CNI International News
နယူးဒေလီ၊ စက်တင်ဘာ ၂၄
အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန(MHA)က နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ/ကပ္ပလန်(NSCN-K) အဖွဲ့နှင့် ၎င်း၏ မဟာမိတ် အဖွဲ့အစည်းများကို တရားမဝင် အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး ၅ နှစ်ပိတ်ပင်ကြောင်း စက်တင်ဘာ ၂၂ ရက်က ထုတ်ပြန်ခဲ့သည်ဟု The New Indian Express မှ ဖော်ပြခဲ့သည်။
တရားမဝင် လှုပ်ရှားမှုများ တားဆီးရေး အက်ဥပဒေအောက်တွင် ပြဋ္ဌာန်းချက်အရ ထိုပိတ်ပင်မှုသည် စက်တင်ဘာ ၂၈ ရက်မှစတင်ပြီး အသက်ဝင်မည်ဖြစ်ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
NSCN-K သည် ကသည်း သူပုန်များဖြစ်သည့် ULFA(I) ၊ PREPAK နှင့် PLA ကဲ့သို့ တရားမဝင် အဖွဲ့များနှင့် မိတ်ဖက် ဆက်ဆံရေးရှိကြောင်း တွေ့ရှိခဲ့ရသည်ဟု အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထိုအဖွဲ့သည် စီးပွားရေး လုပ်ငန်းရှင်များ၊ အစိုးရအရာရှိများနှင့် အရပ်သားများကို ပြန်ပေးဆွဲပြီး ငွေကြေးများ တောင်းခံခြင်း၊ ခြိမ်းခြောက် ငွေညှစ်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် တွင် စွပ်စွဲထားသည်။
“NSCN-K အဖွဲ့ရဲ့ တရားမဝင် လှုပ်ရှားမှုတွေထဲမှာ တရားမဝင် လက်နက်တွေနဲ့ ခဲယမ်းတွေကို ပိုင်ဆိုင်မှု၊ လက်နက်တွေနဲ့ အခြားအကူအညီတွေ ရယူဖို့ အခြားနိုင်ငံတွေမှာရှိတဲ့ အိန္ဒိယဆန့်ကျင်ရေးအဖွဲ့တွေဆီက အကူအညီတွေ ရယူမှုတွေ ပါဝင်ခဲ့ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
NSCN-K/YA အဖွဲ့ကို တွေ့ရစဉ်
NSCN-K သည် အိန္ဒိယနိုင်ငံမှ ခွဲထွက်ပြီး အိန္ဒိယ-မြန်မာ နယ်စပ်ဒေသရှိ နာဂလူမျိုးများ နေထိုင်သည့် နေရာများ ပါဝင်သော ဒေသများကို စုဖွဲ့ပြီး နာဂနိုင်ငံထူထောင်ရန် ရည်ရွယ်ထားကြောင်း ကြေညာခဲ့သည်ဟု အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၈ ရက်မှ ၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀ ရက်ကြား NSCN-K ၏ ကေဒါများကို တိုင်ကြားသည့် အမှုပေါင်း ၇၁ မှုရှိခဲ့ပြီး ၎င်းတို့အနက် ၅၆ မှုကို စွဲချက်တင်ခဲ့ကာ ၃၅ မှုကို တရားစီရင်နိုင်ခဲ့ကြောင်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ထို့ပြင် NSCN-K ၏ ကေဒါ ၈၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၆၉ ဦးသည် လက်နက်ချ အလင်းဝင်လာခဲ့ကြောင်း ၎င်းတို့ နှင့်အတူ လက်နက် ၆၉ လက်၊ ကျည်ကဒ် ၅၂ ခု၊ ကျည်ဆန် ၉၃၁ တောင့်၊ လက်ပစ်ဗုံး ၁၀ လုံး၊ ဖောက်ခွဲရေးပစ္စည်း ၁၅၀ ခုနှင့် အခြား လက်လုပ်မိုင်းများကို သိမ်းဆည်း ရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထိုကာလအတွင်း ရဲတပ်ဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့များ၏ စစ်ဆင်ရေးကြောင့် NSCN-K ၏ မြေအောက်ကေဒါ ၁၃ ဦး သေဆုံးခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
Source: The New Indian Express