CNI International News

ကိယက်ဗ်၊ ဒီဇင်ဘာ ၁၁

လာမည့်နှစ်အတွင်း သိမ်းပိုက်ခံ ယူကရိန်းနယ်မြေများတွင် ရုရှားသမ္မတ ရွေးကောက်ပွဲအတွက် မဲရုံများပြုလုပ်ပြီး မဲပေးမှုများ ပြုလုပ်လိုသည့် ရုရှား၏ ရည်ရွယ်ချက်ကို ယူကရိန်းက ရှုတ်ချခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

သိမ်းပိုက်ခံ ယူကရိန်း၏ ဒေသများတွင် မဲပေးမှုများ ပြုလုပ်မည့် အစီအစဉ်သည် တရားဝင်မှု ရှိလိမ့်မည် မဟုတ် ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အဆိုပါ ရုရှားရွေးကောက်ပွဲများကို စောင့်ကြည့်လေ့လာရန် နိုင်ငံတကာ၏ လေ့လာစောင့်ကြည့်သူများ စေလွှတ်မှု သည် ရာဇဝတ်မှုဆိုင်ရာ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

"နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ သိမ်းပိုက်ခံထားရတဲ့ ယူကရိန်းနယ်မြေတွေမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ တွေကို ပြတ်ပြတ်သားသား ရှုတ်ချကြဖို့ ကျနော်တို့ တိုက်တွန်းပါတယ်။ ပြီးတော့ အဲဒီရွေးကောက်ပွဲမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေကို ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ တိုက်တွန်းပါတယ်" ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ရုရှားသမ္မတ ပူတင်ကိုတွေ့ရစဉ်

ရုရှားနိုင်ငံ၏ လွှတ်တော်အမတ်များသည် ၂၀၂၄ သမ္မတရွေးကောက်ပွဲကို မတ်လ ၁၇ ရက်တွင် ကျင်းပရန် ဒီဇင်ဘာ ၇ ရက်က အတည်ပြုခဲ့သည်။ 

ဒီဇင်ဘာ ၈ ရက်တွင်မူ ရုရှားသမ္မတ ဗလာဒီမာပူတင်က ရွေးကောက်ပွဲကို နောက်တစ်ကြိမ် ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့ကြောင့် ပူတင်သည် ၆ နှစ်သက်တမ်းရှိသည့် နောက်ထပ် သမ္မတသက်တမ်း ကို  ထပ်မံအနိုင်ရရှိလိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆခံထားရသည်။

ရုရှားအာဏာပိုင်များသည် ၎င်းတို့ သိမ်းပိုက်ထားသည့် ယူကရိန်း၏ ဒွန်နက်စ် (Donetsk) ၊ လူဟန့်စ် (Luhansk) ၊ ဇာပိုရီရှား (Zapoizhzhia) နှင့် ခါဆွန်(Kherson) ဒေသများတွင် ရွေးကောက်ပွဲများ ပြုလုပ်ရန် သင့်/မသင့် စဉ်းစား လျက်ရှိသည်။

ပူတင်သည် အဆိုပါဒေသများတွင် မာရှယ်လော ထုတ်ပြန်ထားပြီး ရုရှား လွှတ်တော်အမတ်များကမူ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် စည်းမျဉ်းစည်းကမ်းများ ပြဋ္ဌာန်းခဲ့သည်။

ရုရှား သမ္မတရွေးကောက်ပွဲ မဲဆွယ်မှုများကိုတွေ့ရစဉ်

ရုရှားသည် စက်တင်ဘာလ အတွင်းကလည်း အဆိုပါဒေသများတွင် ၎င်းတို့ခန့်အပ်ခဲ့သည့် ဥပဒေပြုအာဏာပိုင် အဖွဲ့များအတွက် ရွေးကောက်ပွဲများ ပြုလုပ်ခဲ့ပြီး ယူကရိန်းနှင့် အနောက်မဟာမိတ်နိုင်ငံများကမူ ထိုရွေးကောက်ပွဲ ကို အတုအယောင်ဖြစ်ကြောင်း ဝေဖန်ရှုတ်ချခဲ့သည်။

သိမ်းပိုက်ထားသည့် ယူကရိန်းနယ်မြေများပေါ်တွင် ရုရှားသမ္မတ ရွေးကောက်ပွဲအတွက် မဲရုံများဖွင့်လှစ်ပြီး မဲပေးမည့် အစီအစဉ်အပေါ် ရွေးကောက်ပွဲအာဏာပိုင်များ၊ ယူကရိန်းရှိ ရုရှားက ခန့်အပ်ထားသည့် ဒေသ အုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးတပ်ဖွဲ့များနှင့် ရုရှားစစ်တပ်တို့က အတူပူးပေါင်းပြီး ဆုံးဖြတ်ချက် ချမှတ်သွားမည် ဟု ရုရှား၏ ဗဟိုရွေးကောက်ပွဲ ကော်မရှင်အကြီးအကဲ အယ်လာ ပမ်ဖီလိုဗာ (Ella Pamfilova) က ပြောကြား ခဲ့သည်။

Source: အေပီ