CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈

ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာ့တပ်မတော်ကြား ရခိုင်ပြည်နယ်တွင် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံများကို နိုင်ငံရေးပုဒ်မများ တပ်ကာ နစကဘက်က ဖမ်းဆီးခဲ့သော်လည်း ယနေ့အချိန် ထိ အမိန့်ချမှတ်ခြင်း မရှိသေး၍ အပြစ်မရှိပါက ပြန်လွှတ်ပေးရန် ရခိုင်အရပ်ဖက်အဖွဲ့အစည်းများနှင့် မိသားစုဝင် များက တောင်းဆိုကြသည်။

တကျော့ပြန် ကာလအတွင်းမှာ နိုင်ငံရေးပုဒ်မများနှင့် ဖမ်းဆီးခံခဲ့ရသည့် ဒေသခံများကို  အပြစ်မရှိပါက ပြန်လွှတ် ပေးသင့်ကြောင်း၊ ရုံးချိန်း မကြာခဏချိန်းကာ ဖမ်းဆီးထားခြင်းသည် မတရားဖမ်းဆီး ချုပ်နှောင်ထားခြင်းနှင့်တူ နေကြောင်း ရခိုင်လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

ဦးထွန်းမြတ်က “စစ်ကောင်စီက ဖမ်းထားတဲ့ အကျဥ်းသားတွေကို ကျနော်တို့ မိုခါမုန်တိုင်း မတိုင်ခင်ကတည်းက နေပြီးတော့ လူသားချင်း ထောက်ထား အနေနဲ့ အပစ်အခတ်ရပ်စဲမယ်လို့ ပြောကြတဲ့အခါကျတော့ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းထားတဲ့ အကျဥ်းသားတွေကိုလည်း လွှတ်ပေးမယ်ဆိုပြီးတော့ ကတိခံဝန် ရှိတယ်ဆိုတာ ကျနော်တို့ ကြားသိရ တယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာ ပြန်လွတ်တာတွေ ဘာတွေ မရှိဘဲနဲ့ ဒီလိုပဲ အမှုတွေကို ဆက်လက်ပြီး စစ်ဆေးတယ်။ နောက်တစ်ခါ အမှုချိန်းတဲ့ နေရာမှာ သူတို့တရားလိုတွေ မလာဘူး။ တရားခံတွေ မလာဘူး။ ကြန့်ကြာနေတဲ့ ပုံစံမျိုးတွေ တွေ့ရပါတယ်။ အဲတော့ ဘာပဲဖြစ်ဖြစ် စွပ်စွဲခံရတဲ့ ပြည်သူတွေ အနေနဲ့ တော်တော် လေးကို နစ်နာတယ်လို့ ပြောချင်တယ်။ ပြစ်မှု မထင်ရှားဘဲနဲ့ ဖမ်းထားတဲ့ လူတွေ သက်သေ အထောက်ထားလည်း မရှိဘူးဆိုလို့ရှိရင် တရားရုံးမှာ တရားသူကြီး အနေနဲ့ ပြစ်မှုမထင်ရှားဘူးဆိုပြီးတော့ ပြန်လွတ်ပေးရမယ့် အနေထား ရှိတယ်။ အဲလိုမလွှတ်ဘဲနဲ့ ဖမ်းထားပြီးတော့ ရုံးတင်တယ် စစ်ဆေးတယ် လုပ်နေတယ်။ တစ်နှစ်မက နှစ်နှစ်မက တစ်ချို့ဆို သုံးနှစ်လောက်ကို အဲလိုဖြစ်သွားတယ်။ ဒါမျိုးတွေကျတော့ ကျနော်တို့ ဘယ်လိုပြောရမလဲဆိုလို့ရှိရင် မတရားဖမ်းဆီး ချုပ်နှောင်မှုလို့ ပြောချင်ပါတယ်”ဟု ပြောသည်။

 ၂၀၂၀ ခုနှစ်က ရခိုင်ပြည်နယ်အတွင်းက ဆန္ဒပြမှုတစ်ခုကို လုံခြုံရေးတပ်ဖွဲ့က ဖြေရှင်းနေစဉ်

၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွင်း မြန်မာ့တပ်မတော်နှင့် AA တို့ကြား တိုက်ပွဲဖြစ်ပွားချိန် ကာလအတွင်းမှာ  AA နှင့် ဆက်စပ်သည်ဟူသော သံသယဖြင့်  ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ ကျောက်တော်၊ သံတွဲ၊ တောင်ကုတ်၊ ဘူးသီးတောင်၊ မောင်တော စသည့်မြို့နယ်များမှ အရပ်သား ၁၀၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့များက  မတရား အသင်းအက်ဥပဒေပုဒ်မ ၁၇(၁)တို့ဖြင့် တရားစွဲခဲ့ကြောင်း သိရသည်။

