CNI International News

ပြုံယမ်း၊ မေလ ၇

မြောက်ကိုရီးယားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နယ်နိမိတ်ဆိုင်ရာ ပုဒ်မအသစ်တစ်ခုကို ထပ်မံထည့်သွင်း ခဲ့ပြီး ကိုရီးယားနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးနှင့် ပတ်သက်သည့် ရည်ညွှန်းချက်များ အားလုံးကို ပယ်ဖျက် လိုက်ကြောင်း The Korea Times သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

တောင်ကိုရီးယား၏ Yonhap သတင်းဌာနက လေ့လာခွင့်ရခဲ့သည့် မြောက်ကိုရီးယား၏ ပြင်ဆင်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြောက်ကိုရီးယားသည် မြောက်ဘက်တွင် တရုတ်၊ ရုရှားနိုင်ငံတို့နှင့် ထိစပ်နေသော ကုန်းမြေ၊ တောင်ဘက်တွင် တောင်ကိုရီးယားနိုင်ငံနှင့် ထိစပ်နေသော ကုန်းမြေအပြင် ၎င်းနှင့် ဆက်စပ်နေသော နယ်နိမိတ်အတွင်းရှိ ရေပိုင်နက်နှင့် လေပိုင်နက်တို့ကို ၎င်း၏ နယ်နိမိတ်အဖြစ် သတ်မှတ်ထားသည်။

သို့သော် ပင်လယ်ဝါ (Yellow Sea) အတွင်း ကိုရီးယားနှစ်နိုင်ငံကြား ကာလရှည်ကြာ အငြင်းပွားနေသည့် ပင်လယ် ပြင် နယ်နိမိတ်စည်းမျဉ်း၊ အထူးသဖြင့် ရေကြောင်းနယ်စပ်အဖြစ် သတ်မှတ်ထားသော Northern Limit Line နှင့် ပတ်သက်ပြီး အသေးစိတ် ဖော်ပြထားခြင်း မရှိပေ။

မြောက်ကိုရီးယားနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပထမဆုံး စတင် ကျင့်သုံးခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် ဆိုရှယ်လစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို မိတ်ဆက်ခြင်း မပြုမီ ငါးကြိမ်တိုင်တိုင် ပြင်ဆင်ခဲ့သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်ကို တွေ့ရစဉ် 

ထိုဆိုရှယ်လစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို နောက်ထပ် ၁၂ ကြိမ် ပြင်ဆင်ခဲ့ပြီးနောက် ယခုနှစ် မတ်လတွင် ဥပဒေ စာတမ်းအား ထပ်မံပြင်ဆင်ခဲ့ပြီး အခြေခံဥပဒေ၏ ခေါင်းစဉ်မှ "ဆိုရှယ်လစ်" ဆိုသည့် စကားလုံးကို ပယ်ဖျက်ခဲ့ သည်။

ထူးခြားချက်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) က တောင်ကိုရီးယားကို ရန်သူ အဖြစ် သတ်မှတ် ပြောဆိုခဲ့သော်လည်း ယခုပြင်ဆင်သည့် အခြေခံဥပဒေထဲတွင် တောင်ကိုရီးယားကို "အဓိက ရန်သူ" ဆိုသည့် အသုံးအနှုန်းကို ထည့်သွင်း ဖော်ပြထားခြင်း မရှိပေ။

ကင်မ်၏ နိုင်ငံနှစ်ခု မူဝါဒ သဘောထားနှင့်အညီ "ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး" နှင့် "ကြီးမြတ်သော အမျိုးသားစည်းလုံးညီညွတ်ရေး" ကဲ့သို့ အသုံးအနှုန်းများ အပါအဝင် ပြန်လည် ပေါင်းစည်းရေးနှင့် ပတ်သက်သည့် ရည်ညွှန်းချက် အားလုံးကို ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပယ်ဖျက်လိုက်ပြီဖြစ်သည်။

ထို့အပြင် မြောက်ကိုရီးယားနိုင်ငံကို တည်ထောင်ခဲ့သည့် ကင်မ်၏ အဖိုးဖြစ်သည့် ကွယ်လွန်သူ ကင်မ်အီဆွန်း (Kim Il-sung) နှင့် ကင်မ်၏ ဖခင်ဖြစ်သည့် ကွယ်လွန်သူ ကင်မ်ဂျုံအီ (Kim Jong-il) တို့၏ အောင်မြင်မှုများကို ဖော်ပြထားချက်များကိုလည်း ပယ်ဖျက်ခဲ့သည်။

ယခု ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြောက်ကိုရီးယား အနေဖြင့် ပုံမှန် နိုင်ငံတစ်ခု ဖြစ်သည်ဆိုသည့် ပုံရိပ်ကို ပြသလိုသော ဆန္ဒရှိနေခြင်းကို ညွှန်ပြနေပုံရကြောင်း ဆိုးလ်အမျိုးသားတက္ကသိုလ်မှ မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူ ပါမောက္ခ လီဂျုံချော (Lee Jung-chul) ကပြောကြားခဲ့သည်။

Source: The Korea Times