CNI International News

နယူးဒေလီ၊ ဇူလိုင် ၂

အိန္ဒိယ၏ Act East မူဝါဒ၏ အလွန်အပြုသဘောဆောင်သည့် အကျိုးသက်ရောက်မှုသည် လာအိုနှင့် ဆက်ဆံရေး ကို ပိုမိုခိုင်မာစေကြောင်း လာအိုနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် ပရာရှန့် အက်ဂရာဝယ်လ်  (Prashant Agrawal) က ပြောကြားခဲ့ကြောင်း Devdiscourse မှ ဖော်ပြခဲ့သည်။

ထိုမူဝါဒကြောင့် နှစ်နိုင်ငံအကြား ယဉ်ကျေးမှု အမွေအနှစ်များ ဖလှယ်မှု၊ မဟာဗျူဟာမြောက် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုတို့ရှိခဲ့ပြီး အဓိက အချက် ၃ ချက်ဖြစ်သည့် လုပ်အားစွမ်းဆောင်ရည် တည်ထောင်မှု၊ လေ့ကျင့်မှုနှင့် ကျွမ်းကျင်မှုတို့ ဖြစ်ထွန်းခဲ့သည်ဟု အက်ဂရာဝယ်လ်က ပြောကြားခဲ့သည်။

အိန္ဒိယနှင့် လာအိုတို့သည် ဘာသာရေး၊ ယဉ်ကျေးမှု၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတို့သည် လွန်လေပြီး သည့် ရှည်လျားသော သမိုင်းအဆက်ဆက်ကတည်းက ရှိခဲ့သည်ဟု ဆိုသည်။

"ကျနော်တို့နဲ့ လာအိုနိုင်ငံရဲ့ ဆက်ဆံရေးဟာ တိုးတက်ယဉ်ကျေးမှုတွေ ရှိခဲ့ပါတယ်။ သမိုင်းကြောင်းအရ နီးစပ်တဲ့ ဆက်ဆံရေးလည်းရှိပြီး ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ ဖလှယ်မှုတွေနဲ့ လာအိုရဲ့ ရာမာယနယဉ်ကျေးမှု ပျံ့နှံ့မှုတွေ ကြောင့် ဆက်ဆံရေးတွေကို ခိုင်မာခဲ့ပါတယ်" ဟု သံအမတ်အက်ဂရာဝယ်လ်က ပြောသည်။

နှစ်နိုင်ငံအကြား Quick Impact ပရောဂျက်များ၊ စွန့်ဦးတီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၊ ဆော့ဖ်ဝဲ သင်တန်း လေ့ကျင့်ရေးစင်တာ အပါအဝင် ပရောဂျက် အများအပြားရှိကြောင်းနှင့် ထိုကဲ့သို့ ပူးတွဲအစီအစဉ်များသည် Act East မူဝါဒ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အက်ဂရာဝယ်လ်က ပြောကြားခဲ့သည်။

အိန္ဒိယနဲ့လာအို ဆက်ဆံရေးကိုတွေ့ရစဉ်

Act East မူဝါဒသည် အာဆီယံကို ဗဟိုပြုကာ အင်ဒို-ပစိဖိတ်ဒေသတွင် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး များကို ချဲ့ထွင်ရန် အာရုံစိုက် လုပ်ဆောင်သည့် မူဝါဒဖြစ်သည်။

ထို့ပြင် UNESCO ၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်သည့် လာအို၏ Vat Phou ဘုရားကျောင်း ပြုပြင်ထိန်းသိမ်း ရေးကဲ့သို့ ပရောဂျက်များဖြင့် နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးများကိုလည်း တိုးမြှင့်ရန် ဆွေးနွေး ခဲ့သည်ဟု အက်ဂရာဝယ်လ်က ဆိုသည်။

"ဒစ်ဂျစ်တယ် အခြေခံ အဆောက်အအုံတွေကို ဖန်တီးဖို့ ကျနော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ လာအို အပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့အတူ လုပ်ဆောင်သွားမယ့် ဦးစားပေး အစီအစဉ်တွေထဲက တစ်ခု ဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။

လုံခြုံရေး၊ တည်ငြိမ်ရေးတို့နှင့် ပတ်သက်ပြီး အိန္ဒိယနှင့် လာအိုတို့သည် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ ကြိုဆို ထောက်ခံမှုနှင့်အတူ ဒေသတွင်း လုံခြုံရေးနှင့်တည်ငြိမ်ရေးကို မြင့်တက်စေရန် ကြိုးပမ်းဆောင်ရွက်နေ သည်ဟုလည်း အက်ဂရာဝယ်လ်က ပြောကြားခဲ့သည်။

Source: Devdiscourse