CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ(NLD CWC)သည် တော်လှန်ရေးကာလထဲ အုပ်စုဖွဲ့အာဏာရှင်စရိုက်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၏ ပြောရေးဆိုခွင့်ရှိသူ ကိုစည်သူမောင်က ပြောသည်။
NLD CWC အုပ်စုသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီပုံမှန်အစည်းအ ဝေး ကျင်းပ၍ ကိုစည်သူမောင်အား ပါတီဝင် အဖြစ်မှ ယာယီရပ်ဆိုင်းရန်နှင့် နီးစပ်ရာ နိုင်ငံလုံးဆိုင်ရာညီလာခံ (သို့)ဗဟိုကော်မတီ အစည်းအဝေးသို့ အယူခံဝင်နိုင်ကြောင်း အသိပေးရန် ဆုံးဖြတ်ခဲ့သည်။
အဆိုပါ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး မည်သည့်အချက်ကြောင့် ပါတီဝင်အဖြစ်မှ ယာယီရပ်ဆိုင်းထားရသည် လဲဆိုခြင်းမှာ မရှင်းလင်းကြောင်းနှင့် ယခုထိလည်း တရားဝင် ဆက်သွယ် အကြောင်းကြားလာခြင်း မရှိသေးဘူးဟု ကိုစည်သူမောင်က သူ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှတဆင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
၎င်းက “ ကျနော်ရေးတဲ့ NLD CWC ရဲ့ ၄ နှစ်တာ ကာလအတွင်း ဖြစ်ရပ်တွေကို အပိုင်းလိုက် ထောက်ပြသုံးသပ်ခဲ့ လို့ ဒီလို အရေးယူတယ်ဆိုရင်တော့ ပြန်လည်ရှင်းလင်းဖို့ မကြိုးစားဘဲ တုံ့ပြန်အရေးယူဖို့ပဲ ကြိုးစားမယ်ဆိုရင် တော့ Political Tolerance ပျောက်နေတယ်လို့ပဲ ယူဆရလိမ့်မယ်။ ငါတို့ကို မဝေဖန်နဲ့ မထောက်ပြနဲ့ ငါတို့ လုပ်ရပ်တွေ မှန်မှန်မှားမှား မင်းအလုပ် မဟုတ်ဘူး၊ ဝေဖန်ရင် အုပ်စုဖွဲ့ပြီး ပါတီအစည်းအဝေးတွေမှာ ပါတီဝိတ်နဲ့ လုပ်ပြမယ်ဆိုတဲ့ စရိုက်မျိုးက ဒီတော်လှန်ရေးကာလထဲ အုပ်စုဖွဲ့အာဏာရှင်စရိုက်ပဲ”ဟု ပြောသည်။
NLD CWC အမည်ခံ အုပ်စုအနေဖြင့် လုပ်ပိုင်ခွင့်မရှိသလို အရေးယူ ဆောင်ရွက်ခွင့်လဲ မရှိကြောင်း၊ NLD ပါတီဝင် အဖြစ် CWC ဆီလျောက်ထား၍ ပါတီဝင်ဖြစ်ခဲ့ခြင်း မဟုတ်ကြောင်း ကိုစည်သူမောင်က ပြန်လည် တုံ့ပြန်ခဲ့သည်။
၎င်းက “ နိုင်ငံရေးပါတီတစ်ခုမှာ အရေးယူတယ်ဆိုတာ စည်းကမ်းထိမ်းသိမ်းရေးက ကာယကံရှင်ကို စစ်ဆေးရ တယ်။ စစ်ဆေးပေါ်ပေါက်လို့ အပြစ်ရှိရင် CEC ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးမှာ ဆုံးဖြတ်ရတယ်။ ခု CWC အမည်ခံ အုပ်စုအနေနဲ့ အဲလို လုပ်ပိုင်ခွင့်လည်း မရှိသလို ဒီလိုအရေးယူ ဆောင်ရွက်ခွင့်လည်း ရှိမနေဘူး။ ဒီချုပ်ပါတီဝင်အဖြစ် CWC ဆီလျောက်ထားပီး ပါတီဝင်ဖြစ်ခဲ့တာ မဟုတ်ပါ။ ဘာကြောင့် ဒီလိုအရေးယူ ဆောင် ရွက် ခဲ့ရတယ်ဆိုတာ ဒီအောက်ကလင့်စ်တွေမှာ အပိုင်းအလိုက် ဖော်ပြထားတဲ့ စာတွေကြောင့်ပဲ ဖြစ်နိုင်ခြေရှိ တယ်။ စိတ်ဝင်စားရင် ဖတ်ကြည့်နိုင်ရန် မျှဝေလိုက်ပါသည်”ဟု ပြောသည်။
ကိုစည်သူမောင်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် NLD ကိုယ်စားပြု ဝင်ရောက် အရွေးချယ်ခံခဲ့သူဖြစ်သည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာ့တပ်မတော်က NLD အစိုးရကို ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။
အဆိုပါ နိုင်ငံရေး အပြောင်းအလဲနှင့်အတူ မြန်မာ့တပ်မတော်ကို ဆန့်ကျင်၍ ဖြုတ်ချနိုင်ရေး ကြိုးပမ်းသည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တွင် ပါဝင်ခဲ့ပြီး ပြောရေးဆိုခွင့်ရှိသူ တာဝန်ကိုယူထား သည်။
တခြားတစ်ဖက်မှာတော့ NLD CWC တွင် ပြည်ပနိုင်ငံများသို့ ထွက်ပြေးသွားသည့် ဦးအောင်ကြည်ညွန့်၊ ဒေါ်မေဝင်းမြင့်၊ ဦးထွန်းမြင့်၊ ဦးကျော်ထွေး၊ ဦးမျိုးနိုင်၊ ဦးဝင်းအောင်၊ ဦးတင်ထွဋ်ဦး၊ ဒေါက်တာခင်ဆောင် တို့ပါဝင် ကြသည်။
NLD ၏ ပါတီဖွဲ့စည်းပုံအရ NLD CWC ဖွဲ့စည်းခြင်းသည် တရားမဝင်ကြောင်း ပါတီစည်းကမ်းထိန်းသိမ်းရေးကို တာဝန်ယူခဲ့သူ ဦးတိုးလွင်က ထုတ်ဖော် ပြောကြားထားသည်။