CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်လွင်မြို့အတွင်းသို့ တော်လှန်ရေး အင်အားစုများက ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ သံဃာ ၂ ပါး ပျံလွန်တော်မူခဲ့သလို ပြည်သူ ၂ ဦးလည်း သေဆုံးခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၄ ရက်နေ့ သင်္ကြန် အကျနေ့ ညပိုင်းက တော်လှန်ရေးအင်အားစုများက ပြင်ဦးလွင်မြို့ အနောက်ဘက်မှ ပြင်ဦးလွင်မြို့အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အဆိုပါ ၁၀၇ မမ ရှော့တိုက်ဒုံးများသည် ပြည်သူ့ဆေးရုံရှိ အရိုးကုသဆောင်၊ အောင်မြေဇေယျာဘုန်းကြီး ကျောင်း၊ Luxury Hotel၊ ရပ်ကွက်ကြီး(၅)၊ ဗလမင်းထင်ရပ်ကွက်နှင့် စံပါယ်ရပ်ကွက်များအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့သည်။

ထို့နောက် အောင်မြေဇေယျာဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေထိုင်သည့် သံဃာ ၁ ပါးနှင့် ဒုလ္လဘ ရဟန်း ၁ ပါးတို့ ပျံလွန်တော်မူခဲ့သလို အရပ်သား ၂ ဦး သေဆုံးပြီး ကလေးငယ် အပါအဝင် လူနာနှင့် ဆေးရုံ ဝန်ထမ်း ၁၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု နစကဘက်က သတင်းထုတ်ပြန်ခဲ့သည်။

အလားတူ သင်္ကြန် အကျနေ့ (ဧပြီ ၁၄ ရက်)က မန္တလေးမြို့ရှိ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ် အနောက်ဘက် ဆိုင်ကယ်ရပ်နားဆောင်တွင် လက်လုပ်မိုင်း ၂ လုံးပေါက်ကွဲခဲ့ပြီး ကလေးငယ် ၅ ဦး အပါအဝင် ဒေသခံ အရပ် သား ၁၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သေးသည်။