ထို့နောက် ဇွန်လအတွင်းကလည်း ကျောက်တော်မြို့နယ်မှာ နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် ဒေသခံ သုံးဦးကို ဖမ်းဆီးတရားစွဲဆိုခဲ့သလို မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁)ဖြင့် ဒေသခံ ၆ ဦးအား ဖမ်းဆီးတရားစွဲဆိုခဲ့သည်။
အဆိုပါ ဖမ်းဆီးခံရသူများထဲမှ တစ်ဦးကိုတော့ ပုဒ်မ ၁၃၁ ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

ထို့အပြင် တောင်ကုတ်မြို့နယ်နှင့် သံတွဲမြို့နယ်တို့တွင်လည်း မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် ဒေသခံ ၅၀ ကျော်ကို တရားစွဲဆိုထားသလို ကျောက်ဖြုမြို့နယ်တွင်လည်း ၂၀၂၂ ခုနှစ်အတွင်းမှာ ဌာနဆိုင်ရာဝန်ထမ်းများ အပါအဝင် လူပေါင်း ၃၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ရုံးချိန်းများတွင် တရားလို မရောက်ခြင်းကြောင့် အချိန်ကြန့်ကြာမှုများ ရှိကြောင်း၊ ထို့ကြောင့် တရားစီရင်ရေးစနစ် တစ်ခုလုံးကို ပြင်ဆင်သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက ပြောသည်။

၎င်းက “တရားမတွေဆိုရင် နှစ်နဲ့ချီကြာကြတယ်။ သုံးနှစ်လေးနှစ်ပေါ့နော် ။ဒါကတော့ ပြင်ဆင်ရမယ်ဆိုရင် တရား စီရင်ရေးစနစ်ကြီး တစ်ခုလုံးကို ပြင်ရမှာလေ”ဟု ပြောသည်။

ရခိုင်ပြည်နယ်တရားရုံးကိုတွေ့ရစဉ် (နိရဉ္ဇရာ)

အမိန့်မချပဲ နှစ်ရှည်လများ ဖမ်းဆီးခံရသည့်အတွက် ထိခိုက်နစ်နာမှုများ ရှိကြောင်း ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဆီး ခံထားရသည့် ကျောက်တော်မြို့နယ်၊ ပန်းဖဲချောင်းကျေးရွာက ဆေးလိပ်ကုမ္ပဏီဝန်ထမ်း ကိုဇော်မိုးထက်၏ ဖခင် ဦးစံကျော်လှက ပြောသည်။

ဦးစံကျော်လှက “ အခုလို ဖမ်းဆီးခံထားရတဲ့အတွက် မိသားစုဝင်တွေ အားဖြင့်တော့ ဘယ်လိုခေါ်မလဲပေါ့နော် ပြောစရာကို မရှိလောက်အောင် ခံစားရတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ခုလို နှစ်ရှည်လများ အဲလိုအချုပ်ထဲမှာ နေရတော့ အချုပ်ထဲမှာ နေရတဲ့ ကလေးကလည်း ဒုက္ခသုက္ခရောက်တယ်။ အပြင်ကရှိတဲ့ လူကလည်း ပိုက်ဆံကုန် တာပေါ့။ အလုပ်မအားတဲ့ကြားထဲက သွားတွေ့ ရုံးချိန်းကို သူ့ကိုဆိုရင် အပြစ်ရှိလို့ရှိရင်လည်း မြန်မြန်ဆန်ဆန် ချလိုက် ထောင်မရှိတော့လည်း ပြန်လွတ်ပေးပေါ့။ သူတို့က အဲလို ကိုးလို့ကန့်လန်း လုပ်ထားတာတော့ ဘယ်လို ပြောရမလဲ ရင်ထဲအသည်းတွေကကို နာတယ်။ တကယ်ကို နာတာ”ဟု ပြောသည်။

မြန်မာ့တပ်မတော်နှင့် AA ကြား ၂၀၂၂ ခုနှစ်က တကျော့ပြန် တိုက်ပွဲကာလအတွင်း လုံခြုံရေးတပ်ဖွဲ့များက ရခိုင် ပြည်နယ်အတွင်းရှိ လူမှုရေးတက်ကြွလှုပ်ရှားသူများ၊ ဆရာဝန်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံများကို မတရားအသင်းဆက်သွယ်မှုအက်ဥပဒေ ပုဒ်မ ၁၇(၁)၊ (၂) တို့ အပါအဝင် ပုဒ်မ ၅၀၅(က)တို့ဖြင့် လူပေါင်းရာချီကို ဖမ်းဆီးတရားစွဲဆိုခဲ့ကြောင်း သိရသည်။