CNI Article
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် နိုင်ငံရေးအကျပ်အတည်းနှင့် ပြည်တွင်းစစ်သည် အိန္ဒိယ၊ အထူးသဖြင့် အိန္ဒိယ အရှေ့မြောက်ဒေသ အပါအဝင် အိမ်နီးချင်းနိုင်ငံများကို သိသာစွာ ရိုက်ခတ်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်၌ တပ်မတော်က အာဏာကိုရယူခဲ့ပြီးနောက် မြန်မာနိုင်ငံသား ပေါင်း ၆၀,၀၀၀ ကျော်သည် အိန္ဒိယနိုင်ငံအတွင်း၊ အထူးသဖြင့် မီဇိုရမ် (Mizoram)၊ မဏိပူရ (Manipur) နှင့် နာဂလန်း (Nagaland) ပြည်နယ်များအတွင်းသို့ ထွက်ပြေးဝင်ရောက်ခဲ့သည်။
မူးယစ်ဆေးဝါးများ၊ လက်နက်များနှင့် အခြား တရားမဝင် လှုပ်ရှားမှုများသည် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ပေါခြင်းသောခြင်း များပြားလာခဲ့သည်။
ပိုမိုအရေးကြီးသည့် အချက်မှာ အိန္ဒိယ၏ ပြည်မကြီးနှင့် အရှေ့မြောက်ပိုင်းအကြား၊ အရှေ့မြောက်ပိုင်းနှင့် အရှေ့ အာရှအကြား စီးပွားရေးကို ပေါင်းစပ်နိုင်ရန်အတွက် အိန္ဒိယ၏ အရှေ့မြောက်ပိုင်းဒေသများမှ အရှေ့အာရှ၊ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ ကုလားတန် မာလ်တီမိုဒယ် စီမံကိန်း ( Kaladan Multimodal Project) ကို ချိတ်ဆက်ရန် ရည်မှန်းထားသည့် အိန္ဒိယ၏ Act East မူဝါဒသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိခိုက်ခဲ့ရခြင်းဖြစ်သည်။
အိန္ဒိယ၏ မူဝါဒမှာ မြန်မာနိုင်ငံတွင် ဆက်လက် ဖြစ်ပွားနေသည့် ပဋိပက္ခအပေါ် ရှေးရှုသည့် ၎င်း၏ ချဉ်းကပ်မှုနှင့် ပတ်သက်ပြီး လစ်ဟာမှုများ ရှိနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ရှုပ်ထွေးလှသည့် ပြဿနာများနှင့် လျင်မြန်စွာ ပြောင်းလဲနေသည့် စစ်ပွဲအခြေအနေသည် အိန္ဒိယ အစိုးရအဖွဲ့၏ မူဝါဒချမည့် သူများအတွက် စိန်ခေါ်မှုဖြစ်နေသည်။
လက်ရှိအချိန်အထိ အိန္ဒိယ၏ မူဝါဒနှင့် မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ပုံသည် မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာကို မရယူမီအချိန်က ကျင့်သုံးခဲ့သည့် မူဝါဒအဟောင်းနှင့် တူညီနေဆဲဖြစ်သည်။
ထိုမူဝါဒမှာ "wait and watch policy" ဖြစ်သည့် အခြေအနေကို စောင့်ကြည့်သော မူဝါဒဖြစ်သည်။
ဥပမာအားဖြင့် အိန္ဒိယသည် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည့် နေပြည်တော်ကို ထိန်းချုပ်ထားသော အစိုးရနှင့် ထိတွေ့ ဆက်ဆံမည်ဖြစ်သည်။
