မနာဂွာ၊နိုဝင်ဘာ ၈

အလယ်အမေရိကတွင် တည်ရှိသော နီကာရာဂွာနိုင်ငံ သမ္မတ ဒယ်နီရယ်အော်တေဂါသည် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲတွင် လူသိနည်းသော ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်လျက် ၎င်း၏ စတုတ္ထရာထူး သက်တမ်းအတွက် ကြိုးပမ်းခဲ့ကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။ ဒယ်နီရယ်အော်တေဂါသည် ၎င်းအပေါ် အမှန်တကယ်စိန်ခေါ်လျက် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နိုင်ငံရေးသမားများကိုမူ ထောင်ထဲသို့ ပို့ထား ခဲ့သည်။

နီကာရာဂွာနိုင်ငံအနှံ့အပြားရှိ မဲရုံပေါင်း ၁၃,၀၀၀(တစ်သောင်းသုံးထောင်)ကျော်တွင် တန်းစီလျက် ရှည်လျားစွာ စောင့်ဆိုင်း၍ မဲပေးရခြင်းမျိုး မကြုံခဲ့ရကြောင်း မဲဆန္ဒရှင်များက မှတ်ချက်ချကြသည်။ မဲပေးမှု အနေအထားများ အကြောင်း သတင်းထုတ်ပြန်ခြင်းမရှိဘဲ နိုဝင်ဘာ ၇ ရက် ညနေပိုင်းတွင် မဲရုံများ အသီးသီးပိတ်သွားခဲ့သည်။

သို့သော် နီကာရာဂွာရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုမရှိကြောင်း၊ သေချာပေါက် ဒီမိုကရေစီ နည်းလမ်းမကျကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

လက်ရှိသမ္မတအနေဖြင့် မဲအသာစီး ရသွားသည်မှာ အမှန်ပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအကြိုကာလတွင် နိုင်ငံတဝန်းရှိ နိုင်ငံရေးခေါင်းဆောင်အချို့နှင့်တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးမှု ပိုများခဲ့ကြောင်း အတိုက်အခံ များက ရှုတ်ချခဲ့ကြသည်။

တချိန်တည်းမှာပင် ၎င်းတို့၏ရွေးကောက်ပွဲကို အမေရိကန်အနေဖြင့် ဝင်ရောက်စွက်ဖက်နေသည်ဟု သမ္မတ အော်တေဂါက တုံ့ပြန်စွပ်စွဲခဲ့သည်။

ပြည်ပနိုင်ငံများအနေဖြင့် ယုံကြည်လက်ခံနိုင်ဖွယ်မရှိဟု ဝိုင်းဝန်းသုံးသပ်နေကြသည့် နီကာရာဂွာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ကန့်ကွက်သည့်အနေဖြင့် နီကာရာဂွာပြည်သူများ မဲမပေးကြဘဲ နေအိမ်များတွင်သာ နေထိုင်ကြရန် အတိုက်အခံများက လှုံ့ဆော်ခဲ့ကြသည်။

ယခုရွေးကောက်ပွဲသည် လာမည့်ငါးနှစ်သက်တမ်းအတွက် သမ္မတရာထူး ရရှိမည့်သူကို အဆုံးအဖြတ်ပေးမည် ဖြစ်ပြီး လွှတ်တော်အမတ်နေရာများကိုလည်း ရွေးချယ်သွားမည်ဖြစ်သည်။ နီကာရာဂွာနိုင်ငံတွင် အသက် ၁၆ နှင့်အထက်ရှိသူ လူဦးရေ ၄ ဒသမ ၄ သန်းကျော်တို့ မဲပေးပိုင်ခွင့် ရှိကြသည်။

လက်ရှိအနေအထားတွင် သမ္မတ အော်တေဂါ၏ ဆန်ဒီနီစတာတပ်ဦးနှင့် ၎င်း၏မဟာမိတ်များက လွှတ်တော် (ကွန်ဂရက်)နှင့် အစိုးရအဖွဲ့အားလုံးကို လွှမ်းမိုးချုပ်ကိုင်ထားသည်။ အော်တေဂါသည် ၁၉၈၅ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ သမ္မတအဖြစ် ပထမဆုံး စတင်ထမ်းဆောင်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် တဖန်အာဏာရလာခဲ့ပြန်သည်။ မကြာသေးမီကပင် ၎င်း၏ဇနီး ဒုတိယသမ္မတ ရိုစာရီယိုမူရယ်လိုကို “ပူးတွဲသမ္မတ” ဟု အော်တေဂါက ကြေညာ ခဲ့သည်။

ပြီးခဲ့သည့်ဇွန်လတွင် ရဲတပ်ဖွဲ့က နိုင်ငံတော်သစ္စာဖောက်မှုစွပ်စွဲချက်ဖြင့် အလားအလာကောင်းသည့် သမ္မတ လောင်းဖြစ်နိုင်ခြေရှိသူ ၇ ဦးကို ဖမ်းဆီးထားခဲ့ရာ ယခုရွေးကောက်ပွဲနေ့အထိ ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်သည်။ အခြားအတိုက်အခံခေါင်းဆောင် ၂၀ ကျော်ကိုလည်း ရွေးကောက်ပွဲမတိုင်မီက ၎င်းတို့လှုပ်ရှားမှုများ အဟန့် အတားပြုလုပ်ထားခဲ့သည်။

နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူများမှာ အော်တေဂါ၏ ဆန်ဒီနီစတာတပ်ဦးနှင့် နီးစပ်သည် ဟု ယူဆရသော ပါတီငယ်များမှ လူသိနည်းသော နိုင်ငံရေးသမားများသာ ဖြစ်ကြသည်။