CNI International News

နယူးဒေလီ၊ ဇွန်လ ၇

အိန္ဒိယနိုင်ငံတွင် ပြုလုပ်သည့် ရွေးကောက်ပွဲကာလအတွင်း ဝန်ကြီးချုပ် မိုဒီ (Narendra Modi) နှင့် ၎င်း၏ အင်အားကြီးမားသည့် ဟိန္ဒူအမျိုးသားရေး(BJP)ပါတီတို့က သောင်ပြိုကမ်းပြို အနိုင်ရရှိလိမ့်မည်ဟု ယူဆချက် များ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည့်တိုင် အတိုက်အခံများသည် မထင်မှတ်ထားသော မဲရလဒ်များကို ရရှိခဲ့ သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ရွေးကောက်ပွဲတွင် အပြတ်အသတ် ရှုံးနိမ့်လိမ့်မည်ဟု ထင်ကြေးပေးခံခဲ့ရသည့် အတိုက်အခံ အင်အားစုသည် ရွေးကောက်ပွဲမဲရလဒ်များ ထွက်ရှိချိန်၌ မိုဒီနှင့် ၎င်း၏ BJP ပါတီကို လွှတ်တော်တွင် နေရာအများစု မရရှိစေရန် စွမ်းဆောင်နိုင်ခဲ့သည်။

ထို့နောက် မိုဒီသည် အာဏာကို ဆက်လက်ကိုင်ဆွဲရန် ပထမဆုံးအကြိမ်အဖြစ် မဟာမိတ်များ၏ အကူအညီအား ရယူခဲ့ရသည်။

ထို့ကြောင့် ဆယ်စုနှစ်တစ်စုကြာ လွှတ်တော်နေရာ အများစုကို သိမ်းပိုက်နိုင်ခဲ့သည့် မိုဒီ၏ BJP ပါတီသည် ယခုအခါတွင် နေရာအများစုအား ရရှိရန်အတွက် မဟာမိတ်ပါတီများနှင့် ပူးပေါင်းရမည်ဖြစ်သဖြင့် မိုဒီ၏ အုပ်ချုပ်မှုပုံစံ၌ သိသာသည့် အပြောင်းအလဲတစ်ခု ဖြစ်လာဖွယ်ရှိသည်။

မိုဒီကို တွေ့ရစဉ်

ဇွန်လ ၆ ရက်က ထုတ်ပြန်သည့် ရွေးကောက်ပွဲရလဒ်များတွင် အဓိက အတိုက်အခံပါတီဖြစ်သော ကွန်ဂရက်ပါတီ နှင့် ၎င်း၏ မဟာမိတ်ပါတီများသည် ထင်ကြေးပေးမှုများကို ဖီဆန်ပြီး နေရာ ၅၄၃ နေရာရှိသည့် လွှတ်တော်တွင် ၂၃၂ နေရာအထိ ရရှိခဲ့သည်။

ထိုပမာဏသည် နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ရရှိခဲ့သည့် နေရာအရေအတွက်ထက် နှစ်ဆခန့် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

“အတိုက်အခံတွေဟာ မိုးထဲလေထဲမှာ ရုန်းကန်နိုင်စွမ်းရှိမှုနဲ့ ခိုင်မာမှုရှိတဲ့ ခံယူချက်တွေကို ပြသလိုက်တာ ဖြစ်ပါ တယ်။ ဒါဟာ အိန္ဒိယရဲ့ ဒီမိုကရေစီကို ကယ်တယ်ခဲ့တာလို့ ပြောလို့ရပြီး မိုဒီ အနေနဲ့ လွယ်လွယ် အနိုင်မရဘဲ စိန်ခေါ်ခံနေရတုန်းပဲဆိုတာကို ပြသရာ ရောက်ပါတယ်”ဟု ဂျာနယ်လစ်တစ်ဦးဖြစ်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ရာရှစ် ကစ်ဝါအီ (Rasheed Kidwai) က ပြောကြားခဲ့သည်။

INDIA ဟု အမည်ပေးထားသည့် အတိုက်အခံပါတီ ၂၀ ကျော် ပါဝင်သည့် မဟာမိတ်အဖွဲ့ကို ပြီးခဲ့သည့်နှစ်က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ 

ထိုအတိုက်အခံ အုပ်စုက မိုဒီသည် အိန္ဒိယ၏ ဒီမိုကရေစီအင်စတီကျူရှင်းများကို တင်းကျပ်ပြီး ဟိန္ဒူအမျိုးသားရေး ဝါဒကို မြှင့်တင်နေသည်ဟု ယူဆထားကြသည်။

“ဒီရွေးကောက်ပွဲဟာ မိုဒီနဲ့ INDIA အဖွဲ့ရဲ့ အားပြိုင်မှု၊ မိုဒီရဲ့ အတွေးအခေါ်နဲ့ INDIA အဖွဲ့ရဲ့ အားပြိုင်မှုဖြစ်ပါတယ်” ဟု ကွန်ဂရက်ပါတီ အတိုက်အခံ ခေါင်းဆောင်ဖြစ်သည့် ရာဟူး ဂန္ဓီ (Rahul Gandhi) က ပြောကြားခဲ့သည်။

 အိန္ဒိယ၏ အတိုက်အခံ ကွန်ဂရက်ပါတီ ခေါင်းဆောင်များကို တွေ့ရစဉ်

ဂန္ဓီသည် အိန္ဒိယ၏ နေရူး-ဂန္ဓီ နိုင်ငံရေးမျိုးဆက် (Nehru-Gandhi) ကို ဆက်ခံသူဖြစ်ပြီး မိုဒီ၏ လှောင်ပြောင်မှုကို ကာလကြာရှည်ခံခဲ့ရသူဖြစ်သည်။

မိုဒီက ဂန္ဓီနှင့် ၎င်း၏ ပါတီသည် ၎င်းတို့၏ နိုင်ငံရေးမျိုးဆက်များ၏ သမိုင်းအစဉ်အလာများဖြင့် အမြတ်ထုတ် နေသူများဖြစ်သည်ဟု ယူဆခဲ့သည်။

ဂန္ဓီ၏ ဖခင်၊ အဖွားနှင့် အဘေးသည် အိန္ဒိယဝန်ကြီးချုပ်များဖြစ်သည်။ ဂန္ဓီ၏ လက်ထက်ဖြစ်သည့် ၂၀၁၉ ရွေးကောက်ပွဲတွင် ကွန်ဂရက်ပါတီသည် နေရာ ၅၂ နေရာသာ ရရှိခဲ့သည်။

ထိုအချိန်က မိုဒီ၏ ပါတီသည် သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။

Source: အေပီ