ထိုအယူဝါဒအရ အိန္ဒိယသည် NUG နှင့် အခြား အတိုက်အခံ အုပ်စုများထက် ပိုမိုအင်အားကောင်းပြီး ခိုင်မာသည်ဟု ယူဆထားသည့် မြန်မာ့တပ်မတော်နှင့် ပွင့်လင်းစွာ ထိတွေ့ဆက်ဆံမှုများကို ဆက်လက် လုပ်ဆောင်ခဲ့သည်။
၂၀၂၁ ခုနှစ်တွင် အိန္ဒိယပြည်ထဲရေးဝန်ကြီးက အောက်လွှတ်တော်၌ မိန့်ခွန်းပြောကြားခဲ့ရာမှာ အိန္ဒိယ အစိုးရ အနေဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများကဲ့သို့ မြန်မာဒုက္ခသည်များ အိန္ဒိယနိုင်ငံအတွင်းသို့ အစုလိုက် အပြုံလိုက် ဝင်ရောက်လာမှုကို တားဆီးရန်၊ နယ်စပ်တွင် ဆလိုက်မီးများ တပ်ဆင်ရန်၊ နယ်စပ်စစ်ဆေးရေး စခန်းများ တည်ဆောက်ရန်၊ ကင်းထောက်လှမ်းမှုများ ပြုလုပ်ရန်နှင့် တရားမဝင် မြန်မာရွှေ့ပြောင်း နေထိုင်သူ များကို တားဆီးရန် အကောင်းဆုံး လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယအစိုးရက မြန်မာဒုက္ခသည်များ ဝင်ရောက်မှုကို တားဆီးရန်နှင့် ထိုဒုက္ခည်များကို ပြန်ပို့ရန် စီစဉ်နေသော် လည်း မြန်မာ- မီဇို (ချင်း) လူမျိုးများနှင့် အိန္ဒိယ- မီဇို လူမျိုးများအကြား နီးစပ်သည့် ယဉ်ကျေးမှုနှင့် လူမျိုးရေး ဆက်နွှယ်မှုများ ရှိနေသော မီဇိုရမ် (Mizoram) ပြည်နယ် အစိုးရကမူ ဗဟိုအစိုးရ၏ အစီအစဉ်များကို ငြင်းဆိုခဲ့သည်။
ထိုအဖြစ်အပျက်သည် လူအချို့အတွက် ဖက်ဒရယ်ဒီမိုကရေစီ၏ အားနည်းချက် တစ်ခုဖြစ်ပြီး တစ်ဖက်မှ ကြည့်ပါကလည်း လူအချို့အတွက် အားသာချက်တစ်ခု ဖြစ်သည်ဟု မြင်တွေ့ရမည်ဖြစ်သည်။
ထိုအခြေအနေမျိုး၌ မိမိတို့အနေဖြင့် နိုင်ငံခြားရေးမူဝါဒများနှင့် နိုင်ငံတကာ ဆက်ဆံရေးများတွင် ပြည်နယ်အစိုးရ ၏ အရေးကြီးသည့် အခန်းကဏ္ဍကို မြင်တွေ့ရမည်ဖြစ်သည်။
အထူးသဖြင့် အခြားနိုင်ငံများနှင့် နယ်စပ်ချင်း ထိစပ်နေသည့် မီဇိုရမ်ပြည်နယ်၏ အခန်းကဏ္ဍသည် အရေးကြီး သည်ကို တွေ့ရမည်ဖြစ်သည်။
မီဇိုရမ်ပြည်နယ်အစိုးရနှင့် မီဇိုလူမျိုးများသည် ကျင့်ဝတ်သိက္ခာပိုင်းနှင့် လူမှုရေးအပိုင်းတွင် မှန်ကန်သည့် အရာများ ကို လုပ်ဆောင်ခဲ့ကြသည်။
အခက်ခဲဆုံး အချိန်ကာလများနှင့် ရင်ဆိုင်ခဲ့ရချိန်ကတည်းက ၎င်းတို့လူမျိုးစု၏ ညီအစ်ကို မောင်နှမများကို လက်ခံ ထားရှိခဲ့ပြီး ၎င်းတို့၏ ကျင့်ဝတ်သိက္ခာကို လက်တွေ့ပြသခဲ့ကြသည်။
