CNI International News

နယူးဒေလီ၊ မေလ ၂

ဝါရှင်တန်ပို့စ်နှင့် ဂါးဒီးယန်း သတင်းစာများ အပါအဝင် အမေရိကန်မီဒီယာများသည် အိန္ဒိယအစိုးရနှင့်ပတ်သက်ပြီး သတင်းဖော်ပြရာတွင် ဘက်လိုက်မှုများရှိနေသည်ဟု Khalsa Vox သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ထိုကဲ့သို့ အနောက်အုပ်စု မီဒီယာများ၏ လိုတစ်မျိုး၊ မလိုတစ်မျိုး သတင်းထုတ်ပြန်မှုများသည် နိုင်ငံတကာ စာနယ်ဇင်းကဏ္ဍကို အန္တရာယ်ရှိစေနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အိန္ဒိယတွင် ရွေးကောက်ပွဲများ ပြုလုပ်နေချိန် အတောအတွင်း အမေရိကန်မြေပေါ်၌ လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုတစ်ခုကို အိန္ဒိယအစိုးရနှင့် ချိတ်ဆက်ဖော်ပြမှုသည် အနောက်အုပ်စု မီဒီယာများ၏ ဘက်လိုက်ဖော်ပြမှု ကိုသာမက ရွေးကောက်ပွဲနှင့် အချိန်ကိုက် သတင်းထုတ်ပြန်ခဲ့သည့် လုပ်ဆောင်ချက်များအပေါ် မေးခွန်းများ မြင့်တက်စေခဲ့သည်။

အမေရိကန်သမ္မတဟောင်း ဘားရက် အိုဘားမားကို တွေ့ရစဉ်

ထိုဖြစ်စဉ်များသည် အထူးအဆန်းတော့ မဟုတ်ပေ။ များစွာသော အနောက်အုပ်စု မီဒီယာသည် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ (Narendra Modi) အစိုးရအဖွဲ့နှင့်ပတ်သက်ပြီး အဆိုးမြင်သည့်ဘက်မှ သတင်းများဖော်ပြခဲ့ပြီး အချက်အလက်များကို မျက်ကွယ်ပြုခဲ့သည်။

ဥပမာအားဖြင့် မီုဒီသည် ဝါရှင်တန်သို့ သွားရောက်ခဲ့ချိန်က အနောက်အုပ်စု မီဒီယာများသည် သံတမန်ရေးရာ ကောင်းမွန်သည့် ဆက်ဆံရေးများကို ဖော်ပြခြင်းထက် ဒီမိုကရေစီဆိုင်ရာ စိုးရိမ်စရာ ကိစ္စရပ်များကိုသာ ခေါင်းကြီးပိုင်း သတင်းများအဖြစ် ဖော်ပြခဲ့ကြသည်။

ထိုကဲ့သို့ အချိုးအစား မညီသည့် သတင်းထုတ်ပြန်မှုများကြောင့် အနောက်အုပ်စု မီဒီယာများသည် အနောက်နိုင်ငံ များ၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး အပြုသဘောဆောင်သည့်ဘက်မှ ရေးသားဖော်ပြနေသည့် အချက်ကို ပေါ်လွင်စေခဲ့သည်။

ဥပမာအားဖြင့် အမေရိကန်သမ္မတဟောင်း ဘားရက် အိုဘားမား (Barrack Obama) လက်ထက်က ဒရုန်းများ အသုံးပြု သည့် စစ်ဆင်ရေးများတွင် အရပ်သားများ ထိခိုက်သေဆုံးမှုများရှိခဲ့သော်လည်း အနောက်နိုင်ငံများ၌ ထိုစစ်ဆင် ရေးများနှင့်ပတ်သက်ပြီး အမွှမ်းတင် ဖော်ပြခဲ့ကြသည်။

မိုဒီနဲ့မီဒီယာတွေကိုတွေ့ရစဉ်

ပါကစ္စတန်တွင် အိုဘားမား အစိုးရအဖွဲ့၏ ဒရုန်းစစ်ဆင်ရေးများကြောင့် အရပ်သား သေဆုံးမှုများ မြင့်တက်ခဲ့ပြီး ထိုဖြစ်စဉ်များကို အနည်းငယ်သာ ဖော်ပြခဲ့ကြသည်။

ထို့ပြင် အနောက်နိုင်ငံများမှ အစိုးရများသည် ၎င်းတို့၏ ပြည်တွင်းတွင် အစိုးရ အတိုက်အခံများနှင့် ဆန္ဒပြမှုများကို ပြင်းထန်စွာ တုန့်ပြန်ကိုင်တွယ်ခဲ့သည်။ 

သို့သော် အိန္ဒိယ အပါအဝင် အခြားနိုင်ငံများတွင် ထိုကဲ့သို့ အစိုးရ အတိုက်အခံများနှင့် ဆန္ဒပြမှုများကို ပြင်းထန်စွာ တုန့်ပြန်ကိုင်တွယ်မည်ဆိုပါက အနောက်အုပ်စုသည် ဝေဖန်ရှုတ်ချလေ့ ရှိကြောင်းလည်း လေ့လာစောင့်ကြည့် သူများက ပြောကြားခဲ့သည်။

Source: Khalsa Vox