CNI International News
တီဟီရန်၊ နိုဝင်ဘာ ၁၀
အစောပိုင်းက အီရန်ဖမ်းဆီးထားသည့် ဗီယက်နမ်ပိုင်ရေနံတင်သင်္ဘောတစ်စင်းကို နိုဝင်ဘာ ၁၀ ရက် (ယနေ့) ပြန်လွှတ်ပေးလိုက်ခြင်းဖြင့် အီရန်နှင့်ကမ္ဘာ့အင်အားကြီးနိုင်ငံများ နျူးကလီးယားသဘောတူညီချက် စေ့စပ် ညှိနှိုင်းရေးတုံ့ဆိုင်းနေချိန်၌ တီဟီရန်၏ရေကြောင်းဆိုင်ရာထိပ်တိုက်ရင်ဆိုင်မှုတစ်ခုကို အဆုံးသတ်ပေးခဲ့ကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
အဆိုပါရေနံတင်သင်္ဘောသည် အီရန်နိုင်ငံ၊ ဘန်ဒါအေဘတ်ဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာနိုင်ခဲ့ရာ နိုဝင် ဘာ ၁၀ ရက်နံနက်ပိုင်း၌ အိုမန်ပင်လယ်ကွေ့ရှိ နိုင်ငံတကာရေပိုင်နက်ထဲသို့ ခုတ်မောင်းနိုင်ခဲ့ကြောင်း အေပီသတင်းဌာနက စုံစမ်းသိရှိခဲ့ရသည်။
သင်္ဘောသည် အဆိုပါရေပြင်၌ ကျောက်ချရပ်နားနေပုံရသော်လည်း သင်္ဘောပေါ်တွင် လိုက်ပါလာသည့် ရေကြောင်းအမှုထမ်းများနှင့်ပတ်သက်၍ သတင်းအချက်အလက်များ မရရှိသေးပေ။
ကုလသမဂ္ဂဆိုင်ရာ အီရန်သံတမန်ရေး ပြောခွင့်ရသူ ရှားရော့နာဇဲမီက “အဲဒီသင်္ဘောဟာ ရေနံလွှဲပြောင်း ပေးပြီးတော့ မနေ့ညကပဲ အီရန်ရေပိုင်နက်ထဲက ထွက်သွားပါပြီ” ဟု အေပီသို့ ပြောသည်။
အီရန်၏သင်္ဘောဖမ်းဆီးထားမှုနှင့် ပတ်သက်၍ နောက်ထပ်သတင်းအချက်အလက်များ ရယူရန် ကြိုး စားနေဆဲ ဖြစ်ကြောင်း ဗီယက်နမ်တာဝန်ရှိသူများက အစောပိုင်းတွင် ပြောကြားထားသော်လည်း သင်္ဘောပြန်လွှတ်ပေးပြီး နောက် ၎င်းတို့၏သဘောထားမှတ်ချက်ကို အေပီအနေဖြင့် တောင်းခံခဲ့ရာ မရရှိသေးပေ။
ယခုဖြစ်စဉ်အပေါ် အရှေ့အလယ်ပိုင်းအခြေစိုက် အမေရိကန်ရေတပ် သင်္ဘောအုပ်စု 5th Fleet ကလည်း သဘောထားမှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။
ဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် အီရန်ရေနံစိမ်းများကို အာရှသို့ လွှဲပြောင်းရန် ကြိုးပမ်းသည်ဟု လေ့လာ သုံးသပ် သူများက သံသယရှိကြသည့် MV Sothys အမည်ရှိ ရေနံတင်သင်္ဘောကို အီရန်က အောက် တိုဘာ ၂၄ ရက်၌ စီးနင်းသိမ်းပိုက်ခဲ့သည်။ သို့သော် အီရန်ရေပိုင်နက်အတွင်း ခုတ်မောင်းသွား၍ သိမ်း ဆည်းအရေးယူမှုကိုမူ အမေရိကန်ရေတပ်က စောင့်ကြည့်ခဲ့သော်လည်း စွက်ဖက်မှုမပြုခဲ့ပေ။
တီဟီရန်မြို့ရှိ အမေရိကန်သံရုံးကို ၁၉၇၉ ခုနှစ်က ဝင်ရောက်သိမ်းယူမှု ၄၂ နှစ်မြောက်နေ့ မတိုင်မီ တစ်ရက် အလိုတွင် အီရန်အစိုးရပိုင်ရုပ်သံလိုင်းက ယခု MV Sothys သင်္ဘောဖမ်းဆီးမှုကို ချီးကျူးဂုဏ်ပြုကြောင်း ထုတ်လွှင့်ပြသခဲ့သည်။