မည်သို့ပင်ဆိုစေ မြန်မာ- မီဇို (ချင်း)လူမျိုး ညီအစ်ကိုမောင်နှမများ သို့မဟုတ် မြန်မာဒုက္ခသည်များကို ၎င်းတို့ ပြည်နယ်အတွင်း လက်ခံထားရှိမှုနှင့်အတူ မလိုလားအပ်သည့် လူမှုရေးပြဿနာများလည်း တွဲပါလာခဲ့သည်။
ဥပမာအားဖြင့် မကြာသေးမီ ရက်ပိုင်းအတွင်း ဒုက္ခသည် မဟုတ်သည့် မြန်မာနိုင်ငံသားများသည် မီဇိုရမ်ပြည်နယ် စီယာဟ (Siaha) ခရိုင်တွင် အိန္ဒိယနိုင်ငံသားတစ်ဦးကို သတ်ဖြတ်ခဲ့သော ရာဇဝတ်မှုကို မြင်တွေ့ခဲ့ရသည်။
ထို့ကြောင့် အိန္ဒိယအနေဖြင့် မြန်မာနိုင်ငံအပေါ် ရှေးရှုသည့် မှန်ကန်သော မူဝါဒများ ချမှတ်ရန်အတွက် စိန်ခေါ်မှု များ ရှိနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
အိန္ဒိယအနေဖြင့် မြန်မာနိုင်ငံအပေါ် ထားရှိသည့် မူဝါဒကို ပြန်လည် စိစစ်သင့်ကြောင်း ပြီးခဲ့သည့် ၃ နှစ် ကတည်းက ကျွမ်းကျင်သူများက တိုက်တွန်းခဲ့သော်လည်း အိန္ဒိယအစိုးရကမူ မူဝါဒအဟောင်းကိုပင် မပြောင်းလဲဘဲ ဆက်လက် ကျင့်သုံးခဲ့သည်။
သို့သော် မမျှော်လင့်ရသည့် အချိန်မျိုးတွင် မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာသောအခါ အိန္ဒိယ၏ မူဝါဒအဟောင်းသည် အလုပ်မဖြစ်တော့သည်ကို တွေ့ရမည်ဖြစ်သည်။
အထူးသဖြင့် အိန္ဒိယ၏ အရှေ့မြောက်ပိုင်းဒေသများသည် မြန်မာနိုင်ငံ၏ ပဋိပက္ခကို သက်ရောက်မှု အရှိဆုံးဖြစ် သည်။
ထို့ကြောင့် မကြာသေးမီ ရက်ပိုင်းများအတွင်း အိန္ဒိယ-မြန်မာနယ်စပ်တွင် ခြံစည်းရိုးကာမည့် ဗဟိုအစိုးရ အစီအစဉ် ကို မဏိပူရပြည်နယ်အစိုးရက ငြင်းဆိုခဲ့သည့် သတင်းများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
အိန္ဒိယအနေဖြင့် တရုတ်ကဲ့သို့ အသွားနှစ်ဖက်ပါသည့် ဓား သံတမန် မူဝါဒ (two-edged sword diplomatic policy) မျိုးကို ကျင့်သုံးနိုင်သည်။
တရုတ်၏ ထိုမူဝါဒမှာ တပ်မတော်နှင့်ရော တရုတ်-မြန်မာနယ်စပ်ဒေသ တစ်လျောက်ရှိ တိုင်းရင်းသား လက်နက်ကိုင်များနှင့်ပါ ချိတ်ဆက်ဆောင်ရွက်သည့် မူဝါဒမျိုးဖြစ်သည်။
ထို့ကြောင့် အိန္ဒိယအနေဖြင့် ဖြစ်လာသည့် အချိန်ကျမှ တုန့်ပြန်ဆောင်ရွက်ခြင်းထက် မဖြစ်ဖြစ်အောင် အခြေအနေ ကို ဖန်တီးယူသည့် မူဝါဒ (Proactive Policy) ကို ကျင့်သုံးပြီး မီဇိုရမ်ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရက မြန်မာ့ အရေးကို လိုက်လျောညီထွေ ကိုင်တွယ်ဆောင်ရွက်သွားရန် အရေးကြီးလှပေသည်။
Source: Northeast Now