ဘဂ္ဂဒက်၊ နိုဝင်ဘာ ၈

နေအိမ်၌ ရှိနေသော အီရတ်ဝန်ကြီးချုပ်ကို နိုဝင်ဘာ ၇ ရက်က လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှု မအောင်မြင် သဖြင့် ပြည်တွင်း၌ တင်းမာမှုများ တိုးလာခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ပြီးခဲ့သည့်လက ကျင်းပခဲ့သော လွှတ်တော်ရွေးကောက်ပွဲတွင် အီရန်ကျောထောက်နောက်ခံပေးထားသည့် ပြည်သူ့စစ်အုပ်စုများ အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။

ဘဂ္ဂဒက်မြို့ကောင်းကင်ယံတွင် ရဟတ်ယာဉ်များ တနေကုန်လှည့်လည်ပျံသန်းနေပြီး လက်နက်ကိုင် တပ်ဖွဲ့ဝင် အချို့ဘဂ္ဂဒက်မြို့နှင့် အစိမ်းရောင်ဇုန် (Green Zone) အနီး ယခင်ညများက တိုက်ပွဲဖြစ်ခဲ့သောနေရာတဝိုက် ကင်းလှည့်နေခဲ့သည်။

အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်များကို ထောက်ခံသူများသည် မဲရလဒ်များကို ပြန်လည်ရေတွက်ရန် အစိမ်းရောင်ဇုန်အပြင်ဘက်တွင် သပိတ်စခန်းဖွင့်၍ တောင်းဆိုမှုများ ရှိနေသည်။ နိုဝင်ဘာ ၅ ရက်က လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားစဉ် သေဆုံးခဲ့သူတစ်ဦး၏ ဈာပနဒုတိယနေ့၌ ၎င်း ပြည်သူ့စစ်ခေါင်း ဆောင်များ တွေ့ဆုံစုဝေးခဲ့ကြသည်။ အဆိုပါရုန်းရင်းဆန်ခတ်မှုအတွက် ၎င်းတို့က ဝန်ကြီးချုပ်ကို ပြစ်တင် ရှုတ်ချခဲ့ကြသည်။

ဝန်ကြီးချုပ်သည် ၎င်း၏နေအိမ်၌ မောင်းသူမဲ့လေယာဉ်(ဒရုန်း)ဖြင့် တိုက်ခိုက်ခံရပြီး မရှေးမနှောင်းမှာပင် ရုပ်သံလိုင်းမှတဆင့် မိန့်ခွန်းပြောကြားခဲ့ရာ အဖြူရောင်ရှပ်အင်္ကျီဝတ်ဆင်လျက် စားပွဲခုံနောက် ထိုင်နေပြီး ၎င်း၏ဘယ်ဘက်လက်ကောက်ဝတ်တွင် ပတ်တီးစည်းထားပုံရကြောင်း အေပီသတင်းက ဆက်လက်ဖော်ပြသည်။ ဝန်ကြီးချုပ် အယ်လ်ကာဒီမီက အေးဆေးတည်ငြိမ်စွာဖြင့် တွေ့ဆုံဆွေးနွေးကြရန် ၎င်းမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။

အဆိုပါ ဒရုန်းနှစ်စင်းတိုက်ခိုက်မှုကြောင့် ဝန်ကြီးချုပ်၏လုံခြုံရေးအစောင့်အရှောက် ၇ ဦး ဒဏ်ရာရခဲ့ကြောင်း အီရတ်အစိုးရအရာရှိနှစ်ဦးက ထုတ်ဖော်ပြောကြားခဲ့သည်။

ကမ္ဘာ့ခေါင်းဆောင်များက အယ်လ်ကာဒီမီကို ထောက်ခံသည့်စကားလုံးများဖြင့်သုံးနှုန်းလျက် ယင်းသို့ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းအပေါ် ကန့်ကွက်ရှုတ်ချခဲ့ကြသည်။ ထိုခေါင်းဆောင်များထဲတွင် ပြင်သစ်သမ္မတ အီမန်နွယ်မက် ခရွန်၊ ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ (၂) နှင့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တို့လည်း ပါဝင်သည်။ ဆော်ဒီ အာရေဗျနိုင်ငံက အဆိုပါတိုက်ခိုက်မှုသည် အကြမ်းဖက်ဝါဒကို ထင်သာမြင်သာရှိစေသော လုပ်ရပ်ဟု မှတ်ချက် ချခဲ့သည်။ အီဂျစ်သမ္မတ အဒဲဖာတယ်အယ်စီစီက ဖေ့စ်ဘွတ်လူမှုကွန်ရက်ပေါ်နေမှနေ၍ “အီရတ်ရှိ အစိတ် အပိုင်းများအားလုံး နိုင်ငံတည်ငြိမ်မှုအတွက် ပူးပေါင်းကြရန်” တိုက်တွန်းခဲ့သည်။

ယင်းတိုက်ခိုက်မှုအပေါ် အမေရိကန်အနေဖြင့် ရှုတ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့ပြင် အီရတ်နှင့်အမေရိကန်တို့ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာကြောင်း ပြသရန် ဝန်ကြီးချုပ် အယ်လ်ကာဒီမီနှင့် နိုဝင်ဘာ ၇ ရက်က ဆက်သွယ်ဆွေးနွေးခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ နက်ပရင့်စ်က ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားခဲ့သည့် နိုဝင်ဘာ ၇ ရက်၌ပင် အယ်လ်ကာဒီမီသည် အီရတ်သမ္မတ ဘာဟန်စလစ်နှင့် တွေ့ဆုံခဲ့ပြီး လုံခြုံရေးနှင့်ဝန်ကြီးအဖွဲ့အစည်းအဝေးများ၌ ဦးဆောင်ဆွေးနွေးခဲ့သည်။

စောင့်ကြည့်ကင်မရာများမှ ရရှိသောဗီဒီယိုမှတ်တမ်းဖိုင်တစ်ခုတွင် ၎င်း၏နေအိမ်အပြင်ဘက်တွင် ရပ်ထားသော ဗင်ကားတစ်စီး ဆိုးရွားစွာပျက်စီးသွားပုံ၊ လှေကားအပျက်အစီးနှင့် လသာဆောင်မျက်နှာကြက်နှင့်အိမ်နံရံများ၌ အက်ကွဲကြောင်းများ၊ အဆောက်အဦးခေါင်မိုးအစိတ်အပိုင်းများ ကျိုးကျသွားပုံများကို တွေ့ရှိရသည်။