CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၉

လျှင်မြန်စွာ ပြောင်းလဲနေသော မြန်မာ့နိုင်ငံရေး အခြေအနေကြောင့် ထိုင်းအစိုးရသည် အရေးပေါ် အစည်းအဝေး တစ်ရပ်ကို ၂၀၂၄ ခုနှစ်၊ ဧပြီ ၉ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ပြီး အလုပ်ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆရီသာက ပြောသည်။

အဆိုပါ အလုပ်ကော်မတီသည် နယ်စပ်ကုန်သွယ်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး အပါအဝင် မြန်မာ့အရေးကိစ္စ အားလုံးကို စောင့်ကြည့်ရန်ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် ဆရီသာသည် အရေးပေါ် အစည်းအဝေး ကျင်းပနေခြင်းနှင့် အလုပ်ကော်မတီတစ်ရပ် ဖွဲ့စည်း လိုက်ကြောင်းကို သူ၏ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကနေ သတင်းထုတ်ပြန်ခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ဆရီသာက “ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများသည် ထိုင်းနိုင်ငံအတွက် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ နှစ်နိုင်ငံ ပြည်သူများ အကျိုးစီးပွားအတွက် ထိုင်းနိုင်ငံက မူဝါဒချမှတ် အလုပ်လုပ်နေကြောင်း။ ယနေ့ နံနက်ပိုင်းတွင် အရေးပေါ် အစည်းအဝေး ခေါ်ယူ၍ ထိုင်း- မြန်မာ နယ်စပ်အရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း” ထုတ်ပြန် ပြောကြားခဲ့သည်။

ထို့နောက် ထိုင်းနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားမှုအတွက် ပံ့ပိုးလျှက်ရှိကြောင်း၊ နယ်စပ်ကုန် သွယ်ရေး  အပါအဝင် မြန်မာနိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးအတွက် နယ်ပယ် ပေါင်းစုံနှင့် လက်တွဲ အလုပ် လုပ်ရန် အဆင်သင့်ဖြစ်နေကြောင်း၊ ဖြစ်ပေါ်နေသော အခြေအနေများကြောင့် နယ်စပ် ကုန်သွယ်ရေး အပါအဝင် ဖြစ်ပေါ်လာနိုင်သော သက်ရောက်မှုများကိုလည်း လေ့လာစောင့်ကြည့်နေကြောင်း ၎င်းက ပြောသည်။

၂၀၂၄ ခုနှစ်၊ ဧပြီ ၉ ရက်နေ့က ထိုင်းအစိုးရ မြန်မာ့အရေးအတွက် အရေးပေါ် အစည်းအဝေး ကျင်းပနေစဉ်

လက်ရှိ မြန်မာနိုင်ငံ၏ ထိုင်းနယ်စပ်ရှိ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်များတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားလျက်ရှိနေသည်။

အဆိုပါ တိုက်ပွဲများကြောင့် တရားဝင် နယ်စပ်ကုန်သွယ်ရေးများ ရပ်တန့်နေပြီး ထိုင်းအစိုးရဘက်မှ နေ့စဉ် ဘတ် သန်းနှင့်ချီ ကုန်သွယ်မှုများ ဆုံးရှုံးနေသလို ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်လာနေသော ဒုက္ခ သည်များကို ကယ်ဆယ်နေရသည်။

အလားတူ ထိုင်းနိုင်ငံဘက်သို့ တရားမဝင်နှင့် တရားဝင် ရောက်ရှိလာသော မြန်မာနိုင်ငံသား ရွှေ့ပြောင်း လုပ်သားများအရေးကိုလည်း ဖြေရှင်းနေရသည်။

လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးက သင်္ဃန်းညီနောင်တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွား နေပြီး မြဝတီမြို့၏ လုံခြုံရေးလည်း စိုးရိမ်နေကြရသည်။

မြန်မာ့အရေးကို ကြားဝင်ဖြေရှင်းပေးရန်အတွက် ထိုင်းအစိုးရကို တရုတ်၊ အိန္ဒိယ၊ အမေရိကန်တို့က တောင်းဆို လျက်ရှိနေကြောင်း သိရသည်။