CNI International News

ဝါရှင်တန်၊ နိုဝင်ဘာ ၁၄

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က Fox News သတင်းဌာန၏ အစီအစဉ် တင်ဆက်သူ ပိဟက်ဆက် (Pete Hegseth) ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ကြောင်း နိုဝင်ဘာ ၁၂ ရက် တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ဟက်ဆက်သည် အမေရိကန်စစ်တပ်၏ ထိပ်သီးခေါင်းဆောင်တစ်ဦးနှင့် ပင်တဂွန် ခေါင်းဆောင်များ၏ မူဝါဒ အားနည်းချက်များကို ဝေဖန်ခဲ့သူဖြစ်သည်။

ဟက်ဆက်အား ရာထူးခန့်အပ်မှုကို အထက်လွှတ်တော်က အတည်ပြုမည်ဆိုပါက သူသည် စစ်တပ်အတွင်း မူဝါဒ အားနည်းသူများဟု စွပ်စွဲခဲ့သည့် စစ်ဗိုလ်ချုပ်ကြီးများကို ရာထူးမှ ဖယ်ရှားမည်ဆိုသည့် ထရမ့်၏ မဲဆွယ် ကတိကဝတ်များကို အကောင်အထည်ပေါ်ရန် အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။

ဟက်ဆက်သည် ပစိဖိတ်နှင့် အရှေ့အလယ်ပိုင်းဆိုင်ရာ စစ်ရေး အတွေ့အကြုံရှိသည့် တိုက်လေယာဉ်မှူးဟောင်း လေတပ်ဗိုလ်ချုပ်ကြီး စီကျူ ဘရောင်း (C.Q. Brown) နှင့်လည်း သဘောထား ကွဲလွဲမှုဖြစ်ပွားနိုင်သည်။

Fox News အစီအစဉ်တင်ဆက်သူ ဟက်ဆက်ကို တွေ့ရစဉ်

အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌဖြစ်သည့် ဘရောင်းသည် လက်ဝဲယိမ်း နိုင်ငံရေးသမားများ၏ အစွန်း ရောက်သော ရပ်တည်ချက်များဖြင့် လုပ်ဆောင်နေကြောင်း ဟက်ဆက်က စွပ်စွဲခဲ့သည်။

နေတိုးအဖွဲ့အပေါ် အဆိုးမြင်စိတ်ရှိသည့် အသက် ၄၄ နှစ်အရွယ် ဟက်ဆက်သည် ဇန်နဝါရီလတွင် ပြုလုပ်မည့် သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲမတိုင်မီ ထရမ့်၏ အစိုးရအဖွဲ့ထဲတွင် ခန့်အပ်ရန် လျာထားသည့် စာရင်းထဲ၌ အံ့အား သင့်ဖွယ် အကောင်းဆုံး ခန့်အပ်မှုဖြစ်သည်။

ထရမ့်၏ ပြိုင်ဘက်အချို့ကမူ ဟက်ဆက်အား ကာကွယ်ရေးဝန်ကြီးရာထူး ခန့်အပ်မှုကို ဝေဖန်ရှုတ်ချခဲ့သည်။

"ကာကွယ်ရေးဝန်ကြီးရာထူးဟာ အတွေ့အကြုံမရှိတဲ့ ရာထူးနေရာ မဖြစ်သင့်ပါဘူး" ဟု အောက်လွှတ်တော် လက်နက် ဝန်ဆောင်မှုကော်မတီ၏ ဒီမိုကရက်တစ်ဦးဖြစ်သူ အဒမ် စမစ် (Adam Smith) က ပြောကြားခဲ့သည်။

ထရမ့်ကမူ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သည့် ဟက်ဆက်သည် အာဖဂန်နစ္စတန်၊ အီရတ်၊ ဂွာတာနာမိုပင်လယ်ကွေ့တို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း ပြောကြားခဲ့သည်။

Source: ရိုက်တာ