CNI International News

တိုကျို၊ နိုဝင်ဘာ ၈

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) သည် အစ္စရေး-ဟားမာ့စ် စစ်ပွဲနှင့် ပတ်သက်ပြီး စက်မှုထိပ်သီး ၇ နိုင်ငံ (G-7) အဖွဲ့ဝင်များအကြား စည်းလုံးညီညွတ်မှုရှိစေရန် ကြိုးပမ်းနေကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ဘလင်ကင်သည် အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း အစ္စရေး-ဟားမာ့စ် ပဋိပက္ခအပေါ် သံတမန်ရေးအရ အားကြိုးမာန်တက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာ ၇ ရက်တွင် ဂျပန်နိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ဂျပန်တွင် G-7 မဟာမိတ် ခေါင်းဆောင်များနှင့် ၂ ရက်ကြာ ဆွေးနွေးမှုများ ပြုလုပ်နေချိန်၌ ဘလင်ကင်က ရုရှား-ယူကရိန်းစစ်ပွဲနှင့် ဂါဇာတွင်ဖြစ်ပွားနေသည့် စစ်ပွဲကို တားဆီးရေးမှာ စည်းလုံးညီညွတ်မှုရှိရန် အလွန်အရေးကြီး ကြောင်း ပြောကြားခဲ့သည်။ 

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကာမီကာဝါနဲ့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်ကို တွေ့ရစဉ်

"ဒီပဋိပက္ခတွေကို အတူတကွ ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာ အရင်က ကျနော်တို့ လုပ်ဆောင်ခဲ့သလိုမျိုးပဲ G-7 အဖွဲ့ဝင်တွေအကြား စည်းလုံးညီညွတ်ဖို့ အရမ်းအရေးကြီးပါတယ်" ဟု ဘလင်ကင်က တိုကျိုတွင် ဂျပန်နိုင်ငံခြား ရေးဝန်ကြီး ယိုကို ကာမီကာဝါ (Yoko Kamikawa) နှင့် တွေ့ဆုံခဲ့ပြီးနောက် သတင်းထောက်များကို ပြောကြားခဲ့ သည်။

ဂါဇာဒေသတွင် ဖြစ်ပွားနေသည့် စစ်ပွဲသည် တစ်လခန့် ကြာမြင့်လာချိန်၌ ဟားမာ့စ်အဖွဲ့၏ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုများအပေါ် အစ္စရေး၏ ပြင်းထန်သော တိုက်ခိုက်မှုများကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပြေလျော့စေရန် ကြိုးပမ်းဆောင်ရွက်ရေးသည် G-7 ဆွေးနွေးပွဲများ၏ အဓိကအကြောင်းအရာ တစ်ခု ဖြစ်လာမည်ဖြစ်သည်။

ထို့ပြင် ရုရှား-ယူကရိန်းစစ်ပွဲ၊ တရုတ်၏ မြင့်တက်လာသည့် စစ်ရေးလှုပ်ရှားမှုများနှင့် မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်မှု အလားအလာ အစရှိသည့် အကြောင်းအရာများကိုလည်း ဆွေးနွေးမည်ဖြစ်သည်။

ဘလင်ကင်ကို တွေ့ရစဉ်

ဂျပန်တွင် ဘလင်ကင်သည် ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်နှင့် အီတလီ နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီး များနှင့်တွေ့ဆုံပြီး ဂါဇာစစ်ပွဲကို တားဆီးရန် အခြေခံသဘောထား တစ်ရပ်အား ရှာဖွေသွားမည်ဖြစ်သည်။ 

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကာမီကာဝါကမူ အစ္စရေးအပေါ် ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုကို ဂျပန်က ရှုတ်ချ ကြောင်း၊ ထိုပဋိပက္ခကို အဖြေရှာရန် ကြိုးပမ်းနေသည့် အမေရိကန်ကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လက်ရှိအချိန်တွင် အမေရိကန်နှင့် ဂျပန်အကြား စည်းလုံးညီညွတ်မှုသည် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် အစ္စရေး-ဟားမာ့စ်စစ်ပွဲနှင့်ပတ်သက်ပြီး G-7 အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်နှင့် အီတလီနိုင်ငံများ၏ မြို့တော်များနှင့် အခြားမြို့များတွင် အစ္စရေးဆန့်ကျင်ရေးနှင့် ပါလက်စတိုင်းထောက်ခံရေး ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိသည်။

Source: အေပီ