CNI International News
ဝါရှင်တန်၊ မေလ ၇
အီရန်အပေါ် ဆင်နွှဲနေသော ထိုးစစ်ဆင်မှုများကို အမေရိကန်မှ အပြီးသတ်လိုက်ပြီဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio)က ပြောကြားခဲ့ကြောင်း Thai PBS World မှဖော်ပြခဲ့သည်။
“သမ္မတက လွှတ်တော်ကို အကြောင်းကြားထားသလို Epic Fury(အက်ပစ် ဖျူရီ)လို့ အမည်ပေးထားတဲ့ စစ်ဆင် ရေးဟာ ပြီးဆုံးသွားပါပြီ။ ကျနော်တို့ အဲဒီအဆင့်ကို ကျော်ဖြတ်ပြီးပါပြီ” ဟု ရူဘီယိုက သတင်းထောက်များကို ပြောကြားခဲ့သည်။
အပစ်အခတ်ရပ်စဲရေးကြောင့် စစ်ပွဲပြီးဆုံးသွားပြီဖြစ်ကြောင်း အိမ်ဖြူတော်က လွှတ်တော်အမတ်များကို အစော ပိုင်းတွင် အကြောင်းကြားခဲ့သည်။
ထိုသို့ အကြောင်းကြားခဲ့သဖြင့် ရက်ပေါင်း ၆၀ ထက် ကျော်လွန်သော ပဋိပက္ခများအတွက် လွှတ်တော်ထံမှ တရားဝင်ခွင့်ပြုချက် တောင်းခံရန် မလိုအပ်တော့ပေ။
သို့သော် အမေရိကန်သင်္ဘောများကို တိုက်ခိုက်လာပါက အီရန်အနေဖြင့် ကြီးလေးသော တုံ့ပြန်မှုများနှင့် ရင်ဆိုင် ရမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ခြိမ်းခြောက်ထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကို တွေ့ရစဉ်
ထို့ပြင် အီရန်က ထိန်းချုပ်ထားသော ဟော်မုဇ်ရေလက်ကြားမှ သင်္ဘောများ ထွက်ခွာနိုင်ရန် ကူညီပေးမည့် Project Freedom စီမံကိန်းကို ထရမ့်က မေလ ၃ ရက်တွင် ကြေညာခဲ့သည်။
“အဲဒီစီမံကိန်းဟာ ထိုးစစ်ဆင်တဲ့ စစ်ဆင်ရေး မဟုတ်ပါဘူး၊ ခုခံကာကွယ်တဲ့ စစ်ဆင်ရေးသာ ဖြစ်ပါတယ်။ ဒါ့အပြင် အဓိပ္ပာယ်ကတော့ အရမ်းရှင်းပါတယ်။ ကျနော်တို့ကို အရင်စပြီး မပစ်ခတ်ဘူးဆိုရင် ကျနော်တို့ ဘက်ကလည်း ဘယ်တော့မှ ပစ်ခတ်မှာ မဟုတ်ပါဘူး” ဟု ရူဘီယိုက ပြောကြားခဲ့သည်။
အစ္စရေးနှင့် အမေရိကန်တို့သည် ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်ကို တိုက်ခိုက်ခဲ့ကြပြီး အီရန်ထိပ်တန်း ခေါင်းဆောင်များကို သုတ်သင်ခြင်း၊ အဓိက စစ်ရေးနှင့် စီးပွားရေး အဆောက်အအုံများကို ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သော်လည်း အီရန်အစိုးရကို ဖြုတ်မချနိုင်ခဲ့ပေ။
အီရန်ကလည်း အစ္စရေးနှင့် ပင်လယ်ကွေ့နိုင်ငံများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။
ဧပြီ ၈ ရက်နေ့တွင် ထရမ့်သည် အီရန်နှင့် အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့ပြီး လက်ရှိတွင် ဆွေးနွေးမှုများမှာ မတိုးသာ၊ မဆုတ်သာ အခြေအနေသို့ ရောက်ရှိနေသည်။
Source: Thai PBS World
