CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပြီး စာသင်ကျောင်း များအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားကြရန် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်က ပြောကြား ခဲ့ခြင်းဖြစ်သည်။

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များဖြင့် အစည်းအဝေး ကျင်းပချိန် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

ထို့နောက် အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်နိုင်ခြင်း မရှိသည့် စာသင်ကျောင်းများမှ ဖွင့်လှစ်နိုင်သည့် အခြေခံ ပညာကျောင်းများကို ပြန်လည် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရန်၊ ပညာသင်ကြားရေးကို ခြိမ်းခြောက်မှုများ ကြောင့် ပိတ်ထားရသည့် ကျောင်းများရှိကြောင်း သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။

စာသင်ကျောင်းများကို လုံခြုံရေးယူပြီး ပြန်လည်ဖွင့်လှစ်ရန် ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ကျောင်းအားလုံးတွင် ဆောင်ရွက်နိုင်လျှင် တိုင်းပြည်၏ အနာဂတ်ပညာရေးအတွက် ပို၍ ကောင်းမွန်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ် သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနဲ့ အခြေအနေကို သက်ဆိုင်ရာက လေ့လာနေစဉ်

၎င်းက “လုံခြုံရေးအရ ပိတ်ထားတဲ့ ကျောင်းတွေကို သေသေချာချာ လုံခြုံရေးယူပြီး ဖွင့်မယ်ဆိုတဲ့ဟာတော့ ဝမ်းသာစရာပေါ့။ တကယ်ကို ဘယ်လောက်ထိ လုံခြုံရေးပေးပြီးတော့ လုပ်မလဲဆိုတဲ့ဟာတော့ အကုန်လုံး လုပ်နိုင် ရင်တော့ အကောင်းဆုံးပေါ့လေ၊ ဘာဖြစ်လို့လဲဆိုတော့ ပညာရေးဖြစ်တာကိုး။ ပညာရေးဖြစ်တဲ့ အတွက်ကြောင့် မို့လို့ ကလေးတွေကလည်း ပညာရေးနဲ့ ၁ နှစ်၊ ၂ နှစ် ဝေးသွားလို့ရှိရင် ကိုယ်တွေ ငယ်ငယ်ကလည်း ကျောင်းတက် ခဲ့တာပဲလေ။ ကလေးတွေ အနေနဲ့က ဆက်နေမှ အဆင်ပြေတာ။ ကြားထဲမှာ ၁ နှစ်၊ ၂ နှစ် ကျောင်းနဲ့ ဟသွားပြီဆို လို့ရှိရင် ဒီဟာအပေါ်မှာ ပြန်ပြီးတော့ လုပ်ဖို့ကို စိတ်မပါတော့ဘူးပေါ့နော်။ ကလေးတွေရဲ့ စိတ်သဘာဝက အဲဒီလို ရှိတဲ့ အခါကျတော့ စာနဲ့ လုံးဝ ဝေးသွားမှာလည်း စိုးရိမ်တယ်။ အကုန်လုံး ဖွင့်နိုင်ရင် ကောင်းတယ်။ ဖြစ်သနိုင်သမျှ လည်း များများပေါ့။ ဒီလို စဉ်းစားပေးတာလည်း တိုင်းပြည် အနာဂတ်အတွက်က ကလေးတွေက ပညာတတ်မှ လည်း ဖြစ်မှာကို။ ဒီဟာတွေအတွက်လည်း ကျေးဇူးတင်ရမယ်” ဟု ပြောသည်။

လုံခြုံရေးဆောင်ရွက်ပြီး စာသင်ကျောင်းများအားလုံး ဖွင့်လှစ်ရန်အတွက် နိုင်ငံတော်မှ ဆောင်ရွက်နေသော်လည်း မြန်မာ့တပ်မတော် ထိန်းချုပ်မှုအောက်တွင်ရှိသည့် ဒေသအတွက်သာ အဆင်ပြေမည်ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ထားသော ဒေသများမှာတော့ အဆင်ပြေမည် မဟုတ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။

 စာသင်ကျောင်းတစ်ခုကို တွေ့ရစဉ်

ရှမ်းမြောက်ဒေသရှိ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နောင်ချို စသည့် မြို့နယ်များသည် ကိုးကန့်တပ်ဖွဲ့(MNDAA)နှင့် တအာင်းတပ်ဖွဲ့(TNLA)တို့ ထိန်းချုပ်ထားသည့် ဒေသများ ဖြစ်သည့်အတွက် မလွယ်ကူကြောင်း၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ မိုးနဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းလင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရှမ်းမြောက်ဆိုရင် အဲဒါ အဆင်ပြေမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှမ်းမြောက်မှာက ဥပမာ သိန္နီ၊ ကွတ်ခိုင်တို့ ဆိုရင်တော့ အဲဒါက MNDAA က သူတို့ပဲ စီမံခန့်ခွဲတဲ့ နေရာလေ။ တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက် မှာ မရှိဘူး။ ဒီလိုပဲ နမ့်ခမ်းဆိုရင် ရှမ်းမြောက်က အဲဒီဘက်မှာဆိုရင်လည်း TNLA က ထိန်းချုပ်ထားတယ်။ အဲဒါ ကြောင့်မို့လို့ ဒီလို လုံခြုံရေးနဲ့ ဘာနဲ့ သွားလုပ်လို့ လုံးဝ ဖြစ်မယ်မထင်ဘူး အဲဒါတွေက။ ရှမ်းမြောက်မှာ မလွယ် ပါဘူး။ တပ်မတော်က ထိန်းချုပ်တဲ့ နယ်မြေရှိမှပဲ အဲဒီကိစ္စက အဆင်ပြေမယ်လို့ ဒီလိုပဲ မြင်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပွားခြင်း၊ လက်နက်ပဋိပက္ခများ၊ စီးပွားရေး အကျပ် အတည်းများကြောင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ချိန်တွင် အခြေခံပညာသင်ယူခွင့် ဆုံးရှုံးပြီး ကျောင်း ပရဝဏ်ကို စွန့်ခွာနေရသည့် ကလေးငယ် ၆ ဒသမ ၃ သန်းကျော်အထိ ရှိနေသည်ဟု ISP Myanmar ၏ စစ်တမ်း တွင် ဖော်ပြထားသည်။

သန်းခေါင်စာရင်း အချက်အလက်များအရ ကျောင်းနေအရွယ် ကလေးဦးရေ ၁၃ သန်း ဝန်းကျင်ရှိသော်လည်း လက်ရှိ ပညာသင်နှစ်တွင် ကျောင်းအပ်နှံသူ ဦးရေဟာ ၆ ဒသမ ၇ သန်းသာ ရှိသည့်အတွက် ထက်ဝက်နီးပါး ဖြစ်သည့် ကျောင်းနေအရွယ်ဦးရေ ၆ ဒသမ ၃ သန်းကျော်မှာ ပညာသင်ယူခွင့် ဆုံးရှုံးနေခြင်း ဖြစ်သည်။