CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၈
ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်းဆိုသည့် ရဲ(၃)ရဲအတိုင်း ရန်သူကို ချေမှုန်းတိုက်ခိုက်ရမည်ဟု နစကဒုဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ နယ်မြေခံသင်တန်းကျောင်းရှိ ပြည်သူ့စစ် မှုထမ်း သင်တန်းမှ သင်တန်းသားများအား သွားရောက်တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက “ တပ်မတော်သား တစ်ဦးဖြစ်သည်နှင့်အညီ ပေးအပ်လာသည့် တာဝန်များအပေါ် ကျေပွန်အောင် ထမ်းဆောင်သွားကြရန် လိုကြောင်း၊ ထို့ပြင် လေ့ကျင့် သင်ကြားပေးလိုက်သည့် စစ်အတတ်ပညာ များကိုလည်း အမြဲတမ်းလေ့ကျင့်ရမည်၊ အမြဲတမ်းစစ်ရေး သတိရှိရမည်၊ အမြဲတမ်းတိုက်ပွဲဝင်အသင့် ဖြစ်ရမည် ဆိုသည့် မြဲ(၃)မြဲနှင့်အညီ အမြဲမပြတ်လေ့လာ လေ့ကျင့်လိုက်နာသွားကြရန်နှင့် ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်း ဆိုသည့် ရဲ(၃)ရဲအတိုင်း ရန်သူကို ချေမှုန်းတိုက်ခိုက်ရမည်”ဟု ပြောသည်။
စစ်သည်များသည် နိုင်ငံတော်အလံကို မိမိလက်ဖြင့် ကိုယ်တိုင် ထိတွေ့ပြီး သစ္စာ ၃ ချက်ကို ရွတ်ဆိုထားသည့် တပ်မတော်သားများ ဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိရန်၊ မိမိရဲဘော်ရဲဘက် များအပေါ် သစ္စာစောင့်သိရန်၊ မိမိမိသားစုအပေါ် သစ္စာစောင့်သိရန်လိုကြောင်း ၎င်းက ပြောသည်။
တပ်မတော်သားအဖြစ် ခံယူထားပြီးဖြစ်သည့်သူများသည် နိုင်ငံတော်နှင့် တပ်မတော် တာဝန်များကို ၂၄ နာရီ တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံသားကောင်းရတနာများဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတစ်ဦးချင်း ရရှိပိုင်ဆိုင် ထားသည့် ဂုဏ်သိက္ခာများကို မကျဆင်းအောင်၊ မဆုံးရှုံးအောင် တပ်မတော်သားတစ်ဦး၏ ကျင့်ဝတ်စည်းကမ်းများ ကို အမြဲထိန်းသိမ်းစောင့်ရှောက်သွားရန်လိုကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်။
အဆိုပါ တိုက်ပွဲများအတွင်း မြန်မာ့တပ်မတော်သည် တိုင်းစစ်ဌာနချုပ် ၂ ခု ဖြစ်သည့် ရှမ်းပြည်နယ်၊ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)နှင့် ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ)တို့ကို လက်လွတ် ဆုံးရှုံးထားရသည်။
အလားတူ မြို့ပေါင်း ၃၀ အထက်ကိုလည်း လက်လွတ်ဆုံးရှုံးထားရသလို စစ်အခြေစိုက် စခန်းပေါင်း ရာချီ လက်လွတ် ဆုံးရှုံးထားရသည်။
လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးများသို့ လက်နက်ကိုင် အင်အားစုများ တိုက်ပွဲများ ဖန်တီးလာမည့် အခြေအနေအတွက် မြန်မာ့တပ်မတော်က စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။