CNI International News

တိုင်ပေ၊ ဧပြီ ၁၀

တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေရာမှ ထိုင်ဝမ်ကို တကယ်တိုက်ခိုက်လာမည့် စိတ်မှန်းဖြစ်နိုင်ခြေအား သရုပ်ဖော်ပြီး ပင်လယ်အတွင်း အန္တရာယ်ရှိသည့် နေရာများ၌  စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုင်ဝမ်ကို ၎င်း၏နယ်နိမိတ်အဖြစ် သတ်မှတ်ထားသည့် တရုတ်သည် ပြီးခဲ့သည့် ၄ နှစ်အတွင်း ထိုင်ဝမ်ကျွန်း အနီးတွင် စစ်ရေးလေ့ကျင့်မှုများကို မကြာခဏပြုလုပ်ခဲ့ကာ ထိုင်ဝမ်အပေါ် စစ်ရေးဖိအားများ တိုးမြှင့်ခဲ့သည်။ 

ထိုင်ဝမ်သည် နှစ်စဉ်ပြုလုပ်နေကျ Han Kuang (ဟန်ကောင်)စစ်ရေးလေ့ကျင့်မှုများကို ယခုလအတွင်း စတင်ခဲ့ သည်။

ထိုင်ဝမ်ကာကွယ်ရေး၀န်ကြီးကို တွေ့ရစဉ်

ပြီးခဲ့သည့်နှစ် ဇူလိုင်လက ပြုလုပ်ခဲ့သည့် အမှန်တကယ် ဖြစ်ပွားနေသော တိုက်ပွဲပုံစံ စစ်ရေးလေ့ကျင့်မှုကဲ့သို့ စိတ်မှန်းဖြစ်နိုင်ခြေများကို ထည့်သွင်း၍ စစ်ရေးလေ့ကျင့်မှုကို ၈ ရက်တိတိ ပြုလုပ်မည်ဖြစ်သည်။

တရုတ်၏ ပိတ်ဆို့မှုကို ခံရချိန်တွင် ထိုင်ဝမ်၏ မတူညီသည့် လက်နက်ကိုင်တပ်ဖွဲ့များ မည်ကဲ့သို့ ပူးပေါင်း တုန့်ပြန်သွားမည် ဆိုခြင်းကိုလည်း အာရုံစိုက် လုပ်ဆောင်မည်ဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဟန်ချီရှင်း (Tung Chih-hsing) က ပြောကြားခဲ့သည်။

ထိုစစ်ရေး လေ့ကျင့်မှုများကို ရေတပ်၊ လေတပ်နှင့် ကမ်းခြေစောင့်တပ်တို့ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး ကမ်းရိုးတန်းဒေသတွင် တပ်ဆင်ထားသည့် သင်္ဘောဖျက်လက်နက်များနှင့် ဒရုန်းများကလည်း ပါဝင် အားဖြည့် သွားမည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် ရေတပ်၊ လေတပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောများသည် ပင်လယ်ပြင်နှင့် လေကြောင်း ပျံသန်းမှု လမ်းကြောင်းများကို ပြင်ပကမ္ဘာနှင့်ဆက်လက် ထိတွေ့ပြီး လမ်းကြောင်းများ ဆက်ပွင့်နေစေရန် ကင်းလှည့် စောင့်ကြပ်မှု စစ်ဆင်ရေးများကိုလည်း လုပ်ဆောင်သွားမည်ဟု ဟန်က ပြောကြားခဲ့သည်။

ဒုံးကျည်ပစ်ခတ်နေစဉ်

ပြီးခဲ့သည့်နှစ် ဧပြီလကလည်း ထိုင်ဝမ်ကျွန်းအနီးတွင် ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှု တစ်ခု၌ တရုတ်သည် ထိုင်ဝမ်ကျွန်းကို ပိတ်ဆို့ပြီး ပစ်မှတ်များအား တိကျစွာထိမှန်စေရန် လေ့ကျင့်သည့် စစ်ရေးလေ့ကျင့်မှုများ ပါဝင်ခဲ့သည်။

၂၀၂၂ ခုနှစ်က ယူကရိန်းကို ရုရှား ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးကတည်းက ထိုင်ဝမ်သည် ထိုဖြစ်စဉ်ကို သင်ခန်းစာ ယူပြီး ယူကရိန်းထက် အင်အားကြီးမားသည့် ရုရှားတပ်ဖွဲ့များအား ခုခံတိုက်ခိုက်နေသည့် အခြေအနေအား ထိုင်ဝမ်က လေ့လာခဲ့၍ စစ်ရေးလေ့ကျင့်မှုများ ပုံစံပြောင်းခဲ့သည်။

ယခုနှစ်တွင် ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုများတွင်လည်း ဂါဇာ၌ ဖြစ်ပွားနေသည့် စစ်ပွဲကို သင်ခန်းစာယူပြီး စစ်ရေးလေ့ကျင့်မှုပုံစံအသစ်များ ထည့်သွင်းသွားမည်ဟု ဟန်က ပြောကြားခဲ့သည်။

Source: ရိုက်တာ