CNI International News

ပြုံယမ်း၊ ဒီဇင်ဘာ ၁

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong-un) သည် လေတပ်၏ နှစ်ပေါင်း ၈၀ ပြည့် အထိမ်း အမှတ် အခမ်းအနားတွင် နျူကလီးယားစစ်ပွဲကို ဟန့်တားရေးအတွက် လေတပ်၏ အရေးပါပုံအား အလေးထား ပြောဆိုခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံပိုင် Rodong Sinmun သတင်းစာက ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ကင်မ်သည် ၎င်း၏ သမီးဖြစ်သူ ကင်မ်ဂျူအဲ (Kim Ju Ae) နှင့်အတူ လေတပ်၏ နှစ်ပတ်လည်ပွဲ အခမ်းအနားကို တက်ရောက်လာပုံ များကို ဖော်ပြထားသည်။

ထိုပွဲအခမ်းအနားတွင် ကင်မ်က မောင်းသူမဲ့ လေယာဉ်များ၊ ရွှေ့ပြောင်းနိုင်သည့် ဒုံးပစ်လောင်ချာများနှင့် အခြား စစ်လက်နက်ပစ္စည်းများကို လေ့လာကြည့်ရှုခဲ့သည်။

မြောက်ကိုရီးယားသည် အသေးစားနှင့် တာတိုပျံသန်းနိုင်သည့် FPV ဒရုန်းများ၊ အရွယ်အစား အနည်းငယ် ပိုမို ကြီးမားပြီး တာလတ် ပျံသန်းနိုင်သော တိုက်ခိုက်ရေး ဒရုန်းများကို ထုတ်လုပ်ခဲ့ကြောင်း ယူကရိန်းထောက်လှမ်း ရေး အရာရှိများကလည်း ပြောကြားခဲ့သည်။

လေတပ် အခမ်းအနားမှာ ကင်မ်ဂျုံအန်ကို တွေ့ရစဉ်

ကင်မ်သည် ၎င်း၏ သမီးဖြစ်သူနှင့်အတူ လေတပ် နှစ်ပတ်လည် အခမ်းအနားတွင် လေယာဉ်များ အလှပြ ပျံသန်း မောင်းနှင်မှုကို ကြည်ရှုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား လေတပ်သည် နျူကလီးယားစစ်ပွဲ အဟန့်အတားအတွက် အဓိကနေရာမှ ပါဝင်မည်ဖြစ်ပြီး အမှန်တကယ် ကြီးကျယ်ခမ်းနားမှုရှိကြောင်း ကင်မ်က ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ထို့ပြင် ကင်မ်က မြောက်ကိုရီးယားလေတပ်ကို မဟာဗျူဟာမြောက် စစ်လက်နက်ပစ္စည်းများ ပေးအပ်သွားမည်ဟု ပြောကြားခဲ့သော်လည်း အသေးစိတ် ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။

"လေတပ်ဟာ ရန်သူတွေရဲ့ စစ်ရေးရန်စမှုတွေနဲ့ အဖျက်အမှောင့် လုပ်ရပ်တွေ အားလုံးကို ထိန်းချုပ်ပြီး ပြတ်သား စွာ တွန်းလှန်သင့်ပါတယ်" ဟု ကင်မ်က ပြောကြားခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။

Source: ရိုက်တာ