CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၂

ရခိုင်ပြည်နယ်မှ တိုက်ပွဲရှောင်စခန်းများ ပိတ်သိမ်းရန် နစက-က စီစဉ်နေမှုသည် ဒေသခံများအတွက် နေထိုင်စားသောက်ရေး အခက်အခဲများ ရှိလာနိုင်သည်ဟု ရခိုင်အမျိုးသားပါတီ(ANP)၏ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောသည်။

နစကသည် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်တွင်း နေရပ်စွန့်ခွာသူများ နေရပ်ပြန်နိုင်ရေးနှင့် တိုက်ပွဲရှောင်စခန်းများ ပိတ်သိမ်းနိုင် ရေးအတွက် ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် ကော်မတီများဖွဲ့၍ လုပ်ဆောင်နေကြောင်း နစက-က ထုတ်ပြန်ထား သည်။

“ကျနော်တို့လည်း ကြားပါတယ်၊ ဒါပေမယ့် အကောင်အထည်ဖော်နေပြီလို့ ကျနော်တို့ မတွေ့ရသေးဘူး၊ တကယ်လို့ အဲဒီလို သာ လုပ်မယ်ဆိုရင်တော့ ပြည်သူလူထုအတွက် အင်မတန်ပြင်းထန်တဲ့ ဖိအားတွေ အင်မတန်ခက်ခဲတဲ့ ဘဝနေမှုတွေ တွေ့ကြုံ ရလိမ့်မယ်၊ ဘာလို့လဲဆိုတော့ စစ် ၂ နှစ်တာ ဖြစ်ခဲ့တဲ့ အခြေအနေမှာ တစ်ရွာလုံး မီးရှို့ခံရတဲ့ရွာတွေ ရှိပါတယ်။ တစ်ရွာလုံး ပျက်စီးသွားတဲ့ ရွာတွေ ရှိပါတယ်၊ တစ်စိတ်တစ်ပိုင်းအားဖြင့် သုံးစားလို့မရအောင် ပြိုပျက်သွားတဲ့ ရွာတွေရှိတယ်” ဟု ဦးထွန်းအောင်ကျော်က ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ယာယီတိုက်ပွဲရှောင် စခန်းပေါင်း ၁၂၄ ခုရှိကြောင်း၊ ထိုတိုက်ပွဲရှောင်များကို ကူညီနေသည့် ရခိုင် အရပ်ဘက်အဖွဲ့အစည်း Rakhine Ethnics Congress (REC) ထံမှ သိရသည်။

AA တပ်ဖွဲ့ကိုတွေ့ရစဉ်

အဆိုပါ တိုက်ပွဲရှောင်စခန်းအားလုံးကို ဖျက်သိမ်းရန် မဖြစ်နိုင်သေးဘဲ ယင်းသို့ ဖျက်သိမ်းပါက ဒေသခံပြည်သူများအတွက် ဆိုးကျိုး သက်ရောက်မှုများ ပိုများလာမည်ဖြစ်ကြောင်း Rakhine Ethnics Congress (REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်း က ပြောသည်။

၎င်းက “ဒီကိစ္စတွေကြောင့်မို့လို့ ရခိုင်ပြည်မှာ လောလောဆယ်ဖြစ်နေတဲ့ တည်ငြိမ်အေးချမ်းမှု အခြေအနေကို တစ်မျိုးတစ်ဖုံ ပြောင်း လဲ နိုင်တယ်ပေါ့နော်၊ တစ်မျိုးတစ်ဖုံ ပြောင်းလဲလာနိုင်တဲ့ အခြေအနေ ရှိလာနိုင်တယ်လို့ ကျနော်သုံးသပ်တယ်၊ ဘာ ကြောင့်လဲဆိုတော့ ရခိုင်မှာက လောလောဆယ် လက်နက်ကိုင်တော်လှန်ရေးက အားကောင်းနေခဲ့တယ်၊ အခု လောလော ဆယ်မှာ ငြိမ်သက်နေတယ်၊ အကုန်လုံးတည်ငြိမ်သွားတဲ့ အခြေအနေရှိတာမဟုတ်ဘူး”ဟု ပြောသည်။

ထို့နောက် ကြိုတင် ပြင်ဆင်မှုများ မရှိဘဲ မူအရ ရွှေ့ပြောင်းမည်ဆိုပါက အဆင်မပြေနိုင်ကြောင်း၊ ပျက်စီးမှုများ ပြင်ဆင်ပြီးမှ သာ ရွှေ့ပြောင်းသင့်ကြောင်း ဦးထွန်းအောင်ကျော်က ပြောသည်။

၎င်းက “ ဒီနေ့ထိ နှစ်နှစ်တာ ပစ်ထားတဲ့အတွက် တောတွေချုံတွေ ဖုံးလွှမ်းပြီးတော့မှ နေလို့ထိုင်လို့ မရတဲ့ အထိ အဲဒါတွေကို မပြု မပြင်ဘဲနဲ့ လူတွေနေနိုင်အောင် ရေကအစ၊ လမ်းကအစ ကျန်းမာရေးနဲ့ ညီညွတ်အောင် မလုပ်ဘဲနဲ့ အတင်း မူအရပေါ့ နော် ပြဿနာတစ်ခုကို ပြေလည်ရင်ပြီးရောဆိုပြီးတော့ အဲဒီလို နေရာရွှေ့ပြောင်းပေး မယ်ဆိုရင်တော့ သွားမယ့် ဒုက္ခသည် စခန်းက လူတွေအတွက် တော်တော်ကြီးကို အခက်အခဲဖြစ်နိုင်တဲ့ အခြေအနေရှိပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်များသည် တပ်မတော်နှင့် AA ကြား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလအထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ပေါ်ပေါက်လာသူများဖြစ်သည်။ ထို့နောက် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် ဂျပန်အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုဖြင့် အလွတ်သဘော နားလည်မှုယူကာ ယနေ့အထိ တိုက်ပွဲများရပ်တန့်ထားသည်။