက်ပိုင်းရှိ အမေရိကန် ကောင်စစ်ဝန်ရုံးအနီး ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရမှုအတွက် ၎င်းတွင် တာဝန်ရှိကြောင်း အီရန်က မတ်လ ၁၃ ရက်တွင် ကြေညာ၍ ဝန်ခံခဲ့သည်။
အဆိုပါ လုပ်ရပ်မှာ ယခုသီတင်းပတ် အစောပိုင်း၌ ၎င်း၏အစောင့်တပ်သားနှစ်ဦး အစ္စရေးတိုက်ခိုက်မှုကြောင့် ဆီးရီးယားနိုင်ငံ အတွင်း သေဆုံးခဲ့ရခြင်းအတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း အီရန်က ဆက်လက်ပြောကြားခဲ့သည်။
အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုကို ကန့်ကွက်ရန်အတွက် အီရတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်သံအမတ်ကို မတ်လ ၁၃ ရက်တွင် ဆင့်ခေါ်ခဲ့ပြီး ယခုလုပ်ရပ်သည် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်ကြောင်း သတိပေးခဲ့သည်။
အမေရိကန်နှင့် အီရန်တို့အကြား သိသာထင်ရှားလာသော တင်းမာမှုကို ကိုယ်စားပြုသည့် မတ်လ ၁၃ ရက်၊ အီရာဘေ (Irbil) မြို့ တိုက်ခိုက်ခံရခြင်းဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။ အဆိုပါနှစ်နိုင်ငံအကြား ရန်လိုမှုများသည် အီရန်ရော အမေရိကန်ပါ မဟာမိတ်ဖွဲ့ထားကြသည့် အီရတ်နိုင်ငံထဲတွင် မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိသည်။
ထိုတိုက်ခိုက်မှုသည် နိုင်ငံတကာဥပဒေနှင့် စံနှုန်းများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း အီရတ်အစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး အီရန်ခေါင်းဆောင်များထံမှ ဖြေရှင်းချက်ပေးဖို့ အရေးဆိုခဲ့သည်။
အီရတ်ရှိ အမေရိကန်သံရုံးကိုတွေ့ရစဉ်(GETTY IMAGES)
မိမိတို့ ဝန်ကြီးဌာနအနေဖြင့် အီရန်သံအမတ်ကြီး အီရက်ချ်မက်ဂျီဒက် (Iraj Masjedi) ကို သံတမန်အရေးအရ ကန့်ကွက် ကြောင်း ဆင့်ခေါ်ခဲ့သည်ဟု အီရတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ အာမက်အယ်လ်ဟာဆာဟက် (Ahmad al-Sahahaf) က ပြောကြားခဲ့သည်။
အီရန်ဘက်မှ ထွက်ပေါ်လာသော ယခုဒုံးကျည်ပစ်ခတ်မှုအပေါ် အမေရိကန်က ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။
“ဒီတိုက်ခိုက်မှုဟာ အီရတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ဖြစ်ပါတယ်။ အမေရိကန် ဘက်က အဆောက်အဦပျက်စီးတာ (ဒါမှမဟုတ်) ဝန်ထမ်းတွေ ထိခိုက်ရတာ မရှိသလို တိုက်ခိုက်မှုဟာ အမေရိကန်ကို ဦးတည် ပစ်မှတ်ထားတဲ့ အရိပ်အယောင် မတွေ့ရပါဘူး” ဟု အမေရိကန်နိုင်ငံခြားရေးပြောခွင့်ရသူ နက်ပရင့်စ်က ဝါရှင်တန်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
အီရာဘေမြို့ရှိ အစ္စရေးထောက်လှမ်းရေးဌာနဟု ယူဆသောနေရာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့က ၎င်းတို့၏ ဝက်ဘ်ဆိုက်မှနေ၍ ဝန်ခံပြောကြားခဲ့သည်။
Source: abcnews.go.com