CNI International News

နယူး‌ဒေလီ၊ မတ်လ ၁၂

ပါကစ္စတန်နိုင်ငံဘက်ခြမ်းသို့ အိန္ဒိယမှ ဒုံးကျည်တစ်စင်း မတ်လ ၉ ရက်က မတော်တဆ ပစ်လွှတ်မိခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်သည် ပုံမှန်ပြုပြင်ထိန်းသိမ်းမှုအတွင်း နည်းပညာဆိုင်ရာချို့ယွင်းချက်ကြောင့် မတော်တဆ ပစ်လွှတ်ခဲ့မိကြောင်း အိန္ဒိယနိုင်ငံက ပြောကြားသည်ဟု ဘီဘီစီ အင်္ဂလိပ်ပိုင်းသတင်းတွင် တွေ့ရသည်။

ထိခိုက်သေဆုံးသူမရှိကြောင်းနှင့် အလွန်ဝမ်းနည်းစရာဖြစ်စဉ်ဖြစ်ကြောင်း နယူးဒေလီအစိုးရက ဆက်လက် ပြော ကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ၊ အရှေ့ပိုင်းရှိ မီယန်ချန်နူး (Mian Channu) မြို့အနီးသို့ မြန်နှုန်းမြင့်ပျံသန်းနိုင်စွမ်းရှိသည့် အရာ ဝတ္ထုတစ်ခု ပျက်ကျခဲ့ကြောင်း၊ ၎င်းပျံသန်းလာသည့် လမ်းကြောင်း၌ လေယာဉ်စီးခရီးသည်များအတွက် အန္တရာယ် ရှိခဲ့ကြောင်း ပါကစ္စတန်စစ်တပ်ကလည်း သတင်းထုတ်ပြန်ခဲ့သည်။
အိန္ဒိယရော ပါကစ္စတန်ပါ နျူကလီးယားလက်နက်များ ကိုယ်စီ ပိုင်ဆိုင်ကြသည်။

အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် “၂၀၂၂ ခုနှစ်၊ မတ်လ ၉ ရက်၌ ပုံမှန်ပြုပြင်ထိန်းသိမ်းရာတွင် နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ဒုံးကျည်တစ်စင်း မတော်တဆ ပစ်လွှတ်ခဲ့မိကြောင်း” ဖော်ပြထားသည်။

ယင်းဖြစ်စဉ်အပေါ် အလေးအနက် စုံစမ်းစစ်ဆေးရန် အဆင့်မြင့်တရားရုံးတစ်ရုံးကို အိန္ဒိယအစိုးရက ညွှန်ကြား ခဲ့သည်။

ယခုကဲ့သို့ ပေါ့ဆမှုကြောင့် မလိုလားအပ်သော အကျိုးဆက်များကို သတိထားရန်နှင့် ထပ်ခါတလဲလဲမဖြစ်စေရန် အစ္စလာမ္မာဘတ်က နယူးဒေလီသို့ တိုက်တွန်းခဲ့သည်။ အဆိုပါဒုံးကျည်ကို အိန္ဒိယနိုင်ငံ၊ ဟာယာနာ (Haryana) ပြည်နယ်၊ ဆာစားမြို့မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း အစ္စလာမ္မာဘတ်က ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါဒုံးကျည်သည် အမြင့် ၁၂,၀၀၀ မီတာ (ပေ ၄ ထောင်)တွင် ပျံသန်းခဲ့ပြီး ပါကစ္စတန် ဝေဟင်ပိုင်နက် အတွင်း သို့ ၁၂၄ ကီလိုမီတာ (၇၇ မိုင်) အကွာအဝေးအထိ ဝင်ရောက်လာခဲ့ကြောင်း ပါကစ္စတန်လေတပ်က ပြောသည်။

“ဒီအရာဝတ္ထုရဲ့ပျံသန်းမှုလမ်းကြောင်းဟာ အိန္ဒိယရော ပါကစ္စတန်ရော ဝေဟင်ပိုင်နက်နှစ်ခုစလုံးက နိုင်ငံတကာ လေယာဉ်စီးခရီးသည်တွေကို အန္တရာယ်ဖြစ်စေခဲ့ပါတယ်” ပါကစ္စတန်စစ်တပ် ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဘာဒါအီ ဖစ်ခါရွန်က မတ်လ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

မတ်လ ၁၁ ရက်တွင် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အိန္ဒိယသံအမတ်ကို ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်ခဲ့ကြောင်း ၎င်းဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ဖြစ်ပွားပုံအကြောင်းရင်းအပေါ် အိန္ဒိယဘက်မှ စုံစမ်းတွေ့ရှိချက်များကို ဝေငှပေးရန်လည်း ပါကစ္စတန်က တောင်းဆိုခဲ့သည်။

Source: BBC